spot_img
Homeသတင်းစစ်ရေးအခြေအနေကြောင့် ကုန်စိမ်းစိုက်ပျိုးသူနည်းလာပြီး သီးနှံတချို့ ဈေးတက်

စစ်ရေးအခြေအနေကြောင့် ကုန်စိမ်းစိုက်ပျိုးသူနည်းလာပြီး သီးနှံတချို့ ဈေးတက်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကုန်စိမ်းစိုက်ပျိုးတဲ့ ကျေးရွာတချို့မှာ စစ်ရေးအခြေအနေကြောင့် စိုက်ပျိုးသူနည်းလာပြီး ကုန်စိမ်းသီးနှံတချို့ ဈေးနှုန်းမြင့်တက်လာတယ်လို့ တောင်သူတွေနဲ့ ကုန်စိမ်းရောင်းချသူတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းနဲ့ ကင်းထောက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးစိုးရိမ်ပြီး ကုန်းသာ၊ ဆင်တောင်နဲ့ နန်းမယ်ခုံဘက်က ကုန်စိမ်းစိုက်ပျိုးသူတချို့ စစ်ဘေးရှောင်နေရတာကြောင့် စိုက်ပျိုးသူနည်းလာတာလို့ ဆိုပါတယ်။

“စိုက်တဲ့သူ နည်းလာတယ်ကော၊ ပြေးရတယ်လေ။ ဆင်တောင်ဘက်က အကုန်ပြေးရတယ်။ ဈေးတက်မှရတော့မယ်လေ။ တခြားကုန်ပစ္စည်းတွေက တက်ပြီး အဖွားတို့ ကုန်စိမ်းက မတက်ရင် ဘာနဲ့စားမလဲ။ ဆီ (စားဆီ) လည်း ဈေးတက်၊ ဓာတ်ဆီတွေလည်း ဈေးတက်” လို့ ဒေသခံတောင်သူအမျိုးသမီးတဦးက ပြောပါတယ်။

ကုန်စိမ်းသီးနှံတွေထဲမှာ သခွားသီး၊ ဂေါ်ဖီထုပ်နဲ့ ပန်းမုန်လာတို့ ဈေးနှုန်းသိသိသာသာ မြင့်တက်လာတယ်လို့ ကုန်စိမ်းရောင်းချသူတွေထံက သိရပါတယ်။

သခွားသီး သုံးပုံးအိတ်နဲ့ တအိတ်ကို ယခင်က ကျပ် ၂၀,၀၀၀ ဝန်းကျင်ရှိရာကနေ လက်ရှိမှာ ကျပ် ၅၀,၀၀၀ ၊ ဂေါ်ဖီထုပ်တထုပ်ကို ကျပ် ၅၀၀ ကနေ ကျပ် ၁,၅၀၀နဲ့ ပန်းမုန်လာတပွင့်ကို ကျပ် ၅၀၀ ကနေ ကျပ် ၂,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

အခြားကုန်စိမ်းသီးနှံတွေကလည်း တမျိုးလျှင် ကျပ် ၅၀၀ ကနေ ၁,၀၀၀ ဝန်းကျင်အထိ ဈေးတက်လာတယ်လို့ ပြောပါတယ်။

ယခင်က ဒေသတွင်းကုန်စိမ်းသီးနှံ အများအပြားထွက်ရှိတဲ့ ကုန်းသာနဲ့ နန်းမယ်ခုံဘက်မှာ စစ်ရေးအခြေအနေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ပုံမှန်မလုပ်နိုင်တော့ဘဲ ကုန်စိမ်းထွက်ရှိမှု လျော့နည်းလာတယ်လို့ တောင်သူတွေက ဆိုပါတယ်။

“တောင်သူတွေ ငတ်မှာပေါ့ ဒီလိုရေရှည်ဖြစ်ရင်။ ရေရှည် နိုင်ငံရေး (စစ်ရေး) ငြိမ်မယ်ဆိုရင် လူတွေပြန်လာမယ်၊ ပြန်လာစိုက်မယ်။ ဒီထက်ပိုဆိုးမယ်ဆိုရင်တော့ ကုန်ဈေးနှုန်းတွေလည်း တက်လာမှာပေါ့” လို့ အဆိုပါ တောင်သူအမျိုးသမီးက ဆက်ပြောပါတယ်။

လက်ရှိ ကုန်စိမ်းဆိုင်တချို့မှာ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းကနေ ရရှိလာတဲ့ သီးနှံတချို့ ပြတ်လပ်တာတွေရှိနေပြီး ရရှိတဲ့ ကုန်စိမ်းသီးနှံတွေလည်း ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ