spot_img
Homeသတင်းKSCC အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းပြီး ဥက္ကဌအဖြစ် အမျိုးသမီးခေါင်းဆောင်ကို ခန့်အပ်

KSCC အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ဖွဲ့စည်းပြီး ဥက္ကဌအဖြစ် အမျိုးသမီးခေါင်းဆောင်ကို ခန့်အပ်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်သွားတဲ့ ဥက္ကဌနေရာအတွက် အမျိုးသမီးခေါင်းဆောင် မူအန်းဂျလာခန့်အပ်ခံရပြီး အလုပ်အမှုဆောင်အဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ ပြုလုပ်တဲ့ KSCC ရဲ့ ၂၇ ကြိမ်မြောက် အပတ်စဉ်ပုံမှန်အစည်းအဝေးမှာ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဥက္ကဌနေရာအပါအဝင် အလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တာလို့ KSCC က ထုတ်ပြန်ပါတယ်။

လက်ရှိ KSCC ရဲ့ ဥက္ကဌနေရာကို ရွေးချယ်ခံရတဲ့ မူအန်းဂျလာကတော့ ရှေ့ဆက်လုပ်ငန်းစဥ်ကို အခုလိုပြောပါတယ်။

“ရှေ့ ဆက်လုပ်ငန်းစဉ်အနေနဲ့ KSCC ရဲ့ (၆) လပတ်အစည်းအဝေးမှာ ချမှတ်ထားတဲ့ မဟာဗျူဟာ လုပ်ငန်းစဉ် (၄)ရဲ့ KSCC၏ နိုင်ငံရေးကဏ္ဍမြင့်တင်ခြင်း၊ ပြည်နယ်စည်းလုံးညီညွှတ်ရေးအားကောင်းမှုတည်ဆောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု နဲ့ အသွင်ကူးပြောင်းရေး အစီအမံများ ချမှတ်ရေး လုပ်ငန်းစဉ် ၄ ရပ်တွေကို ဆက်လက်ဆောင်ရွက်သွားပါမယ်။”လို့ မူအန်းဂျလာက ဆိုပါတယ်။

အလုပ်အမှုဆောင်အဖွဲ့မှာ ဥက္ကဌအဖြစ် ကရင်နီပြည်အမျိုးသမီးများအင်အားစုက မူအန်းဂျလာ၊ ဒုဥက္ကဌအဖြစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ခူးထဲဘူး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ကရင်နီပြည်အမျိုးသမီးများအင်အားစုက ဆိုဖီယာဒေးမြာ၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ကရင်နီပြည်လူငယ်အင်အားစုက ခိုးလ်ပက်ထရစ်နဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေအဖြစ် ကရင်နီပြည်ကြားကာလလွှတ်တော်က အယ်ဗလင်း၊ ဦးဌေးအောင်နဲ့ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့က စောကလိုမူးတို့ ပါဝင်ပါတယ်။

မူအန်းဂျလာဟာ KSCC မှာ ယခင်က တွဲဖက်အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

မူအန်းဂျလာကို KSCC ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်တာဟာ ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု ပိုမိုအားကောင်းလာစေတဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO) ရဲ့ ဥက္ကဌ မော်ဖရေမြာကလည်း သူ့ရဲ့ သဘောထားကို အခုလိုပြောပါတယ်။

“ကရင်နီ အမျိူးသမီးအရေးကိစ္စ လူထုအရေးနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အလွန် အရေးကြီးပါတယ်။ အမျိုးသမီးတဦးကို အခုလို အဓိကဆုံးဖြတ်ချက်ချမှတ်တဲ့နေရာ ပေးတာက ကြားကာလအစီအမံ မူဝါဒအရ လက်တွေ့အကောင်အထည်ဖော်နေပီလို့ ပြောလို့မမှားပါဘူး။”လို့ မော်ဖရေမြာက ဆိုပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC )ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ဦးအောင်ဆန်းမြင့်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာကြောင့် လစ်လပ်နေတဲ့ ဥက္ကဌနေရာနဲ့ အလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

KSCC ဟာ ကရင်နီပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဟာလည်း KSCC က ချမှတ်ထားတဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ကြားကာလအစိုးရအဖွဲ့တခုဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ