spot_img
Saturday, June 10, 2023
spot_imgspot_imgspot_imgspot_img

KPDF အဖွဲ့ကနေ KNDF အဖွဲ့ထဲသို့ တရားဝင်ကူးပြောင်း

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာ စစ်ရေးလှုပ်ရှားလျှက်ရှိနေတဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် Karenni People Defense Force (KPDF) ဟာ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF တပ်ရင်း (၉)ရဲ့ တပ်ခွဲ (၆) အဖြစ် တရားဝင် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ မေလ ၈ ရက်နေ့ရက်စွဲနဲ့ KPDF နှစ်နှစ်ပြည့်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

KPDFကနေ KNDF ထဲ တရားဝင်ကူးပြောင်းလိုက်တဲ့အပေါ် KNDFအတွင်းရေးမှူး (၁) ဒီးဒီ က အခုလိုပြောပါတယ်။

“ တရားဝင်ထုတ်ပြန်လိုက်တော့ရှင်းသွားတာပေါ့ အဲ့အတွက်လည်း ကောင်းတယ်လို့ ပြောချင်တယ်။ နာမည်ကတော့ ဖျက်သိမ်းလိုက်ပေမယ့် တော်လှန်ရေးကတော့ ဖျက်သိမ်းလို့မရဘူးပေါ့နော။ ရှင်းရှင်းလင်းလင်းဖြစ်သွားတယ်။ သူတို့စတည်ထောင်ခဲ့တာလည်း အသိမှတ်ပြုတယ်ပေါ့နော။ KPDFလည်း အသိမှတ်ပြုတယ်။ အခု KNDFအနေနဲ့လည်း ပိုပြီးတော့မှ နာမည်တစ်ခုတည်း ရှင်းရှင်းလင်းလင်းနဲ့ ဆက်လက်တိုက်ပွဲဝင်မယ်ဆို ပိုကောင်းတာပေါ့။ ဒီလိုတစ်စုတစ်စည်းတည်း လှုပ်ရှားတိုက်ပွဲဝင်တာလည်း ပိုအားရှိတယ်။ KNDFအတွက်လည်း ပိုအားရှိတယ်။ ကျနော်တို့ကတော့ ဟိုဖွဲ့ ဒီဖွဲ့ထက်ပေါ့နော တစ်စုတစ်စည်းတည်းတိုက်ပွဲဝင်တာ ပိုအားပေးချင်တယ်ပေါ့။ “ လို့ KNDFအတွင်းရေးမှူး (၁) ဒီးဒီက ဆိုပါတယ်။

KPDF အဖွဲ့အမည်ကို ရပ်ဆိုင်းပြီး KNDF အနေနဲ့ တော်လှန်ရေး အာဏာရှင်စနစ် ဆုံးခန်းတိုင်သည်အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်လို့ KPDFက ဆိုပါတယ်။ KPDFကတော့ ၂၀၂၁ခုနှစ် ဩဂုတ်လကတည်းက KNDFနဲ့အတူ စစ်ရေးလှုပ်ရှားတာတွေ ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ တရားဝင်ပူးပေါင်းပြီး စစ်ရေး အမိန့်တစ်ခုအောက်တည်းနဲ့ တော်လှန်ရေးကို ပိုထိရောက်ဖို့အတွက် ဖြစ်တယ်လို့ KPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ စစ်မြေပြင်မှာ သိတဲ့အတိုင်းပဲလေ စစ်ကောင်စီတပ်တွေတောင်မှ Chain of Command တစ်ခုတည်း သူတို့ အမိန့်ဆိုတာကိုပေးတဲ့ အမိန့်ပေးစနစ်က တစ်ခုတည်းနဲ့ သေချာစနစ်တကျသွားနေတဲ့အချိန်မှာ ကျနော်တို့က အဖွဲ့တွေ အများကြီးကွဲထွက်နေခြင်း က ကျနော်တို့အတွက် အားနည်းချက်ဖြစ်လာနိုင်တယ်ပေါ့။ အဲတော့ အကုန်လုံးက တစ်စုတစ်စည်း တည်းနဲ့သွားတာ ပိုကောင်းလိမ့်မယ်။ ပြီးတော့ ကျနော်တို့မှ မဟုတ်ဘူးပေါ့နော။ တခြား အဖွဲ့ငယ်လေးတွေ အကုန်လုံးကလည်း ကျနော်တို့လိုမျိုး စိတ်ရှိနိုင်ရင်တော့ ပိုကောင်းတယ်ပေါ့ဗျ။ ကျနော်တို့တွေ အကုန်လုံး တစ်စုတစ်စည်းတည်းသွားပြီးတော့မှ Chain of Commandတစ်ခုတည်း အလုပ်လုပ်ဆောင်ပုံတစ်ခုတည်းနဲ့ သွားရင်တော့ ကျနော်တို့ အများကြီး ရှေ့တန်းမှာ ရဲဘော်တွေအတွက် ပိုအကျိုးရှိလိမ့်မယ်လို့ ကျနော်တို့ မြင်တယ် အောင်ပွဲတွေလည်း ပိုဆွတ်ခူးနိုင်လိမ့်မယ်လို့မြင်ပါတယ်ဗျ။ “ လို့ KPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

KPDF အမည်နာမကို အသုံးမပြုတော့ပဲ KPDF Facebook Pageကိုလည်း ထောက်ပို့ပေ့ချ် တစ်ခုအဖြစ် ပြောင်းလဲသွားဖို့ စီစဉ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။ ဘက်တံဆိပ်တွေ စစ်ရေးလှုပ်ရှားမှုတွေ အကုန်လုံး KNDF လက်အောက်မှာသာ တည်ရှိတော့မှာ ဖြစ်ပါတယ်။

KPDFဟာ အရင်ကတည်းက KNDF ရဲ့ လမ်းညွန်မှုအောက်မှာ ရှိနေပေမယ့် အခုလို တရားဝင် ကူးပြောင်းတာ ကောင်းသလို တော်လှန်ရေးမှာ အားလုံးပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

” အခုကတော့ သူတို့ KNDF အနေနဲ့ တပ်တပ်မတ်မတ်ရပ်တည်သွားမယ်ဆိုတော့ ပိုပြီးတော့ ကောင်းသွားတာပေါ့။ ကျနော်တို့ အဓိကတော်လှန်ရေးမှာက ဘတ်တံဆိတ်တွေ အလံတွေ ကွဲ ပြားမှုတွေက အရမ်းကြီး အရေးမကြီးဘူး။ တော်လှန်ရေးမှာက အားလုံးပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်ပေါ့နော်။ ဒါပေမယ့် KNDF ရဲ့ တပ်ရင်း တစ်ရင်းအနေနဲ့ ခွဲတစ်ခုအနေနဲ့ တတစ်မတ်တည်း ရပ်တည်သွားမယ်ဆိုတော ပိုကောင်းသွားတာပေါ့ ”

KPDFဟာ လူအင်အား (၁၁)ယောက်နဲ့ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာဆိုရင်တော့ အင်အား (၁၀၀)ခန့်ရှိတယ်လို့ KPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ KPDF ဟာ စတင်တည်ထောင်ချိန်မှစပြီး ယနေ့အချိန်ထိ တိုက်ပွဲပေါင်း (၁၅၀) ကျော်ကို ဆင်နွဲခဲ့သလို တပ်ဖွဲ့ရဲဘော် (၅)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Recent posts