spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်းက ပျက်စီးသွားတဲ့နေအိမ်တွေ အတွက် စစ်ကော်မရှင်က ထောက်ပံ့ကြေးပေးပေမယ့် အားလုံးမရ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

လွိုင်ကော်မြို့သိမ်း တိုက်ပွဲတွေကြား ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လွိုင်ကော်မြို့ပေါ် ရပ်ကွက်က နေအိမ် ၆၀၀ လုံး အတွက် စစ်ကော်မရှင်ကနေ ငွေကျပ် ၂၆၆၆ သိန်း ပေးအပ်တဲ့ အခမ်းအနားကို ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

၂၀၂၃ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တစ်လေးလုံး စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ လေယာဉ်ပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှု နဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကြောင့် လုံးဝပျက်စီးသွားတဲ့ အိမ် (၄၃၃) လုံး နဲ့ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတဲ့ အိမ် (၁၆၇) လုံး စုစုပေါင်း နေအိမ် ၆၀၀ လုံးရှိတယ်လို့ စစ်ကောင်စီဖက်က ပြောပါတယ်။ နေအိမ်တလုံးအတွက် ထောက်ပံ့ကြေးပေးတဲ့ ပမာဏကိုတော့ အတိအကျ မသိရပါဘူး။

တိုက်ပွဲတွေကြောင့် မြို့ပေါ်ရပ်ကွက်က ဒေသခံအများစုဟာ တခြားနီးစပ်ရာဒေသတွေမှာ သွားရောက်တိမ်းရှောင်ကြတာကြောင့် အိမ်ပျက်စီးသွားတဲ့ မြို့ခံတွေကိုယ်စား ကိုယ်စားလှယ်တွေက လက်ခံယူထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ရပ်ကွက်တွေ ကိုတော့ပေးတယ်။ ကျေးရွာအုပ်စုတွေတော့ မပါဘူးထင်တယ်။ ကိုယ်စားလှယ်တွေ က ယူပေးတာဆိုတော့ အိမ်ရှင်တွေ တကယ်ရမရတော့ မပြောတတ်ဘူး။”လို့ အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောပါတယ်။

ထောက်ပံ့ကြေးပေးတဲ့အထဲမှာ လွိုင်ကော်မြို့စွန်က ပန်ကန်း၊ ချိကယ်၊ ထေးငှားလျား ၊ ဘာဒို စတဲ့ ကျေးရွာတွေ မပါဝင်သလို ထောက်ပံ့ကြေးပေးမယ့် အကြောင်းကိုလည်း မြို့ခံအများစုက မသိရှိကြဘူးလို့ ဆိုပါတယ်။ အဆိုပါ ရပ်ကွက် ၊ ကျေးရွာအုပ်စုတွေဟာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်။

“မသိဘူးဗျ။ ထောက်ပံ့ကြေးပေးတာ မပေးတာ အကြောင်းလည်းမကြားပါဘူး။ အိမ်က အစက ပြန်ဆောက်ရမှာရယ် မိုင်းရန်တွေလည်း ကြောက်ရတော့ ပြန်လည်း မပြန်ဖြစ်ပါဘူး။”လို့ တခြားနေရာကို စစ်ဘေးရှောင်နေတဲ့ လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်ထုတ်ပြန်တဲ့စာရင်းအရကတော့ မင်းစု၊ ဒေါနိုးကူး၊ မြေနီကုန်း ရပ်ကွက်က ပျက်စီးနေအိမ် (၁၁၀) လုံး ၊ နောင်ယား(က)၊ မင်္ဂလာ၊ ဒေါတမရပ်ကွက်က ပျက်စီးနေအိမ် (၁၀၂) လုံး ၊ ဈေးပိုင်း၊ နမ့်ဘော်ဝမ်(က) ၊ နမ့်ဘော်ဝမ် (ခ)၊ ဒေါဥခူ၊ ရွှေတောင်၊ နာနတ်တော၊ လောဓမ္မ၊ ထေးသမ၊ ဓမ္မာရုံ၊ နမ့်ကွတ်၊ နောင်ယား(ခ)၊ နာနတ်တော၊ မိုင်းလုံး၊ ရှမ်းစုရပ်ကွက်က ပျက်စီးနေအိမ် (၃၈၈)လုံး ကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့အတွင်းက နေအိမ်ပျက်စီးတဲ့ ဒေသခံအများစုဟာ နေရပ် မပြန်ကြသေးဘဲ အခြား မြို့ရွာတွေမှာ တိမ်းရှောင်နေကြဆဲဖြစ်ပြီး စစ်ကော်မရှင်အုပ်ချုပ်ရေးအဖွဲ့က ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ရှိနေတဲ့ လူထုတွေကို အခုလို စည်းရုံးနေတာဖြစ်တယ်လို့ မြို့ခံတွေက သုံးသပ်ကြပါတယ်။ ထောက်ပံ့မှုပေးအပ်တဲ့နေရာမှာလည်း စစ်ကော်မရှင်ဟာ သူတို့လက်အောက်ခံ အုပ်ချုပ်ရေး ဝန်ထမ်းတွေ၊ တပ်ပိုင်းဆိုင်ရာနဲ့ နီးစပ်တဲ့သူတွေကိုသာ ပေးအပ်ခဲ့တယ်လို့လည်း လွိုင်ကော်မြို့ခံတချို့က ပြောဆိုပါတယ်။

spot_img

Recent posts