spot_img
Homeသတင်းCDM ဝန်ထမ်းတွေရဲ့ လိုအပ်ချက်နဲ့ ရေရှည်အသိအမှတ်ပြုမှုအတွက် စိစစ်အတည်ပြုကတ် (VC) ပြုလုပ်ပေးနေ

CDM ဝန်ထမ်းတွေရဲ့ လိုအပ်ချက်နဲ့ ရေရှည်အသိအမှတ်ပြုမှုအတွက် စိစစ်အတည်ပြုကတ် (VC) ပြုလုပ်ပေးနေ

-

ကန္တာရဝတီတိုင်း ( မ် )

တော်လှန်ရေးကာလအတွင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့၊ တော်လှန်ရေးနယ်မြေအတွင်း သွားလာရာမှာ အထောက်အထားအဖြစ် အသုံးပြုနိုင်ဖို့နဲ့ CDM ဝန်ထမ်းတွေရဲ့ ရပ်တည်ချက်ကို အသိအမှတ်ပြုနိုင်ဖို့ ရည်ရွယ်ပြီး ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) က CDM စိစစ်အတည်ပြုကတ် ( Verification Card ) တွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

အဆိုပါကတ်ပြုလုပ်ပေးတာဟာ မြေပြင်မှာ အမှန်တကယ် ရင်ဆိုင်ကြုံတွေ့နေရတဲ့ CDM ဝန်ထမ်းတွေရဲ့ တောင်းဆိုမှုနဲ့ လက်တွေ့လိုအပ်ချက်တွေကို အခြေခံပြီး ဆောင်ရွက်တာဖြစ်တယ်လို့ KSCSC-CDM တာဝန်ရှိသူ ဦးသန်းကျော်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

CDM Verification Card ကို ခရီးသွားလာရေးနဲ့ အထောက်အထားပြသရေးအတွက်သာမက ကြားကာလနဲ့ တော်လှန်ရေးအလွန် အသွင်ကူးပြောင်းရေးကာလတွေမှာပါ ရေရှည်အသုံးပြုနိုင်မယ့် နည်းလမ်းတွေအတွက် စဉ်းစားထားတယ်လို့ ဦးသန်းကျော်ဦးက ဆိုပါတယ်။

“CDM Verification Card စနစ်ကို ကာလတို ခရီးသွားလာရေးနဲ့ အထောက်အထားပြသမှုအပြင် ကြားကာလနဲ့ တော်လှန်ရေးအလွန် အသွင်ကူးပြောင်းရေးကာလတွေအထိ မဟာဗျူဟာမြောက် ရေရှည်အသုံးချနိုင်မယ့် နည်းလမ်းများစွာ စဉ်းစားထားတာ ရှိပါတယ်” လို့ ဦးသန်းကျော်ဦးက ပြောပါတယ်။

ကတ်ရှိထားခြင်းအားဖြင့် မိမိတို့အခြေစိုက်ရာဒေသမဟုတ်တဲ့ အခြားတော်လှန်ရေးနယ်မြေတွေကို သွားလာရာမှာလည်း အထောက်အထားတခုအဖြစ် အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ခရီးသွားလာစဉ် အခက်အခဲ ကြုံတွေ့ရပါက မိမိတို့ရဲ့ အခြေအနေနဲ့ ရပ်တည်ချက်ကို ရှင်းလင်းပြသနိုင်ဖို့၊ ဒေသခံတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီက ယုံကြည်မှုနဲ့ လိုအပ်တဲ့အကူအညီတွေ ရရှိနိုင်ဖို့လည်း မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

“CDM တယောက်ဆိုပေမယ့် CDM ကတ်လုပ်ပေးခြင်း၊ မလုပ်ပေးခြင်းက ကျနော့်အနေနဲ့ အရေးမကြီးပါဘူး။” လို့ CDM Verification Card ပြုလုပ်ပေးတာနဲ့ပတ်သက်ပြီး CDM ကျောင်းဆရာတဦးက မှတ်ချက်ပြုပါတယ်။

တခြား ရုံးဝန်ထမ်း CDM အမျိုးသားတဦးကလည်း တော်လှန်ရေးအတွက် အောက်ခြေမှာ တာဝန်ထမ်းဆောင်နေကြသူတွေရဲ့ စားဝတ်နေရေးနဲ့ ထောက်ပံ့မှုလိုအပ်ချက်တွေကို ပိုမိုအလေးထားစဉ်းစားပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“အမှန်ဆို အဓိက ရဲဘော်လုပ်သွားတဲ့သူတွေ၊ အောက်ခြေရဲဘော်တွေကို စဉ်းစားလုပ်ပေးနိုင်၊ ကြည့်ပေးနိုင်ရင် ပိုကောင်းတာပေါ့။ သူတို့မှာ ဘာလစာမှမရ၊ ဘယ်အဖွဲ့အစည်းဆီကမှလည်း မရတော့” လို့ သူက ပြောပါတယ်။

CDM Verification Card ဟာ နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ့ဘက်က ရပ်တည်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေရဲ့ သမိုင်းဝင်မှတ်တမ်းတခုအဖြစ် ရေရှည်ထိန်းသိမ်းထားနိုင်ဖို့နဲ့ နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် တော်လှန်ရေးကာလရဲ့ သက်သေတခုအဖြစ် ကျန်ရှိစေဖို့လည်း ရည်ရွယ်ထားတယ်လို့ KSCSC-CDM တာဝန်ရှိသူထံကနေ သိရပါတယ်။

အဆိုပါကတ် ပြုလုပ်ပေးရာမှာ ကုန်ကျစရိတ်အဖြစ် ငွေကျပ် ၅,၀၀၀ သတ်မှတ်ထားပေမယ့် ပေးဆောင်ဖို့ အခက်အခဲရှိသူတွေကို အခမဲ့ဆောင်ရွက်ပေးသွားမယ်လို့ ဦးသန်းကျော်ဦးက ပြောပါတယ်။

“ကုန်ကျစရိတ်ကတော့ ၅,၀၀၀ ပါ။ စာရင်းသွင်းဖောင်မှာတော့ ပေးသွင်းရန် အဆင်ပြေ၊ မပြေ မေးထားပါတယ်။ အဆင်ပြေရင် ပေးဆောင်ကူဖို့ပါ။ အဆင်မပြေရင် ကျနော်တို့ ဆောင်ရွက်ပေးမှာပါ” လို့ ဦးသန်းကျော်ဦးက ပြောပါတယ်။

CDM Verification Card ကို KSCSC-CDM က အဖွဲ့ဝင်တွေအတွက် ဆောင်ရွက်ပြီးစီးပြီလို့လည်း KSCSC-CDM ထံက သိရပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ