ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုတွေကြောင့် အခက်အခဲကြုံတွေ့နေရတဲ့ ကလေးငယ်တွေအပါအဝင် ကမ္ဘာတဝန်းက ကလေးသူငယ်အားလုံးရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ IEC အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနက တိုက်တွန်းထားပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အဖြစ် အများပြည်သူထံ သတင်းစကားထုတ်ပြန်ရာမှာ အခုလို တိုက်တွန်းထားတာပါ။
ကရင်နီပြည်တွင်းက ကလေးသူငယ်တွေဟာ စစ်ရေးပဋိပက္ခတွေကြောင့် နေအိမ်နဲ့ မိသားစုဝန်းကျင်ကနေ စွန့်ခွာတိမ်းရှောင်ရတာ၊ ပညာသင်ယူခွင့်ဆုံးရှုံးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီဖို့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
ဒါ့အပြင် ပဋိပက္ခအခြေအနေတွေကြားမှာ မိသားစုနဲ့ ခွဲခွာရခြင်း၊ အကြမ်းဖက်မှုနဲ့ အမြတ်ထုတ်မှုတွေ ကြုံတွေ့ရနိုင်ခြင်းအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေလည်း ရှိနေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကလေးသူငယ်တွေရဲ့ အသက်ရှင်သန်ခွင့်နဲ့ လုံခြုံရေးကို ဦးစားပေးကာကွယ်ပေးဖို့၊ ပညာသင်ယူခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေဖို့၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးကို အလေးထားဆောင်ရွက်ပေးဖို့နဲ့ အကြမ်းဖက်မှု၊ အမြတ်ထုတ်မှုတွေကို ကာကွယ်တားဆီးပေးဖို့ IEC က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ကလေးသူငယ်တွေရဲ့ အသံနဲ့ သဘောထားတွေကိုလည်း လေးစားနားထောင်ပေးဖို့ ပြောပါတယ်။
ကမ္ဘာ့ကလေးများနေ့နဲ့ ပတ်သက်ပြီး ဒီးမော့ဆို(ရှေ့) မြို့နယ်ရှိ ကျောင်းဆရာတဦးက ကလေးတိုင်း မိမိတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိစေလိုပြီး အထူးသဖြင့် ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့်ရရှိစေလိုကြောင်း ပြောပါတယ်။
“ကလေးတိုင်းကတော့ သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုး ရကိုရစေချင်တာပါ။ အထူးသဖြင့် ပညာရေးပိုင်းပြောမယ်ဆို ပညာကို ဘေးကင်းစွာ သင်ယူရရှိစေချင်တာမျိုးပေါ့။” လို့ ကျောင်းဆရာတဦးက ဆိုပါတယ်။
ကလေးသူငယ်တွေဟာ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ လူမှုစီးပွားအခြေအနေ မတူညီမှုတွေအပေါ် ခွဲခြားဆက်ဆံခံရခြင်းမရှိဘဲ လုံခြုံစွာနေထိုင်ခွင့်၊ ပညာသင်ယူခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိခွင့်နဲ့ မိမိတို့ရဲ့ သဘောထားအမြင်တွေကို လွတ်လပ်စွာဖော်ထုတ်ခွင့် ရှိရမှာဖြစ်ကြောင်းလည်း IEC က ပြောပါတယ်။
ဒါ့အပြင် ကလေးသူငယ်တွေကို လက်နက်ကိုင်ပဋိပက္ခတွေမှာ အသုံးချခြင်းနဲ့ အန္တရာယ်ရှိတဲ့ လုပ်ငန်းတာဝန်တွေမှာ ပါဝင်စေခြင်းမပြုဖို့၊ ကလေးတိုင်း ပညာသင်ယူနိုင်မယ့် လုံခြုံတဲ့ပတ်ဝန်းကျင် ဖန်တီးပေးဖို့နဲ့ ကျန်းမာရေး၊ အခြေခံလိုအပ်ချက်တွေအပြင် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအကူအညီတွေ ဖြည့်ဆည်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။
ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေးဟာ သက်ဆိုင်ရာ ဌာန တခုတည်းရဲ့ တာဝန်မဟုတ်ပဲ မိဘအုပ်ထိန်းသူ၊ မိသားစုဝင်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လူမှုအသိုင်းအဝိုင်းတရပ်လုံးရဲ့ စုပေါင်း တာဝန်တွေဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။








