spot_img
Homeသတင်းဖရူဆိုမြို့နယ်၊ ပရယ်တော်ကျေးရွာမှာ အမျိုးသားတဦးရဲ့ အရိုးစုကို တွေ့ရှိ

ဖရူဆိုမြို့နယ်၊ ပရယ်တော်ကျေးရွာမှာ အမျိုးသားတဦးရဲ့ အရိုးစုကို တွေ့ရှိ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ ပရယ်တော်ကျေးရွာမှာ ကျေးရွာခံလို့ယူဆရတဲ့ အမျိုးသားတဦးရဲ့ အရိုးစုကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ကျေးရွာခံတွေထံကနေ သိရပါတယ်။

အဆိုပါ အမျိုးသားဟာ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ပရယ်တော်ရွာထဲကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဝင်ရောက်လာချိန် ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၂၈ နှစ်အရွယ် ဖဲဘူး ဖြစ်တယ်လို့ ဖဲဘူးရဲ့မိသားစုဝင်တွေ ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဝင်လာတာကို မသိဘဲ အိမ်မှုကိစ္စလုပ်ဖို့ ရွာကို ပြန်လာချိန်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဓါတ်ပုံ – ပေးပို့

“အဲ့ဒီအချိန်မှာ ရဲဘော်တွေလည်း ရွာကနေ ဆုတ်ခွာသွားကြပြီ။ သူကတော့ အဲ့ဒီအခြေအနေကို မသိဘဲ ပုံမှန်အတိုင်း ဝက်စာကျွေးဖို့ ရွာကို ပြန်သွားခဲ့တာပါ။”လို့ ဖဲဘူးရဲ့ ညီတဝမ်းကွဲတော်စပ်သူတဦးက အခုလို ပြောပါတယ်။

ဖမ်းဆီးခံရပြီးနောက် ခြောက်လဝန်းကျင်အထိ ဖဲဘူးနဲ့ပတ်သက်တဲ့ သတင်းအဆက်အသွယ် တစုံတရာ မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပရယ်တော်ကျေးရွာ ဘုရားကျောင်း အနောက်ဘက်က နေအိမ်တအိမ်ရဲ့ အောက်ဘက်မှာ ဖဲဘူးစီးသွားတဲ့ ဆိုင်ကယ်၊ ဦးထုပ်နဲ့အတူ အရိုးစုကို အောက်တိုဘာလအတွင်းမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ တွေ့ရှိခဲ့တဲ့ အရိုးစုက ဖဲဘူးရဲ့ အရိုးစုဖြစ်ပြီး အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ခဲ့တာလို့ ဖဲဘူးရဲ့ မိသားစုဝင်တွေက မှတ်ချက်ပြုပါတယ်။

အရိုးစုကိုတော့ နိုဝင်ဘာလ ၈ ရက်နေ့မှာ သင်္ဂြိုဟ်ပြီးစီးခဲ့ပြီလို့ သိရပါတယ်။ ဖဲဘူးဟာ ကျေးရွာရဲ့ လူငယ်ခေါင်းဆောင်တဦးအဖြစ် ဒေသတွင်း အများအကျိုးအတွက် စိတ်အားထက်သန်စွာ လုပ်ဆောင်သူဖြစ်တယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကနေ မေလအတွင်း ဖရူဆို–ဘောလခဲလမ်းမကြီးတလျှောက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေကုပ်စခန်းတွေနဲ့ စစ်ကြောင်းတွေက စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မေလ ၇ ရက်နေ့မှာတော့ အဆိုပါ ပရယ်တော်ကျေးရွာက နေအိမ် ၄ လုံးလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ