ကန္တာရဝတီတိုင်း ( မ် )
အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေနေထိုင်တဲ့နေရာတွေနဲ့ လက်တကမ်းအကွာမှာ ရှိနေတတ်တဲ့ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ကလေးသူငယ်တွေအပါအဝင် ပြည်သူများစွာ အသက်သေဆုံးတာ (သို့မဟုတ်) ထိခိုက်ဒဏ်ရာရတာတွေ ကြုံတွေ့နေကြရပါတယ်။
အထူးသဖြင့် မသိနားမလည်သေးတဲ့ ကလေးငယ်တွေက မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပစ္စည်းတွေကို ကစားစရာနဲ့ မှားတတ်ကြပါတယ်။ ဒါ့အပြင် ကလေးမိဘတွေကိုယ်တိုင် မသိရှိ၊ နားမလည်ဘဲ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကို ယူဆောင်လာပြီး ကလေးတွေကို ဆော့ကစားစေကာ ကလေးသေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေ ကရင်နီမှာ ရှိခဲ့ပါတယ်။
မိမိကိုယ်တိုင် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ကို သိရှိနားလည်မှ မိမိရဲ့ ရင်သွေးငယ်တွေလည်း ဘေးကင်းလုံခြုံမှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ဘေးကင်းလုံခြုံစေဖို့ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာကို မျှဝေပေးမှာဖြစ်ပါတယ်။
ကလေးတွေကို အန္တရာယ်ကင်းစေဖို့ ဘယ်လိုပြောပြထားရမလဲ
မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်အကြောင်းကို မိမိရဲ့ ကလေးတွေကို ပြောပြတော့မယ်ဆိုရင် သူတို့ရဲ့ အသက်အရွယ်အရ နားလည်နိုင်တဲ့အလွယ်ကူဆုံး စကားတွေကို အသုံးပြုရပါမယ်။
မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲပစ္စည်းတွေဟာ ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုး ဖြစ်နိုင်ပြီး ပစ္စည်းမျိုးစုံနဲ့ လုပ်ထားနိုင်တဲ့အတွက် ကစားစရာနဲ့လည်း ဆင်တူနိုင်ပါတယ်။ တခါတလေမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ အရောင်တောက်ပပြီး ဘောလုံးလိုမျိုး လုံးဝန်းတဲ့ပုံသဏ္ဌာန်နဲ့ ဖြစ်နိုင်ပါသေးတယ်။
ဒါကြောင့် မိဘဆွေမျိုးနဲ့ ရင်းနှီးတဲ့လူကြီးတွေက ပေးတာမဟုတ်ရင် ကစားစရာအပါအဝင် ဘယ်အရာကိုမှ မယူရဘူးဆိုတာ ကလေးတွေကို ပြောပြလို့ရပါတယ်။ ကလေးတွေ ဆော့ကစားကြ တဲ့အခါ သူတို့ထဲမှ ကလေးတဦးဦးက သံသယဖြစ်ဖွယ် ပစ္စည်းတခုခုနဲ့ ဆော့နေတာကို တွေ့ရင် ချက်ခြင်း ရပ်တန့်ဖို့ နဲ့ လူကြီးတဦးဦးကို အလျှင်အမြန်ပြောပြဖို့ ပြောပြထားရမှာဖြစ်ပါတယ်။
ဒါတွေအပြင် ကိုယ့်ဆီကနေ အောက်ကို ပြုတ်ကျသွားတဲ့အရာမဟုတ်ရင် လုံးဝ မကောက်ယူဖို့နဲ့ အန္တရာယ်ရှိတယ်လို့ ပြောထားတဲ့နေရာကို ဘယ်သူခေါ်ခေါ် လုံးဝ သွားမကစားရဘူး ဆိုတာကို ကလေးငယ်တွေ သေချာနားလည်အောင် ရှင်းပြထားရမှာဖြစ်ပါတယ်။
မိမိတို့ရဲ့ ကလေးငယ်တွေကို စာသင်ကျောင်းလိုမျိုး (သို့မဟုတ်) တနေရာရာကို သွားစေလိုတဲ့အခါ အများသူငှါသွားလာတဲ့ လမ်းအတိုင်းသွားလာစေပြီး ဖြတ်လမ်းအသုံးမပြုဖို့ ပြောပြထားရပါမယ်။ မိမိမှာ အန္တရာယ်ရှိတယ်လို့ သိထားတဲ့နေရာတွေကို မိမိရဲ့ရင်သွေးငယ်တွေ လုံးဝမသွားလာဖို့နဲ့ ဆော့စကားတာမျိုးကို လုံးဝမပြုလုပ်ဖို့ သေချာရှင်းပြထားရပါမယ်။
မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေဟာ မည်သူမည်ဝါ၊ မည်သည့်အသက်အရွယ် မခွဲခြားဘဲ ထိမိ၊ ကိုင်မိရင် (သို့မဟုတ်) တချို့အချိန်တွေမှာ အပူ ၊ အလင်းရောင်နဲ့ သတ္တုပစ္စည်း တွေကြောင့် အချိန်မရွေး ပေါက်ကွဲနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ ကိုယ်အလေးချိန်ဟာ အလွန်ပေါ့ပါး တာကြောင့် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ မပေါက်ကွဲနိုင်ဘူးဆိုတဲ့ သတင်းစကားက လုံးဝမှားယွင်းနေပါတယ်။
အမှန်စင်စစ် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ပေါက်ကွဲစေဖို့ ကလေးငယ်တွေရဲ့ ကိုယ်အလေးချိန်ဟာ လုံးဝ မပေါ့ပါးနေပါဘူး။ ဒါကို မိဘတွေအနေနဲ့ လုံးဝပေါ့ဆလို့မရတဲ့ အရာတခုဖြစ်ပါတယ်။
ကလေးတွေ အန္တရာယ်နဲ့တွေ့ရင် ဘယ်လိုလုပ်ဆောင်မလဲ
မိမိရဲ့ ကလေးငယ်တွေ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့ရတဲ့ အခါမျိုးမှာ မိမိကိုယ်တိုင်စိတ်အတည်ငြိမ်ဆုံးထားပြီး မိမိအပါအဝင် ကလေးငယ်ကို လှုပ်ရှားမှုကနေ ချက်ခြင်း ရပ်တန့်ခိုင်းရပါမယ်။ အဲဒီပစ္စည်းတွေကို ထိတာ၊ ကိုင်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။
ဒါ့အပြင် မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေကို နေရာရွှေ့ဖို့ကြိုးစားတာ၊ ကောက်ယူတာ၊ ဒုတ်နဲ့ထိုးတာ၊ တစုံတခုနဲ့ ပစ်ပေါက်တာ၊ မီးရှို့တာ စတာတွေကိုလည်း လုံးဝ မပြုလုပ်သင့်ပါဘူး။ မိမိ ကလေးငယ်ဟာ မိုင်းစက်ကွင်းထဲ ရောက်ခဲ့မယ်ဆိုရင် သူတို့လာရာလမ်းအတိုင်း ခြေရာကို နောက်ပြန် ဆုတ်ပြီးပြန်လာဖို့ အတည်ငြိမ်ဆုံးနဲ့ သူတို့ကို ပြောပြရမှာဖြစ်ပါတယ်။
မိမိရဲ့ကလေးတွေ ဘေးကင်းလုံခြုံဖို့ ဘာတွေလုပ်ဆောင်သင့်လဲ
မိမိတို့နေထိုင်တဲ့ကျေးရွာ (သို့မဟုတ်) စစ်ရှောင်စခန်းတွေမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်း တွေရဲ့ ပေါက်ကွဲနိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်တဲ့ ပညာပေးတာတွေကို လက်ခံရရှိပြီးသားဖြစ်ရပါမယ်။ ဒါမှသာ မိမိရဲ့ ရင်သွေးငယ်တွေကို ဘေးကင်းလုံခြုံဖို့ စနစ်တကျ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။
မိမိရဲ့ကလေးတွေကို ဘေးကင်းလုံခြုံစေဖို့ နေရာထိုင်ခင်းတွေကို သေချာစီစဉ်ထားရပါမယ်။ သူတို့တွေ မသွားရမယ့်နေရာ၊ ဆော့ကစားလို့မရတဲ့ နေရာတွေကို နယ်နမိတ် အတားအဆီးတွေ ပြုလုပ်ထားပေးပါ။ မိုင်းနဲ့ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေဟာ လူတွေကို ဘယ်လောက်ထိ အန္တရာယ်ပြုနိုင်ကြောင်း သေချာရှင်းပြပေးပါ။
ဘေးကင်းလုံခြုံတဲ့ အပြုအမူတွေကို သေချာရှင်းပြထားပြီး မိမိကိုယ်တိုင် ကလေးတွေရဲ့ရှေ့မှာ အမြဲတမ်း စံနမူနာကောင်းဖြစ်အောင် နေထိုင်ပြဖို့လိုပါတယ်။ နွားကျောင်းတာ၊ ခြံဝန်းတွင်း ဟင်းသီးဟင်းရွက်ခူးဆွတ်တာ၊ ဟင်းရှာထွက်တာ၊ ထင်းရှာထွက်တာ စတဲ့လုပ်ဆောင်မှုတွေ ပြုလုပ်တဲ့အခါ ကလေးတွေကို လုံးဝ မခေါ်သွားသင့်ပါဘူး။
ကလေးတွေကို အမှိုက်သရိုက်၊ အပျက်အစီးတွေရှိတဲ့နေရာတွေမှာ နေခိုင်းစေတာ (သို့မဟုတ်) ဆော့ကစား စေတာတွေကို တားမြစ်ထားရမှာဖြစ်ပါတယ်။