ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲ-လွယ်ယင်းတောင်ခြေမှာ ဒီးမော့ဆို PDF 1102 တပ်ရင်းက အသက် (၁၈)နှစ်အရွယ် ရဲမေတဦး လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့တယ်လို့ တပ်ရင်း တာဝန်ရှိသူ ဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ကျဆုံးခဲ့တာ ဖြစ်ပြီး မြေပြင် ထိတွေ့တိုက်ပွဲကြောင့်မဟုတ်ဘဲ အာဏာသိမ်း စစ်တပ်ဖက်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိမှန်ကျဆုံးခဲ့တာလို့ ဒီးမော့ဆို PDF 1102 တပ်ရင်း တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“လက်နက်ကြီး ထိလို့ ကျတာပါ။ မြေပြင်ထိတွေ့တိုက်ပွဲကြောင့်မဟုတ်ဘူး။ လက်နက်ကြီး မကျခင် ဒရုန်းနဲ့ ကင်းထောက်ပြီးမှ လက်နက်ကြီးနဲ့ ပစ်လာတာ။ ၁၂၀ မမ နဲ့။ ”လို့ ဒီးမော့ဆို PDF 1102 တပ်ရင်း တာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါ ကျဆုံးရဲမေရဲ့ ဈာပနာကိုတော့ ဒီကနေ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က မြေပြင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ နေ့ရက်တွေမှာလည်း ဒရုန်းနဲ့ကင်းထောက်တာ၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။







