ကန္တာရဝတီတိုင်း ( မ် )
ဒေသတွင်းတိုက်ပွဲတွေကြောင့် ပျက်စီးမှုအများဆုံး ကြုံတွေ့ခဲ့ရတဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ကို ပြန်လည်ထူထောင်ဖို့ ထရီလီယံနဲ့ချီတဲ့ ငွေကြေးကုန်ကျနိုင်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင်ဟာ အစိုးရသစ် တာဝန်ယူပြီး ရက်ပေါင်း ၂၂၂ ရက်ပြည့်မြောက် နိုဝင်ဘာ ၁၈ ရက်နေ့မှာ ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
မြို့ပြန်လည်ထူထောင်ရေးအတွက် ကုန်ကျနိုင်တဲ့ ငွေကြေးပမာဏကို ပြောကြားရာမှာတော့ မြန်မာကျပ်ငွေလား၊ အမေရိကန်ဒေါ်လာလားဆိုတာ ရှင်းလင်းစွာ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။
“အဲဒီက ဝန်ကြီးချုပ်တွေနဲ့ ကျနော့်ဆီက ဝန်ကြီးတွေကို တာဝန်ပေးပြီးတော့ ဒီးမော့ဆိုကို ပြန်ပြီးတော့ ထူထောင်ရေးလုပ်ငန်းလုပ်ပါလို့ ပြောတဲ့အခါကျတော့ အသစ်တွေတောင်းတာ နည်းတာမဟုတ်ဘူး။ တမြို့လုံးနီးပါးတော့ ပြန်ဆောက်ရမယ်လို့ သူတို့ပြောပါတယ်။ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုကို ထည့်သွင်းမယ်ဆိုရင် ဘီလီယံနဲ့မဟုတ်ဘူး၊ ထရီလီယံနဲ့ချီပြီးတော့ ဖြစ်သွားနိုင်ပါတယ်။ ဒါ PDF တွေဖျက်တာပဲ။ EAO တွေဖျက်တာပဲ” လို့ မင်းအောင်လှိုင်က မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် ဒီးမော့ဆိုမြို့ ရဲ့ပျက်စီးမှုတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြောင့်သာ ဖြစ်ပြီး အစိုးရက တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလို့လည်း မင်းအောင်လှိုင်က စွပ်စွဲပြောဆိုပါတယ်။ အာဏာသိမ်းပြီးနောက် အရပ်ဝတ်လဲကာ သမ္မတရာထူးယူထားတဲ့ မင်းအောင်လှိုင်အစိုးရအနေနဲ့ ပြည်သူတွေကို တိုက်စရာအကြောင်းမရှိဘူးလို့လည်း ပြောပါတယ်။
ဒါပေမဲ့ ယခု နိုဝင်ဘာလအတွင်းမှာပဲ အာဏာသိမ်းစစ်တပ်ဟာ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ ပွဲလမ်းသဘင်ကျင်းပရာနေရာတွေကို အသေခံဒရုန်းတွေနဲ့ ဆက်တိုက်တိုက်ခိုက်နေတယ်လို့ ဒီးမော့ဆိုမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
“ဘယ်လိုလုပ် PDF က ဖျက်ဆီးတယ်ဖြစ်ရမတုန်း။ သူတို့ကပဲ လူတွေရှိတဲ့နေရာကို ဗုံးလိုက်ကြဲနေတာလေ။ အခုဆိုလည်း အသေခံဒရုန်းတွေနဲ့ ဆက်တိုက်ပဲ။ လူတွေ သေနေကြရတာ။ ကျမတို့လည်း ငြိမ်းငြိမ်းချမ်းချမ်း နေချင်တာပေါ့” လို့ ဒီးမော့ဆိုမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင်က သစ်ပင်စိုက်ပွဲတခုမှာ ဒီးမော့ဆိုမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီးတဦးနဲ့ တွေ့ဆုံခဲ့ပြီး မြို့နယ်အတွင်း ဒေသခံတွေ ပြန်လည်နေထိုင်မှု ရှိ၊ မရှိ မေးမြန်းခဲ့ရာ ဒီးမော့ဆိုမြို့မှာ အဆောက်အအုံတွေ ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးသလို လုံခြုံရေးအခြေအနေလည်း မကောင်းသေးဘူးလို့ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ဖြေကြားခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် မြို့ပေါ်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေသာ ရှိနေသေးပြီး ဒေသခံပြည်သူတွေ မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ မင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
ဒီးမော့ဆိုမြို့မှာ ၂၀၂၁ ခုနှစ်ကစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ၊ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကြောင့် တမြို့လုံးနီးပါး ပျက်စီးနေတာဖြစ်ပါတယ်။
လက်ရှိမှာလည်း ဒီးမော့ဆိုမြို့ပေါ်က ဒေသခံတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်ပြီး မြို့တွင်းမှာ စစ်တပ်က နေရာယူထားတာကြောင့် နေအိမ်တွေမှာ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးပါဘူး။








