ကန္တာရ၀တီတိုင်း ( မ် )
ကရင်နီပြည်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလအတွင်း အသက် ၁၆ နှစ်အောက်အရွယ် ကလေး၅ ဦးအပါအဝင် အရပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စာရင်းဟာ ကန္တရဝတီတိုင်း(မ်) သတင်းဌာနရဲ့ လက်လှမ်းမီပြုစုထားတဲ့စာရင်းသာ ဖြစ်ပါတယ်။
ဖြစ်စဉ်အသေးစိတ်မှာတော့ စက်တင်ဘာလ ၂၄ ရက်နေ့က ဘောလခဲမြို့နယ်တနေရာမှာ လေယာဉ်ဗုံးစထိမှန်လို့ အမျိုးသား ၂ ဦး၊ စက်တင်ဘာလ ၂၁ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်က ဝါရီးဆူပလိုင်ကျေးရွာမှာ လက်နက်ကြီးကြောင့် အသက် ၅၀ ဝန်းကျင် အမျိုးသမီး ၁ ဦးနဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက မိဘမဲ့ဂေဟာအနီးကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ အသက် ၉ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့ပါတယ်။
အလားတူ စက်တင်ဘာလ ၁၄ ရက်နေ့က နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတရွာကို အသေခံဒရုန်းနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတဦး၊ စက်တင်ဘာ ၅ ရက်နေ့က ရှားတော (ဆိုမိုဖရေစိုးလေး)မြို့နယ်တနေရာကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၅ ဦးနဲ့ စက်တင်ဘာလ ၁ ရက်နေ့က မော်ချီးဒေသက ခဲလုပ်ကွင်းတနေရာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက် ၁၅ နှစ်အောက် ကလေးတဦးအပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်သေဆုံးခဲ့တာပါ။
လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ ဒရုန်းနဲ့ဗုံးကြဲမှု ၈ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုအတွင်း ကလေးငယ် ၅ ဦး၊ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၅ ဦး သေဆုံးခဲ့ရတာပါ။ အထူးသဖြင့် နန်းမယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖားဆောင်း၊ ရှားတော ( ဆိုမိုဖရေစိုးလေး) နဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုအပြင် အသက် ၁၆ နှစ်အောက် ကလေးငယ် ၈ ဦးအပါဝင် အရပ်သားပြည်သူ ၃၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်နီပြည်က အရပ်သားပြည်သူ နေထိုင်ရာကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်မှု၊ အသေခံဒရုန်း ဗုံးကြဲမှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို စက်တင်ဘာလအတွင်း အများဆုံး ပြုလုပ်ခဲ့ကြောင်း စာရင်းအရ သိရပါတယ်။
ကရင်နီပြည်နဲ့ ကယန်းဒေသအတွင်းမှာတော့ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူ ၉၀၄ ဦးသေဆုံးခဲ့တယ်လို့ အောက်တိုဘာလ ၁ ရက်နေ့မှာ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။







