ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတနေရာမှာ စစ်အုပ်စုတပ်ရဲ့ အသေခံဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူထံကနေ သိရပါတယ်။

ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းအချိန်မှာ အသေခံဒရုန်းဗုံး သုံးလုံးနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“၂ ဦးဆုံးပါတယ်။ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး။ နောက်ထပ် အမျိုးသား ၂ ဦး ၁ဦးက လက်ရှိ သွေးသွင်းကုသနေတယ်။ တယောက်က ကိုယ်တွင်းအင်္ဂါ ထိခိုက်မှုမရှိ မစိုးရိမ်ရဘူး။”လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတဦးက ပြောပါတယ်။
ထိခိုက်သေဆုံးသူ နှစ်ဦး နဲ့ ဒဏ်ရာရရှိသူတွေရဲ့ အသက်အရွယ်၊ မြေပြင် အခြေအနေအသေးစိတ်ကိုတော့ ဆက်သွယ်ရေးလိုင်းအခက်အခဲကြောင့် သိရှိနိုင်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။ စစ်အုပ်စုတပ်ရဲ့ အသေခံဒရုန်း တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုအပြင် စစ်ရှောင်တဲအိမ်တလုံးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့မှာလည်း လွိုင်ကော်အရှေ့ခြမ်းက ၃ နေရာကို စစ်အုပ်စုတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ စစ်အုပ်စုတပ် တိုက်ခိုက်တဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို အရပ်သားတွေချည်း နေထိုင်တဲ့နေရာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
လတ်တလောမှာတော့ လုံခြုံရေးအခြေအနေအရ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက စာသင်ကျောင်းတွေကို ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။
ယခုဩဂုတ်လအတွင်း ကရင်နီပြည် ဒီးမော့ဆို ၊ ဖရူဆို ၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးခဲ့ပါတယ်။





