spot_imgspot_imgspot_imgspot_img
Monday, August 4, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံအင်းအရှေ့ဖက်ကမ်းက နေရပ်ပြန်လာတဲ့ ပြည်သူ တစ်ဦး မိုင်းနင်းမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံအင်းအရှေ့ဖက်ကမ်းက နေရပ်ကို ပြန်လာကြည့်တဲ့ အရပ်သား မိုင်းနင်းမိခဲ့တယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ အဆိုပါ မိုင်းနင်းမိသူဟာ အမျိုးသားဖြစ်ပါတယ်။

ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့မှာ ရွာပြန်လည်ရင်း နင်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“သိရတာက ရွာပြန်လည်ရင်းနဲ့ မိုင်းနင်းမိတာဆိုတော့ ရွာထဲပဲပေါ့နော်။ မနေ့ကပေါ့နော် ဖြစ်တာက။ နင်းမိတဲ့ သူရဲ့ ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရဘူး။ သူတို့ရဲ့ လုံခြုံရေးကြောင့် မပြောပြရဲတာဖြစ်နိုင်တယ်။ လက်ရှိအဲ့နေရာက စစ်ကောင်စီ ထိန်းချုပ်နယ်မြေဖြစ်နေပြီဆိုတော့။”လို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ရှမ်းပြည်တောင်ပိုင်းက ညောင်ရွှေ၊ ဖယ်ခုံ ၊ မိုးဗြဲမြို့တွေမှာ နယ်မြေရှင်းလင်းရေးအောင်မြင်ခဲ့ပြီး ကျေးရွာပေါင်း ၄၀ ကျော်ကိုလည်း တပ်မတော်က ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီက သူတို့ရဲ့ တယ်လီဂရမ်ချာနယ်တွေမှာ အသိပေး ထုတ်ပြန်ဖော်ပြထားတာရှိပါတယ်။

အခုလို နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ပြီးကြောင်း စစ်ကောင်စီတွေ ထုတ်ပြန်ပြီးတဲ့နောက်မှာ နေရပ်ပြန် ပြည်သူတွေ အခုလို မိုင်းနင်းမိတာတွေ ရှိလာတာလို့ စစ်ရှောင်ကူညီဆောင်ရွက်သူ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“စစ်ကောင်စီတွေ နယ်မြေရှင်းလင်းရေးပြန်လုပ်ပြီးပြီဆိုတဲ့ အခြေအနေ ထုတ်ပြန်ပြီးမှ အခုလို ကြုံရတဲ့အခြေအနေမှာ စစ်ကောင်စီတွေဖက်က ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့လဲဆိုတာတော့ စဥ်းစားစရာပဲပေါ့ ။ဆိုတော့ နောက်ထပ်ပြည်သူတွေကိုလည်း ထွေထွေထူးထူး ပြောစရာမလိုလောက်တော့ဘူး။ အခုက အဲ့နေရာက စစ်ကောင်စီထိန်းချုပ်နယ်မြေဖြစ်ပြီဆိုတော့ ပြည်သူတွေအနေနဲ့ ကိုယ်စီသတိထားသွားလာကြဖို့ပါပဲ။”လို့ စစ်ရှောင်ကူညီဆောင်ရွက်သူ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တစ်ခုမှာတော့ “ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပုန်းလောကျေးရွာ၊ တောင်ပို့ကြီးကျေးရွာ၊ ကုန်းပေါကျေးရွာ၊ ဆင်ဖြူကျေးရွာတွေကို ထိန်းချုပ်ပြီး အကြမ်းဖက်တွေကိုပြည်သူနဲ့ အတူရှင်းလင်းနိုင်ခဲ့ပြီး ကျောင်းတွေဆက်ဖွင့်ဖို့ဒေသခံတွေနဲ့ ဆွေးနွေးဆောင်ရွက်နေပြီဖြစ် လို့ပြည်သူတွေပျော်နေကြပြီ။” ဆိုပြီး ဖော်ပြထားတာရှိပါတယ်။

မိုးဗြဲမြို့နဲ့ မိုးဗြဲ၊ လွိုင်ကော် လမ်းမကြီး တစ်လျှောက်လုံးကို စစ်ကောင်စီထိန်းချုပ်ထားလိုက်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကတည်း ဖယ်ခုံအင်းအရှေ့ဖက်ကမ်းက ကျေးရွာ ပြည်သူအချို့ ပိတ်မိနေခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ ပိတ်မိပြည်သူတွေ ရှိနေဆဲဖြစ်ပါတယ်။

ပိတ်မိပြည်သူတွေရဲ့ လက်ရှိအခြေအနေကိုတော့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနကနေ စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

spot_img

Recent posts