ကန္တာရဝတီတိုင်း(မ်)
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) အဖွဲ့ဝင်တွေထဲမှာ စစ်ဥပဒေချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုရှိပါက အရေးယူနိုင်ရေးအတွက် စစ်ဒေသအလိုက် စစ်ရေးကော်မတီ ဖွဲ့စည်းသွားမယ်လို့ SRA က အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၃ရက်ကြာ ပြုလုပ်တဲ့ ဒုတိယအကြိမ် ညီလာခံမှာ အတည်ပြု ပြင်ဆင်ခဲ့ကြတာပါ။ SRA တပ်ပေါင်းစုဟာ စစ်ရေးစုဖွဲ့မှုတခုတည်း မဟုတ်ဘဲ နိုင်ငံရေးအရပါ စုဖွဲ့ထားခြင်းဖြစ်ကြောင်းနဲ့ တပ်ပေါင်းစု ဦးဆောင်ကော်မတီလည်း စစ်ရေး၊ နိုင်ငံရေး မူဝါဒဦးဆောင်အဖွဲ့ဖြစ်ကြောင်း ပြောပါတယ်။
ရှေ့ဆက်မှာလည်း စစ်ဒေသအလိုက် စစ်ရေး ကော်မတီတွေ ဖွဲ့စည်းသွားဖို့နဲ့ SRA အဖွဲ့ဝင်တွေ စစ်ဥပဒေ ချိုးဖောက်တာ၊ စစ်ရာဇဝတ်မှု ကျုးလွန်တာတွေ ရှိလာရင် လိုအပ်တဲ့ ထိန်းကျောင်းအရေးယူမှုတွေ ပြုလုပ်နိုင်ရေးအတွက် ဖွဲ့စည်းပုံနဲ့ မူဝါဒတချို့ကို ပြင်ဆင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တပ်ပေါင်းစုရဲ့ လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်မြန်ဆန်စေရေး နဲ့ စီမံခန့်ခွဲမှု အားကောင်းလာစေရေးအတွက် ရည်ရွယ်ပြီး ဦးဆောင်ကော်မတီမှာ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး(၁)၊ တွဲဖက်အတွင်းရေးမှူး(၂) တို့ ပါဝင်တဲ့ အတွင်းရေးမှူးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
ပြုလုပ်ခဲ့တဲ့ ညီလာခံဖွင့်ပွဲ မှာတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ၊ အာရက္ခတပ်တော်(AA)ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ အမျိုးသမီးများအဖွဲ့ချုပ်(WLB)ရဲ့ အထွေထွေ အတွင်းရေးမှူး မော်ဘျားမာဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ရဲ့ ဥက္ကဌ ရဲဘော်သံခဲ နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဦးဆောင်ကော်မတီဝင်၊ KNDF ဥက္ကဌ ခွန်းဘီထူးတို့ကနေ အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ညီလာခံ ဖွင့်ပွဲအခမ်းအနားပြီးတဲ့နောက်မှာတော့ SRA ဦးဆောင်ကော်မတီဝင်တွေ ၊ SRA အဖွဲ့ဝင် အဖွဲ့အစည်းမှ ကိုယ်စားလှယ်တပ်မှူးတွေနဲ့ လေ့လာသူတွေ စုစုပေါင်း (၉၅)ဦးနဲ့ ညီလာခံအစည်းအဝေးကို ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါညီလာခံမှာ စစ်ဒေသ(၃)ခုနဲ့ ဌာနအသီးသီးမှ အစီရင်ခံစာတွေကို ဖတ်ကြားတင်သွင်းခဲ့ကြပြီး အစီရင်ခံစာ တခုချင်းအလိုက် အပြန်အလှန်ဆွေးနွေးကာ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်တွေကိုပါ ဆုံးဖြတ်ချမှတ်ခဲ့ကြတယ်လို့ ညီလာခံ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးတို့အတွက် မဟာမိတ်အဖွဲ့အစည်းတွေ၊ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုသွားပါတယ်။







