spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

“အသက်တဖွာ၊ ဝမ်းတထွာ ရှင်သန်နေကြရသူများ”

ထွေးရယ် / ကန္တာရဝတီတိုင်း(မ်)

နံနက်မိုးလင်းလာတဲ့အချိန်တိုင်း ဆိုတရှားမြို့နယ်ရှိ စစ်ရှောင်စခန်းတွင်း တနေရာမှာ နေရောင်ခြည်အသစ်နဲ့အတူ အသက်တဖွာ၊ ဝမ်းတထွာ ရှင်သန်နေရသူတွေကို မျက်ဝါးထင်ထင် တွေ့ရပါတယ်။

လမ်းပေါ်က ဆိုင်ကယ်သံများ၊ ကျောင်းပိတ်ရက်တွေဆိုရင် တဲအိမ်တွေနဲ့ မနီးမဝေးက ကလေးတွေရဲ့ ပြေးလွှားဆော့ကစားနေကြတဲ့ အသံတွေ၊ အထူးသဖြင့် ဆယ်နှစ်ဝန်းကျင် ကလေးတွေဟာ တယောက်ပခုံး တယောက်ဖက်ကာ လမ်းပေါ်မှာ သွားလာရင်း သူတို့အိမ်တွေကို အလှည့်ကျ အလည်သွားလေ့ရှိကြပါတယ်။

ဒီမြင်ကွင်းတွေနဲ့အတူ တဲအိမ်လေးတခုထဲမှာ အသက်လေးဆယ်ကျော် အရွယ်ရှိတဲ့ မော်ဦးမြာဟာ ငရုတ်ဆုံနဲ့ လုံးပန်းရိုက်နေပါတယ်။ သူမဟာ ဒီးမော့ဆိုမြို့နယ်ကနေ စစ်ဘေးကြောင့် လာရောက် တိမ်းရှောင်နေရတာ သုံးနှစ်ကျော် ရှိပြီဖြစ်ပါတယ်။

မော်ဦးမြာဟာ ကလေးငယ် ၂ ယောက် နဲ့အတူ အမေအိုကို ဆွဲခေါ်ပြီး ၂၀၂၂ ခုနှစ်ကတည်းက စတင်ပြီး အဆိုပါ စစ်ရှောင်စခန်းကို ရောက်ရှိလာတာပါ။ သူမတို့လိုပဲ ရောက်လာကြတဲ့ မိသားစုတွေမှာ အဲ့ဒီစခန်းမှာ များစွာ ရှိနေပါတယ်။ သူမတို့နေထိုင်တဲ့ စခန်းထဲမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိသလို၊ ဝင်ငွေရနည်းလမ်းတွေ ရနိုင်ဖို့လဲ ခက်ခဲလှပါတယ်။

အချိန်ကာလကြာသည်နှင့်အမျှ စိန်ခေါ်မှုတွေ ပိုမိုများပြားလာတဲ့အခါမှာတော့ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အတွေးအခေါ် လေးတခုကို စဉ်းစားမိရာကနေ မေတ္တာရှင် အဖွဲ့အစည်းတခုရဲ့ ကူညီထောက်ပံ့မှုနဲ့ မော်ဦးမြာ ဟာ ဆိုင်ငယ်လေးတခု စတင်နိုင်ခဲ့ကြောင်းကို သိရပါတယ်။

“အရင်း ၅ ထောင် ဘတ် ထုတ်ပေးတယ်ပေါ့နော်။ အဲ့ထဲကနေ လိုအပ်တဲ့ပစ္စည်းတွေ အကုန်လုံး ဝယ်ပေါ့။ လောက်တယ်လို့တော့ ပြောလို့ရတာပေါ့။ ဒါပေမယ့် ဒီတခုပဲ လုပ်လို့ရတာပေါ့နော်။ ပစ္စည်းတွေဝယ်ရတာလည်း အများကြီး ကုန်တာပဲကော။ ဒီတမျိုးပဲ ရသေးတယ်။” လို့ မော်ဦးမြာ က သူမ သင်္ဘောသီးထောင်းဆိုင်ငယ်လေး ဖွင့်ဖြစ်ခဲ့ပုံကို ပြောပြပါတယ်။

သူမ ရောင်းတဲ့ သင်္ဘောသီးထောင်းက တပွဲကို ထိုင်းဘတ်ငွေ ၃၀ ဘတ် ပါ။ ဒါပေမယ့် ၂၀ ဘတ် ၊ ၁၀ ဘတ် ဆိုပြီး ရောင်းချပေးနေပါတယ်။ ဒီလို ရောင်းချပေးနေတာဟာ ဝင်ငွေမရှိတဲ့ မိသားစုဝင်တွေ၊ ကျောင်းနေအရွယ် ကလေးတွေအတွက် အဆင်ပြေစေလိုကြောင်း သူမက အခုလို ပဲ ပြောပါတယ်။

“ဒီလိုမှ မရောင်းရင်လည်း သူတို့က မဝယ်စားနိုင်ဘူးလေ။ သူတို့ကလည်း အရမ်းကြိုက်ကြတယ်။ ကလေးတွေအတွက် ရည်ရွယ်ပြီး ရောင်းပေးတယ် အဲ့လိုမျိုးပဲပေါ့။ တချို့ကလေးတွေ ဆို ၅ ဘတ် ဖိုးလောက် လာတောင်းဝယ်တယ်။ ကလေးတွေဆိုတော့ လုပ်ပေးတယ်” လို့ မော်ဦးမြာက ပြောပါတယ်။

သင်္ဘောသီးထောင်း ရောင်းချပေးခြင်းဟာ မော်ဦးမြာ အနေနဲ့ စီးပွားရေးအဆင်ပြေနေလို့တော့ မဟုတ်ပါဘူး။ မေတ္တာရှင် အဖွဲ့အစည်းတခုက ပထမဆုံး အရင်းပေးခဲ့တဲ့ ၅ ထောင် ဘတ်ကြောင့်သာ အခုလို စတင်နိုင်ခဲ့တာကြောင့် ကလေးတွေကိုလဲ ပျော်ရွှင်စေချင်သူ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် တစ်ရက်ကို ၂၀၀ ဘတ် ဝန်းကျင် ရောင်းငွေ ဝင်သော်လည်း ရောင်းမကောင်းတဲ့ နေ့တွေမှာတော့ ၁၀၀ ဘတ်လောက်ပဲ ရရှိတတ်တယ်လို့ ဆိုပါတယ်။

မော်ဦးမြာ ရောင်းချပေးနေတဲ့ သင်္ဘောသီးထောင်းကို ဝယ်စားလေ့ရှိတဲ့ အထက်တန်းကျောင်းသူ တစ်ဦးက “ကျောင်းသားတွေ အတွက်တော့ ဈေးချိုတဲ့အတွက်ကြောင့် သက်သာတယ်ပေါ့။ အထူးသဖြင့် ဈေးကြီးပေးမဝယ်နိုင်တဲ့လူ အတွက်ပေါ့နော်။ ကလေးတွေ အတွက်လည်းတွေးပေးပြီး စေတနာနဲ့ လုပ်ပေးတယ်။ တန်ဆာပလာ အစုံအလင် မရှိပေမယ့်လည်း ရိုးရိုးလေးနဲ့ စားကောင်းပါတယ်” လို့ ဆိုပါတယ်။

မော်ဦးမြာလိုပဲ ကရင်နီပြည်က မတူညီတဲ့ နေရာဒေသကနေပြီး လာရောက်တိမ်းရှောင်နေကြတဲ့ လူဦးရေ သုံးထောင်ဝန်းကျင်လောက် အဲ့ဒီစခန်းတွင်းမှာ ရှိနေပါတယ်။ သူတို့ကတော့ အလှူရှင်ရဲ့ အကူအညီ၊ ထောက်ပံ့မှု နဲ့သာ အဓိကထား ရှင်သန်နေကြရတာပါ။

စစ်မျက်နှာပြင်နဲ့ အလွန်ဝေးကွာလှတဲ့ နေရာမှာရောက်ရှိနေပြီမို့ လုံခြုံရေး စိတ်ချရပြီလို့ ထင်ထားတဲ့ သူတွေတချို့ ရှိနေပါလိမ့်မယ်။ ဒါပေမယ့် စစ်ကောင်စီတပ်ကတော့ ဘယ်နေရာကိုမှ အလွတ်ပေးလေ့ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ မနက်တစ်နာရီအချိန်မှာ မော်ဦးမြာတို့ နေထိုင်နေကြတဲ့ အဆိုပါ စစ်ရှောင်စခန်းကို စစ်ကော်မရှင်တပ်က တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင် ၁ ဦး သေဆုံးခဲ့ရပါတယ်။

အခုချိန်မှာတော့ မော်ဦးမြာနဲ့အတူ စစ်ရှောင်စခန်းက လူထုတွေဟာ နေ့ရက်တိုင်းကို နေရောင်ခြည်အသစ်နဲ့ စတင်နိုင်ကြပေမယ့် အသက်တဖွာ၊ ဝမ်းတထွာ အခက်အခဲများစွာကြားက ရှင်သန်နေရဆဲပါ။

spot_img