spot_img
Homeသတင်းဖက်ဒရယ်ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြောင်း ကရင်နီပြည်တပ်မတော်စစ်ဦးစီးချုပ် မိန့်ခွန်းပြောကြား

ဖက်ဒရယ်ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြောင်း ကရင်နီပြည်တပ်မတော်စစ်ဦးစီးချုပ် မိန့်ခွန်းပြောကြား

-

ကန္တာရဝတီတိုင်း ( မ် )
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံနိုင်မှု၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ နိုင်ငံတည်ဆောက်ရေးအတွက် ခိုင်မာတဲ့မူဝါဒနဲ့ ရည်မှန်းချက်တွေ ချမှတ်ပြီး တော်လှန်တိုက်ပွဲဝင်နေတယ်လို့ ကရင်နီပြည်တပ်မတော်(KA) ၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က မိန့်ခွန်းပြောကြားပါတယ်။
ဩဂုတ်လ (၁၇) ရက်နေ့မှာကျရောက်တဲ့ (၇၈) နှစ်မြောက်ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားကို ထိုင်း-ကရင်နီနယ်စပ်က ကရင်နီပြည်တပ်မတော် ထိန်းချုပ်နယ်မြေတနေရာမှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်သွားပါတယ်။ အဆိုပါအခမ်းအနားမှာ ပေးပို့လာတဲ့ ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ်ရဲ့ မိန့်ခွန်းကို စစ်ရေးချုပ် ဗိုလ်မှူးကြီး အယ်မွီးက ဖတ်ကြားသွားတာဖြစ်ပါတယ်။
“ မိမိတို့အနေနှင့် လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ခြင်းသည် စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ဖြုတ်ချရန်၊ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မတရားဖိနှိပ်မှုကို တွန်းလှန်ရန်ဖြစ်ကြောင်း အားလုံးသိစေလိုပါသည်။” လို့ မိန့်ခွန်းထဲ ထည့်သွင်းပြောဆိုသွားပါတယ်။
ကရင်နီပြည်တပ်မတော်ဟာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ တော်လှန်ရေးမှ ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိတဲ့အထိ ပြည်သူလူထုတွေရဲ့ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ပြီး တရားမျှတမှုရှိတဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆီသို့ အရောက်တက်လှမ်းသွားမယ်လို့ စစ်ဦးစီးချုပ်က ဆိုပါတယ်။
အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပေးပို့လာတဲ့ သဝဏ်လွှာမှာ ကရင်နီအမျိုးသားတို့ရဲ့ဘုံအနာဂတ်ကို ရှေ့ရှုလျက် မိမိတို့ရဲ့အမျိုးသားရေးရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်သူနဲ့အတူရပ်တည်တာ၊ ပြည်သူကို သစ္စာစောင့်သိတာ၊ တော်လှန်ရေးအင်အားစုတွေအကြား ယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းတို့ဟာ တော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတဲ့ အခြေခံအချက်တွေဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် ကရင်နီပြည်တပ်မတော်အနေနဲ့ ကရင်နီပြည်သူလူထုတွေရဲ့ မျှော်မှန်းချက်နဲ့အညီ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ဖယ်ဒရယ် တန်းတူညီမျှရေးတို့ကို အခြေခံတဲ့ ကရင်နီပြည်အနာဂတ်ကို တည်ဆောက်ရာမှာ ပြည်သူတစ်ရပ်နဲ့အတူ ကျရာတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ပါစေကြောင်း သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။
အဆိုပါ သဝဏ်လွှာမှာ ကရင်နီပြည်တပ်မတော်ရဲ့ (၇၈)နှစ် ခရီးတလျှောက်မှာ အသက်၊ သွေးနဲ့ခန္ဓာကိုပေးလှူခဲ့ကြတဲ့ တပ်ဖွဲ့ဝင်များ၊ တပ်ဗိုလ်တပ်မှူးများ၊ တော်လှန်ရေးရဲ့ ဒုက္ခဝေဒနာတွေကို ကြံ့ကြံ့ခံကာ စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ မိသားစုဝင်တွေအားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖော်ပြပါရှိပါတယ်။
spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ