spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

ညောင်ရွှေနဲ့ ပင်လောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ PNO တို့ရဲ့ ပစ်ခတ်မှုတွေကြောင့် တစ်လအတွင်း အရပ်သားနေအိမ် ၄၀ ကျော်ပျက်စီးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အတွင်းက ကျေးရွာအချို့မှာ စစ်ကောင်စီ နဲ ပအိုဝ်း ပြည်သူ့စစ် PNO ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မေလ တစ်လအတွင်း နေအိမ် ၄၃ လုံးနဲ့ အထက် ပျက်စီးခဲ့တယ်လို့ ယမန်နေ့ ဇွန်လ ၃ရက်နေ့မှာ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် စစ်‌ကောင်စီတပ်နဲ့ PNA/PNO ပြည်သူ့စစ်တို့ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး၊ လေကြောင်းဗုံးကြဲမှု နဲ့ ဒရုန်းဗုံး ပစ်ခတ်မှုတွေကြောင့် ပျက်စီးတဲ့ စာရင်းဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါ ပျက်စီးသွားခဲ့တဲ့ နေအိမ် ၄၀ ကျော်ထဲမှာတော့ မီးလောင်ပျက်စီးတာ ၃၂ အိမ်နဲ့ အထက်ရှိပြီး ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ် ၁၁ လုံးရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေကတော့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း မီးလောင်တာရှိသလို စစ်ကောင်စီနဲ့ PNO တို့က တမင် မီးရှို့ဖျက်စီးခဲ့တာလည်းရှိတယ်လို့ ဆိုထားပါတယ်။

“တိုက်ပွဲဖြစ်ရင် လူထုတွေက ကျေးရွာထဲ နေလို့မရတော့ဘူး။ အဲ့ချိန်မှာသူတို့(စစ်ကောင်စီ) အတွက်က ဖျက်ဆီးဖို့ ပိုလွတ်လပ်နေပြီ ဆိုတဲ့သဘောပေါ့။ လူထုပိုင်တွေကို ကြိုက်သလိုလုပ်လို့ရပြီ အဲ့လိုဖြစ်နေတယ်။ လူထုပိုင်နေရင်တောင် ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ဘူးလေ။ တားလို့လည်းမှမရတာ။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ပင်လောင်းမြို့နယ်ထဲက ဆောင်းပြောင်းကျေးရွာနဲ့ ညောင်ရွှေမြို့နယ်အတွင်းက စန့်စွဲကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ စစ်ကောင်စီက ၄ ရက်ဆက်တိုက် နေအိမ်တွေကို မီးရှို့ခဲ့တာရှိပြီး ပြည်သူ့နေအိမ် ၂၀ နီးပါး မီးလောင်ပျက်စီးခဲ့တာရှိပါတယ်။

ရှမ်းပြည်တောင်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တဲ့ ကျေးရွာတွေပြင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေမှာလည်း လက်ရှိအချိန်ထိ လူထုနေအိမ်တွေကို ပစ်ခတ်တိုက်ခိုက်တာ တမင်မီးရှို့ဖျက်စီးတာတွေ လုပ်နေဆဲဖြစ်တယ်လို့ မြေပြင်တော်လှန်ရေးတပ်တွေဆီကနေ သိရပါတယ်။

spot_img

Recent posts