ကန္တာရ၀တီတိုင်း (မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတနေရာမှာ မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယမန့်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်နေကြတဲ့နေရာကို အသေခံဒရုန်း ၃ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်မှုဖြစ်စဉ်အနီးမှာရှိတဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
“ကျမနဲ့ မနီးမဝေးမှာပဲ။ မင်္ဂလာဆောင်ပွဲမှာကြဲတာ” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ အခြေအနေ၊ ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနေအိမ်နဲ့ အခြားထိခိုက်ပျက်စီးမှုကို ကန္တာရ၀တီတိုင်း(မ်)အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အာဏာသိမ်းစစ်တပ်က ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဘုရားကျောင်း၊ စာသင်ကျောင်း ၊ လူထုနေထိုင်တဲ့အရပ်တွေကို အသေခံဒရုန်းနဲ့တိုက်ခိုက်မှုတွေ ယခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။







