spot_img
Homeမာလ်တီမီဒီယာမကွယ်နိုင်မှန်းသိပေမဲ့ ကာခဲ့ရတဲ့ အခိုက်အတံ့များ

မကွယ်နိုင်မှန်းသိပေမဲ့ ကာခဲ့ရတဲ့ အခိုက်အတံ့များ

-

(စာမူ)

ငိုနေတဲ့ ညီမငယ်ကို ရင်ခွင်ထဲထွေးပိုက်ပြီး လက်ထဲမှာ တံစဉ်တချောင်းကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတဲ့ အသက် ၁၄ နှစ်ဝန်းကျင်အရွယ်ရဲ့ မျက်ဝန်းမှာ ထိတ်လန့်ကြောက်ရွံ့မှုတွေအထင်းသားပေါ်နေပါတယ်။

လေယာဉ်သံ၊ ဗုံးသံတွေကြား ကြောက်လို့ငိုကြွေးနေတဲ့ ညီမငယ်ကို တလှည့် ဘေးပတ်ဝန်းကျင်ကိုတလှည့် မျက်နှာငယ်လေးနဲ့ ကြည့်ပြီး အားကိုးရှာနေပါတယ်။
အဲဒီနေ့ကတော့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ဖြစ်ပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းက သေးဆူလဲနဲ့ နန်းမယ်ခုံကျေးရွာတွေအကြားမှာရှိနေကြတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ထိတ်လန့်ဖွယ်ရာနေ့တနေ့ပါ။ အကြောင်းကတော့ အဲဒီဒေသတွင်းက ကျေးရွာ ၃ ရွာကို အာဏာသိမ်းစစ်အုပ်စုက ဂျက်ဖိုက်တာ ၂စီး အပြင် Y12 လို့ခေါ်တဲ့ လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာ၊ လေယာဉ်ပေါ်ပါ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။

အစ်မဖြစ်သူရဲ့ လက်ထဲက တံစဉ်းကတော့ အသက်ကို ကာကွယ်ပေးဖို့ မဖြစ်နိုင်မှန်းသိနေပေမဲ့ မိဘတွေမရှိခိုက်မှာ ကြောက်လို့ ငိုနေတဲ့ ညီမဖြစ်သူကို ကာကွယ်ပေးနိုင်ဖို့ သူမရဲ့ အသိက နိုးဆော်နေတာပါ။ ဒီအဖြစ်အပျက်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး ဗီဒီယိုမှတ်တမ်းကို ရိုက်ကူးထားတဲ့သူကတော့ ပြည်သူ့အကျိုးပြု စေတနာဝန်ထမ်း တစ်ဦးပါ။

စေတနာဝန်ထမ်းအပါအဝင် အဆိုပါညီအစ်မနှစ်ဦးတို့ ဟာ ဗုံးဒဏ်တွေကြားမှာ လုံခြုံဖို့ ၊ အသက်ဘေးက လွတ်မြောက်ဖို့ အတွက် မျှော်လင့်နေကြချိန်ပါ။
လေယာဉ်တွေနဲ့ ဗုံးမိုးရွာချနေတဲ့ကြားကနေ စေတနာ့ဝန်ထမ်းက သူ့အသက်ထက် ဒီကလေးတွေရဲ့အသက်ကို သူတတ်နိုင်သလောက် ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ကြောက်နေတဲ့ကလေးတွေကို အတတ်နိုင်ဆုံး ကူညီဖေးမဖို့ သူကြိုးစားခဲ့ပါတယ်။ ဒါတွေဟာ ရက်စက်မှုအပေါင်း သရဖူဆောင်ထားတဲ့ စစ်ဘီလူးတွေကြားထဲမှာ ရှင်သန်ဖို့ကြိုးစားနေကြရတဲ့ မြန်မာပြည်သူတွေရဲ့ ပကတိ အခြေအနေပဲဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဒီကလေးလေး ဘယ်လောက်တောင် ကြောက်နေခဲ့မလဲ…” မိဘတွေကလည်း လယ်ထဲမှာ အလုပ်လုပ်နေရင်း “ကလေးတွေ ဘာဖြစ်နေကြမလဲ…” “လုံခြုံကြရဲ့လား…” ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ရှိနေခဲ့ကြမှာပါ။

ကလေးတွေက မိဘတွေကို လိုအပ်တဲ့အရွယ်မှာ၊ မိဘရဲ့ ရင်ခွင်မှာ ရှိနေကြရမယ့် အရွယ်မှာ မိဘတွေကလည်း မိသားစုအသက်ရှင်နိုင်ဖို့အတွက် အန္တရာယ်ကြားကနေ အလုပ်လုပ်နေရပါတယ်။ ကလေးတွေကို ကာကွယ်ဖို့ မိဘတွေ အိမ်မှာနေရင် စားစရာမရှိနိုင်ဘူး။
စားစရာရဖို့ အလုပ်သွားရင်လည်း ကလေးတွေကို ချန်ထားရစ်ခဲ့ရပါတယ်။

ဒီလိုအခြေအနေတွေဟာ ကရင်နီပြည်အတွင်း စစ်ဘေးရှောင်မိသားစုများစွာ နေ့စဉ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲက ဖြစ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။

ဒီကလေးတွေဟာ စစ်ပွဲကို ရွေးချယ်ခဲ့ကြတာ မဟုတ်ပါဘူး။ မိသားစုနဲ့အတူ လုံခြုံစွာနေထိုင်ပြီး ကစားရမယ့်အရွယ်မှာ ဘယ်အချိန် ပုန်းရမလဲ၊ ဘယ်အချိန် ပြေးရမလဲဆိုတာကို သင်ယူနေရတဲ့ ကလေးတွေ ဖြစ်နေကြပါတယ်။

လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြသူတွေဖြစ်တာကြောင့် အခင်းဖြစ်ပွားနေချိန်မှာ အလုပ်လုပ်ကိုင်နိုင်တဲ့ မိဘတွေ၊ လူကြီးပိုင်းတွေဟာ နေအိမ်မှာမရှိကြပါဘူး။

“အဲဒီအချိန်မှာ မိဘတစ်ချို့က အိမ်မှာ မရှိကြပါဘူး။ သူတို့ဟာ စစ်ဘေးကြောင့် မတည်ငြိမ်တဲ့ နယ်မြေအခြေအနေကြားမှာ မနက်ဖြန် ဘယ်အချိန် ထပ်မံပြေးရမလဲဆိုတာ မသိနိုင်သေးပေမယ့်၊ မိသားစုအတွက် စားစရာဆန်ရရှိဖို့ တောင်ယာ၊ လယ်ယာထဲကို သွားပြီး ရိတ်သိမ်းနေကြရပါတယ်။ အကြွေးယူပြီး၊ အားလုံးရင်းနှီးပြီး စိုက်ပျိုးထားခဲ့တဲ့ သီးနှံတွေကို မရိတ်သိမ်းမီ ထပ်မံထွက်ပြေးရမယ်ဆိုရင် မိသားစုအတွက် နောက်ထပ်ဘာမှ ကျန်ရှိတော့မှာမဟုတ်ပါဘူး။”လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

အခုလို ပဋိပက္ခကာလမှာ မိသားစုစားဖို့ ဆန်တစ်အိတ်၊ စားစရာတစ်နပ်ဟာ သူတို့အတွက် ရိုးရိုးစားစရာမဟုတ်ဘဲ အသက်ဆက်ဖို့ အရေးကြီးတဲ့ အရာတစ်ခု ဖြစ်နေပါတယ်။
ဒါကြောင့် မိသားစုအတွက် မိဘတွေ လယ်ထဲမှာ အလုပ်လုပ်နေချိန်မှာ ကလေးတွေကို အိမ်မှာ ထားခဲ့ကြရပါတယ်။

အဲဒီနေ့ တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိသူ (၈)ဦး နှင့် သေဆုံးသူ (၁)ဦး ရှိခဲ့ပါတယ်။

ကရင်နီပြည်မှာ စစ်ရှောင်အရေးကူညီနေတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ပြုစုထားတဲ့ စရင်းတွေအရဆိုရင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၉ ရက်အတွင်း ကရင်နီပြည်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ မယ်စဲ့၊ မော်ချီး၊ ရှားတော၊ လွိုင်ကော် နှင့် အခြား နေရာတွေမှာ စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ ၇ ကြိမ်၊ ဒရုန်းများ ၉ ကြိမ်၊ လက်နက်ကြီးဖြင့် ၈ ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး အရပ်သား (၁၇) ဦး သေဆုံးကာ (၄၈) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ခံရတဲ့ လူထုနဲ့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက အတည်ပြုနေဆဲ အချက်အလက်တွေအရ ဒီကိန်းဂဏန်းတွေမှာ အပြောင်းအလဲရှိလာနိုင်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ