ကန္တာရဝတီတိုင်း(မ်)
ဖက်ဒရယ်ဒီမိုကရေစီ ရရှိနိုင်ရေးအတွက် ၁၉၄၈ ခုနှစ်ကနေ လက်ရှိအချိန်ထိ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ ဒီတော်လှန်ရေးဟာ ရယူခြင်းမဟုတ်ဘဲ ပေးဆပ်ခြင်းသာဖြစ်ရမယ်လို့ ကရင်နီပြည်အစိုးရ၊ ဒုတိယဝန်ကြီးချုပ် ခူးထဲဘူးက ပြောပါတယ်။
ယမန်နေ့ (ဩဂုတ်လ ၉ ရက်နေ့) က ကရင်နီပြည်တပ်မတော် ထိန်းချုပ်ရာနယ်မြေ တစ်နေရာမှာ ပြုလုပ်သွားတဲ့ (၇၈)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားမှာ ခူးထဲဘူးက ထည့်သွင်းပြောသွားတာပါ။
“တော်လှန်ရေးကို အကြောင်းပြပြီးတော့မှ စီးပွားရေး အကျိုးအမြတ် ရှာတဲ့သူ အများကြီးရှိတယ်။ အဲ့ဒီထဲမှာ ကိုယ့်ကိုယ်ပြန်ပြီး သုံးသပ်ရမယ်။ ကျနော်တို့ ပါသလား ကျနော်၊ ကျမတို့ ပါသလား။ မဟုတ်ရင် ကျနော်တို့ ပေးဆပ်တဲ့သူဖြစ်နေသလား။ တော်လှန်ရေးဆိုတာ ရယူခြင်းမဟုတ်ဘူး ပေးဆပ်ခြင်းပဲဖြစ်တယ်။ ရယူခြင်းဆိုတာ အားလုံး ဘုံဖြစ်တဲ့ မျှတရေးနဲ့ ကျနော်တို့ လွတ်မြောက်ရေးအတွက်ပဲ ဖြစ်တယ်။ အဲ့ဒါက အားလုံးအတွက် မျှမျှတတနဲ့ ရယူရမည့် ပန်းတိုင်တစ်ခုဖြစ်တယ်။ ကျနော်တို့ အသိအမှတ်ပြုပြီးတော့မှ ဒီကနေ့ ဆက်လက် ပါဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ “လို့ ခူးထဲဘူးကဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးမှာ ပါဝင်တော်လှန်နေသူ အားလုံးအနေနဲ့လည်း နယ်မြေဒေသစွဲ၊ အဖွဲ့အစည်းစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲတွေမဖြစ်ဖို့လိုအပ်ကြောင်းနဲ့ ကရင်နီပြည်မှာ အေးအတူပူအမျှ ယှဥ်တွဲနေထိုင်သွားဖို့ဟာ အရေးကြီးကြောင်းကိုလည်း ခူးထဲဘူးက ပြောဆိုသွားပါတယ်။
ကရင်နီပြည်မှာတော့ ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့ တော်လှန်တိုက်ခိုက်လာကြတာ နှစ်ပေါင်း ၇၈ နှစ်ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိအချိန်ထိ တော်လှန်တိုက်ခိုက်နေကြဆဲပါ။
လိုချင်တဲ့ ပန်းတိုင်ရောက်ရှိဖို့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားရမှာ ဖြစ်တာကြောင့် ကိုယ်ပါဝင်နေတဲ့ တော်လှန်ရေးမှာ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ကြဖို့ကိုလည်း ခူးထဲဘူးက အခုလို တိုက်တွန်းထားပါတယ်။
“ကျနော်တို့ တာဝန်ယူလှုပ်ရှားတဲ့ကဏ္ဍ ကျနော်တို့ ပေးဆပ်တဲ့သူဖြစ်နေပြီလား၊ ရယူတဲ့သူဖြစ်နေပြီလား ဆိုတာကျနော်တို့ ညီအစ်ကို မောင်နှမကြားမှာ မျှဝေပေးကြပါ။ ကျနော်တို့ မှန်ကန်တဲ့ လမ်းကြောင်းသွားနေတော့ ကိုယ်စီးနေတဲ့ မြင်းက အထီးလား၊ အမလား ကျနော်တို့ မှန်ကန်တဲ့ ပန်းတိုင်ကိုသွားနေပြီလား၊ ရှင်းရှင်းလင်းလင်း သိမြင်နေရရင်တော့ ကျနော်တို့ အောင်ပွဲကို မလွဲမသွေ ရောက်ရှိလာမှာပါလို့ တိုက်တွန်းပြောချင်ပါတယ်။ “ လို့ သူကဆိုပါတယ်။
တော်လှန်ရေးရဲဘော်ရဲဘက်အားလုံးဟာ ညီအစ်ကိုမောင်နှမ အရင်းအချာတွေ ဖြစ်ကြောင်းနဲ့ တော်လှန်ရေးမှာ ပေးဆပ်သွားတဲ့ ရဲဘော်ရဲဘက်တွေအတွက် အတူတကွ တော်လှန်ရေးမှာ ဆက်လက်ပူးပေါင်းသွားကြဖို့ကိုလည်း တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။
ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားကို သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို DMO Local PDF၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (KNYO) နဲ့ ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) ကနေ သဝဏ်လွှာ ပေးပို့ကြပါတယ်။
ပေးပို့လာကြတဲ့ သဝဏ်လွှာတွေမှာလည်း ဖက်ဒရယ် ဒီမိုကရေစီရရှိနိုင်ဖို့ တော်လှန်ရေးအောင်ပွဲဆီကို အတူတကွဆက်လက်သွားကြဖို့ တိုက်တွန်းချက်နဲ့ အတူတကွ ဆက်လက် ပူးပေါင်းပါဝင်ကြဖို့ ကတိပြု ပြောဆိုထားကြပါတယ်။
ကရင်နီပြည်တပ်တော်(KA)ထိန်းချုပ်နယ်မြေမှာ ပြုလုပ်သွားတဲ့ အခမ်းအနားမှာတော့ ကရင်နီပြည်တပ်မတော်(KA) တာဝန်ရှိသူတွေ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP)၊ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်ရဲဌာန (KSP)၊ ကရင်နီပြည် ဌာနဆိုင်ရာအသီးသီးမှ ခေါင်းဆောင်တွေ၊ ကရင်နီအမျိုးသားလူငယ်များအစည်းအရုံး (KNYO)၊ ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ မိဘပြည်သူများ အပါဝင် လူဦးရေ ၅၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။







