spot_img
Homeသတင်းဒီးမော့ဆို(အရှေ့)မြို့နယ်တနေရာက ဆေးပေးခန်းမှာ အရေးပေါ်ဆေးဝါးနဲ့ ဆေးဝန်ထမ်း ထားရှိဖို့ အကူအညီလိုအပ်

ဒီးမော့ဆို(အရှေ့)မြို့နယ်တနေရာက ဆေးပေးခန်းမှာ အရေးပေါ်ဆေးဝါးနဲ့ ဆေးဝန်ထမ်း ထားရှိဖို့ အကူအညီလိုအပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆို(အရှေ့)မြို့နယ်၊ ဒေါတမကြီးအုပ်စုအတွင်းက ကျေးရွာတရွာမှာ အရေးပေါ်ဆေးဝါးနဲ့ ဆေးပေးခန်းအတွက်ဆေးဝန်ထမ်း ထားရှိဖို့ အကူအညီလိုအပ်နေတယ်လို့ ကျေးရွာတာဝန်ရှိသူဆီကနေ သိရပါတယ်။

“ပြောရရင် လိုအပ်ချက်က ပေါင်းစုံပါပဲ။ ဒါပေမယ့် ကျန်းမာရေးဖက်ကနေပြောရင် ဆေးပေးခန်းလည်းမရှိဘူး။ ‌ဆေးဝါးလည်းမရှိဘူး။ ဆေးက မရှိတာထက် ကွင်းဆင်းလာပေးဖူးတာရှိပေမယ့် သူတို့လာတဲ့ ၁ ရက်တာအတွက်ပဲ ပေးတော့ အရေးပေါ်အခြေအနေအတွက်ဆို ဆေးကမရှိဘူး။“လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် အရေးပေါ် လူနာရှိတဲ့အချိန်မျိုးတွေမှာလည်း ဆေးရုံ၊ ဆေးခန်းရှိတဲ့ အခြားကျေးရွာတွေထိ ပို့ဆောင်နေရပြီး အချိန်ကြန့်ကြာမှုတွေ ရှိတာကြောင့် ရေရှည်အတွက် လူထုတွေရဲ့ အသက်အန္တရာယ်ထိပါ ကြိုတင်စိုးရိမ်နေရတယ်လို့ ကျေးရွာတာဝန်ရှိသူက ဖြည့်စွက်ပြောပါတယ်။

ဆေးပေးခန်းအတွက် ဆေးဝန်ထမ်းနဲ့ဆေးဝါးမရှိတဲ့အပေါ် ဆေးကုသမှုဆောင်ရွက်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက အရေးပေါ်လူနာအတွက် ခက်ခဲတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“စိန်ခေါ်မှု အခက်ခဲတွေတော့ရှိတာပေါ့နော်။ ဘယ်လို စိန်ခေါ်မှုတွေရှိလဲဆိုရင် အရေးပေါ် ဖြစ်တဲ့အချိန်မျိုးမှာဆို အဓိက ဆေးရုံသွားဖို့လိုအပ်တာပေါ့။ ဆေးရုံသွားဖို့ ကားလိုအပ်တယ်ပေ့ါ။ အဲ့ဒါကိုအခက်ခဲတအားဖြစ်တယ်။ အဲ့ဒီအရေးပေါ် ဆိုတဲ့နေရာမှာကျတော့ ပြောတဲ့ လမ်းပန်းဆက်သွယ်ရေး ပို့ဆောင်ရေးပေါ့ အဲ့ဒါကျတော့ အခက်ခဲ ဖြစ်တယ်။” လို့ ဆေးကုသမှု ဆောင်ရွက်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၂၅ခုနှစ်အတွင်း အရေးပေါ်လူနာတဦးရှိခဲ့ပြီး ဆေးပေးခန်းမှာ ဆေးဝါးမရှိတာကြောင့် တခြားနီးစပ်ရာကျေးရွာကို ဆေးကုသဖို့ပို့ဆောင်ရင်း သေဆုံးခဲ့တဲ့ဖြစ်စဉ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ကျေးရွာက လူထုတွေဟာ ၂၀၂၃ ခုနှစ်အတွင်း စစ်အုပ်စုရဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်ခဲ့ရတာပါ။ လက်ရှိမှာတော့ ကျေးရွာအတွင်း ယာယီ ပြန်လာနေထိုင်ကြပြီး အိမ်ခြေ ၂၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ