ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း အမျိုးသမီးတဦး အပါဝင် အရပ်သား ၃ ဦးသေဆုံးမှုရှိခဲ့ကြောင်း ကန္တာရဝတီတိုင်း(မ်)ရဲ့ လက်လှမ်းမီ စာရင်းအရ သိရပါတယ်။
ဖြစ်စဥ်အသေးစိတ်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က ဖရူဆိုမြို့နယ်အတွင်း လမ်းပိုင်းတနေရာမှာ ဖြတ်သန်းသွားလာသူတွေကို စစ်အုပ်စုက ဒရုန်းနဲ့ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတဦး ၊ ဇူလိုင်လ ၁၆ ရက်နေ့က ဖားဆောင်းမြို့နယ်တနေရာကို စစ်အုပ်စုက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက် ၂၀ ကျော်အမျိုးသားတဦး နဲ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက ၃ နေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ပြီး အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတဦး ထိခိုက်သေဆုံးခဲ့တာပါ။
သေဆုံးခဲ့သူ ၃ ဦးဟာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတဦး ဖြစ်ပြီး ဖရူဆို၊ ဖားဆောင်း နဲ့ လွိုင်ကော် မြို့နယ်တွေမှာ ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့မှုအပြင် အခြား ပစ္စည်းအသုံးအဆောင်ပျက်စီးမှုတွေ၊ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါသေးတယ်။
အခုလို စစ်အုပ်စုတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှု လစဉ်ရှိနေသလို ၊ စစ်ရှောင်အရေး ကူညီဆောင်ရွက်တဲ့အခါမှာလည်း ပိုမိုခက်ခဲလာတယ်လို့ မြေပြင် စစ်ရှောင်ကူညီဆောင်ရွက်သူတဦးက သုံးသပ်ပြောဆိုထားပါတယ်။
“စစ်ရှောင်လူထုတွေကတော့ ရှေ့ဆက်ပိုခက်ခဲလာနိုင်သလိုပဲ စစ်ရှောင်ကူညီသူတွေလည်း အလားတူပါပဲ။ ပိုခက်ခဲလာကြတာကများတော့ တစ်ခါတလေတော့လည်း အသက် အန္တရာယ်အတွက် မစဥ်းစားနိုင်တော့ပဲ မသွားလာသင့်ပဲ သွားလာကြတာလည်းရှိမယ်။ စစ်ကောင်စီတွေကလည်း နေရာဒေသမရွေး တိုက်ခိုက်တော့ ပိုဆိုးပေါ့။လူထုအသက် ဆုံးရှုံးမှုက များများလာ ဖြစ်တာပေါ့။”လို့ မြေပြင် စစ်ရှောင်ကူညီဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။
ဇူလိုင်လအတွင်း စစ်အုပ်စုရဲ့တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေလည်း ရှိခဲ့ပါတယ်။ ကရင်နီပြည်ရဲ့ နေရာအနှံ့အပြားကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု ၊ ဒရုန်းနဲ့ ဗုံးကြဲမှုကို မကြာခဏ ပြုလုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။






