ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းအချိန်မှာ စစ်အုပ်စုတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ယာကနေ ပြန်လာတဲ့ စစ်ဘေးရှောင်အမျိုးသမီး လက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက လက်နက်ကြီး ၃ လုံး ပစ်ခတ်တာအပြင် ဒရုန်းနဲ့ဗုံးကြဲတာ နှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး လက်မောင်းထိမှန်ခဲ့ပါတယ်။
“တောင်ယာသွားတာ ညနေဆိုတော့ ပြန်လာတာ၊ လမ်းမှာတင် လက်နက်ကြီးကျတာ၊ နည်းနည်းတော့ အစထိမှန်သွားတာ”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
စားဝတ်နေရေးအတွက် တောင်ယာလုပ်ငန်း လုပ်ကိုင်နေချိန် နေ့စဉ်ရက်ဆက် စစ်အုပ်စုက ဒရုန်းနဲ့ကင်းထောက်တာ ၊ ဗုံးကြဲတာ ၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လုံခြုံရေး စိုးရိမ်ပူပန်မှုရှိတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဖရူဆိုမြို့နယ်မှာ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း စစ်အုပ်စုက ဒရုန်းနဲ့ တိုက်ခိုက်မှုအကြိမ်ရေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။






