ကန္တာရဝတီတိုင်း ( မ် )
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း တစ်နေရာကို ဒီကနေ့ အောက်တိုဘာ ၈ ရက်နေ့၊ မွန်းလွဲ ၂ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင် အမျိုးသား ၂ ဦး သေဆုံးခဲ့သလို တခြား ၁၀ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“၂ နာရီခွဲမှာပါ။ အရပ်သားပါ။ ကျမ ကမ့်ပ် (Camp) ကပါ။ ဆုံးသွားပြီ စိတ်မကောင်းဘူး။ ထိခိုက်တဲ့လူလည်း ရှိတယ်” လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် အသက် ၆၅ နှစ်အရွယ်နဲ့ အသက် ၂၁ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ တခြားထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ မေးမြန်းစုံစမ်းနေဆဲ ဖြစ်ပါတယ်။
မိုးဗြဲမြို့မှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းလှုပ်ရှားမှုတွေ ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။






