ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်အတိုင်းအတာအရ စပါး စိုက်ပျိုးမှု ပိုမိုများပြားတဲ့ ရှမ်း-ကရင်နီ နယ်စပ်က မိုးဗြဲမြို့နဲ့ ဖယ်ခုံဒေသခံ လူထုတွေဟာ စစ်ဘေးကြောင့် ထပ်မံတိမ်းရှောင်နေကြရတာကြောင့် ရှေ့ဆက်မှာ စစ်ရှောင်လူထုတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေ ပိုများလာနိုင်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ ဌာနမှူးကြီး ခွံမာတီးယာက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
“စစ်ရှောင်လူထုရဲ့ အခြေအနေနဲ့ သူတို့ရဲ့ စားနပ်ရိက္ခာလိုအပ်မှုက ကြီးမားနေအုံးမှာပဲ။ ပိုပြီးကြီးမားမယ် ဒီနှစ်က။ ဘာဖြစ်လို့လဲဆိုရင် စိုက်ပျိုးရေးကလည်း မိုးကြီးတော့ မနေ့တစ်နေ့ကမှ စိုက်ထားတာလည်း ရေမြှုပ်ကုန်ပြီ။ စစ်ကလည်း ထပ်ရှောင်ရပြီ။ ထိုးစစ်ကလည်း ပိုပိုပြီး ထိုးလာတယ်။ ဆိုတော့ ဒီစိန်ခေါ်မှုကတော့ ကြီးနေအုံးမယ်။” လို့ ခွံမာတီးယာက ဆိုပါတယ်။
မိုးဗြဲမြို့အနီးနားက ကျေးရွာလူထုတွေဟာ ပြီးခဲ့တဲ့ ဇူလိုင် (၂၅) ရက်နေ့က စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် မမှည့်သေးတဲ့စပါးခင်းတွေကို ရိတ်သိမ်းခဲ့ရသလို မရိတ်သိမ်းနိုင်တဲ့ စပါး ဧကထောင်ချီကို ချန်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။
စစ်ကြောင်း ထပ်မံမထိုးလာခင်အတွင်း စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့တဲ့ တောင်သူအချို့တွေလည်း စပါးစျေးမရှိတဲ့ ပြသနာတွေ ရင်ဆိုင်ခဲ့ရပြီး လာမယ့်နှစ်တွေမှာတော့ စပါးစိုက်ပျိုးမှု နည်းပါးလာနိုင်တယ်လို့ မိုးဗြဲ ဒေသခံအမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။
“ဒီနှစ်က စပါးစျေးလည်းမရှိတော့ လယ်သမားတွေအတွက်က အရင်းနဲ့ အမြတ်နဲ့ မကိုက်လို့ စပါးကို သိသိသာသာ လျော့စိုက်လာကြပြီ။ ဒီအတိုင်းဆို နောက်နှစ်တွေမှာ စပါး စိုက်တောင်သူနည်းလာမှာသေချာတယ်။“လို့ မိုးဗြဲ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
ကရင်နီပြည်အတွင်းက လူထုတွေဟာ လက်နက်ကြီးအန္တရာယ်၊ မြေမြှုပ်မိုင်းအန္တရာယ်တွေ ကြောင့် စိုက်ပျိုးရေး ပြန်လည်လုပ်ကိုင်နိုင်သူ အနည်းအကျဥ်းသာ ရှိသလို စိုက်ပျိုးလို့ရတဲ့ မြေဧရိယာလည်း အနည်းငယ်သာ ရှိပါတယ်။
ကျေးရွာအတွင်း ပြန်လည်နေထိုင်စိုက်ပျိုး လုပ်ကိုင်လို့မရတဲ့ စစ်ရှောင်လူထုတွေဟာ ဝယ်ယူစားသုံးနေကြရတာကြောင့် ရှေ့ဆက်မှာ လူထုတွေရဲ့ ကြီးမားတဲ့ စိတ်ခေါ်မှုဖြစ်တဲ့ စားနပ်ရိက္ခာလိုအပ်ချက်တွေ ရင်ဆိုင်နေမှာဖြစ်ကြောင်း ခွံမာတီးယာက ဖြည့်စွက်ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြန်လည်စိုက်ပျိုးလုပ်ကိုင်ကြတဲ့ တောင်သူအချို့မှာလည်း အကြွေးနဲ့သာ စိုက်ပျိုးနေကြရတာရှိပြီး စပါးစျေးမရှိတဲ့ အချိန်မျိုးတွေမှာ ကိုယ်စားဖို့အတွက်သာ စိုက်ပျိုးနိုင်ကြလိမ့်မယ်လို့ နောက်ထပ် မိုးဗြဲ ဒေသခံအမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။
“စပါးစိုက်တာက အကြွေးနဲ့ စိုက်တဲ့သူလည်းရှိတယ်လေ။ စပါးစျေးမရှိရင် ပြန်ရိတ်သိမ်းပြီးရင်တော့ အကယ်၍ စားဖို့လျာထားရင်တော့ ကြေမှာမဟုတ်ဘူး အကြွေးက။ အရင်းဆပ်လိုက်မယ်ဆိုရင်တော့ စားဖို့ က ရှိမှာမဟုတ်ဘူးပေါ့။ အဲ့ကြောင့် စားဖို့ဘဲ စိုက်ကြမလာ စီးပွားဖြစ် စိုက်ကြမလာဆိုတာ စဥ်းစားစရာတွေ ဖြစ်ကုန်တယ်။”လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က စတင်ခဲ့တဲ့ စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် ကရင်နီပြည်မှာတော့ စစ်ရှောင်တွေဟာ နေ့စဥ်နဲ့အမျှ ထပ်တိုးလာနေဆဲ ဖြစ်ပါတယ်။
မူလ စစ်ရှောင်နဲ့ လတ်လတ်လောလော တိမ်းရှောင်ကြရတဲ့ စစ်ရှောင်တွေရဲ့ စားနပ်ရိက္ခာအတွက်ကိုတော့ (IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်နေရာချထားရေးဌာနအနေနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ပေမဲ့ ရန်ပုံငွေလုံလောက်မှုတွေအပြင် အထောက်အပံ့လုံလောက်မှုတွေ မရှိတာကြောင့် ချေးငှားပြီး ဖြေရှင်းဆောင်ရွက်ရနိုင်ချေတွေ ဖြစ်လာနိုင်တယ်လို့ IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ ဌာနမှူးကြီး ခွံမာတီးယာဆီက ပြောပါတယ်။