spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကဏ္ဍစုံကနေ အာဏာရှင်ကိုတော်လှန်ဖို့ PNLA က တပ်သားသစ် ခေါ်ယူနေ

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တဲ့နေရာမှာ ကဏ္ဍပေါင်းစုံကနေ ပါဝင်နိုင်ဖို့အတွက် တပ်သားသစ်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA ) ကနေ ခေါ်ယူနေပါတယ်။

အသက် ၁၈နှစ်ပြည့်ပြီး စစ်အာဏာရှင်ကို အမှန်တကယ် တွန်းလှန်တိုက်ခိုက်လိုသူတိုင်းကို လူဦးရေ အကန့်အသတ်မရှိ လက်ခံနေတယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကျနော်တို့ ရဲဘော်အသစ်တွေကို လူမျိုးမရွေး ဘာသာမရွေး အကန့်အသတ်မရှိ လက်ခံနေပါတယ်။ ကန့်သတ်ချက်ကတော့ များများစားစားမရှိပါဘူး။ စစ်အာဏာရှင်ကို အမြစ်ပြတ် တိုက်ဖျက်ချင်တဲ့ အသက်လည်း ၁၈နှစ် အနည်းဆုံးရှိတယ်ဆိုရင်တော့ ကျနော်တို့ လက်ခံရရှိပါတယ်။” လို့ ခွန်ရိန်းယံက ဆိုပါတယ်။

ဝင်လာမည့် တပ်သားသစ်တွေအနေနဲ့ တိုက်ခိုက်ရေးအပြင် အခြားသော တော်လှန်ရေးကဏ္ဍတွေမှာ ပါဝင်ထမ်းဆောင်နိုင်မှာဖြစ်တယ်လို့ ခွန်ရိန်းယံက ဆက်ပြောပါတယ်။

“ကျနော်တို့ တော်လှန်ရေးဆိုတာက တိုက်ခိုက်ရေးတစ်ခုတည်းမဟုတ်ပါဘူး။ တိုက်ခိုက်ရေး၊ ဆေးတာဝန်၊ ထောက်ပို့၊ နည်းပညာ စသဖြင့်ပေါ့နော် အများကြီးရှိပါတယ်။ အဲ့တော့ ကိုယ်နဲ့ ကိုက်ညီရာ ကိုယ်နဲ့ ဝါသနာပါရာ ကဏ္ဍတွေမှာ ဝင်ရောက်ပြီးတော့ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဆက်သွယ်ဝင်ရောက်လာသူတွေအနေနဲ့ PNLA ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ (PNLA News and Information) လာရောက် ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် ပါဝင်ပေးကြဖို့ PNLA က ဖိတ်ခေါ်ထားပါတယ်။

ပအိုဝ်းဒေသအတွင်းက ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်တွေမှာ PNLA ဟာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတာ ၃လကျော်ကြာမြှင့်နေပြီဖြစ်ပါတယ်။

spot_img
spot_img