spot_imgspot_imgspot_imgspot_img
Saturday, December 14, 2024
spot_imgspot_imgspot_imgspot_img

ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကရင်နီစစ်ဘေးဒုက္ခသည်တွေအနေနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲ

ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကရင်နီစစ်ဘေးဒုက္ခသည်တွေအနေနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ပတ်သက်ပြီး ဘာတွေပြောဆိုပြီး ရှေ့လာမယ့် အနာဂတ်မှာ ဘာတွေမျှော်လင့်ထားပါသလဲ။

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး

“ရှေ့ဆက်လျှောက် ငြိမ်းချမ်းရေးပဲ လိုချင်တယ်။ ရွာပြန်နေရမလား၊ အိမ်ပြန်နေရမလား အဲ့လိုမျိုးတော့ တွေးတယ်ပေါ့။ ငြိမ်းချမ်းရေး ဘယ်ချိန်ရမလဲ အဲ့လိုတော့ တွေးနေတယ်ပေါ့။ အိမ်ပြန်နေရဖို့က မျှော်လင့်ချက်တွေရှိနေသေးတယ်။”

ဦးစောကို

“အေးအေးချမ်းချမ်း ကလေးတွေလည်း စာသင်လို့ရအောင် အေးအေးချမ်းချမ်း အရင်တုန်းကပုံစံမျိုးဖြစ်အောင် ဖြစ်စေချင်တာပေါ့နော။ အရင်ကပုံစံမျိုးဆိုရင် လွတ်လွတ်လပ်လပ် စားသောက်လို့ရတယ်၊ သွားလာလို့ရတယ်။ အခုက ဟိုလမ်းတွေပိတ်၊ ဒီလမ်းတွေပိတ်။ စျေးနှုန်းတွေက တအားစျေးကြီးလာပြီလေ။ လမ်းလည်းသွားလို့လာလို့ အဆင်မပြေဘူးလေ။ ဟိုလမ်းတွေပိတ်၊ ဒီလမ်းတွေပိတ်ဆိုတော့ ရွာသားတွေက ဘာနဲ့သွားစားကြမလဲ။ အရင်တုန်းက ၅၀ တန်ကို ၅၀၀ လုပ်ပြီးရောင်းနေရတာ။ ဝင်ငွေကျမရှိ၊ ထွက်ငွေပဲရှိတယ်လေ။ အဲ့ကြောင့် ဘယ်လိုမှ စားလို့သွားလို့လာလို့လည်းမဖြစ်။ လယ်သမားတွေဆိုလည်း ကြည့်လေ မြေဩဇာတွေကစျေးကြီး၊ စပါးကျတော့ သူတို့ဝယ်ကြတော့ စျေးချိုချိုနဲ့ဝယ်ကြတယ်။ တောင်သူလယ်သမားတွေက တအားဒုက္ခရောက်ကြတယ်ပေါ့နော။ ဖြစ်နိုင်လို့ရှိရင်တော့ အေးအေးချမ်းချမ်း ဖြစ်သွားအောင်တော့ ကြိုးစားပေးကြပေါ့။ ပြောချင်ပါတယ်။”

ဦးမြာရယ်

“ကျနော်တို့ ဒုက္ခသည်တစ်ယောက်အနေနဲ့ဆိုရင် ဘယ်သူမဆို ကိုယ့်နိုင်ငံထဲမှာနေလို့ရှိရင် ကိုယ့်ရဲ့ဘဝအာမခံချက်၊ ကိုယ့်ရဲ့အသက်အာမခံချက် လူတိုင်းမှာ ရှိချင်ကြတယ်။ ဒါပေမဲ့ ကျနော်တို့ အခု ဒုက္ခသည်ဘဝမှာ အခု ကျနော်တို့လက်ရှိနေတဲ့ ကျနော်တို့မြန်မာနိုင်ငံထဲမှာက ဘဝရဲ့အာမခံချက်ဆိုတာ မရှိဘူး။ အသက်အာမခံချက်ဆိုလည်း မရှိဘူး။ သူများနိုင်ငံနဲ့ယှဉ်လို့ရှိရင် အများကြီးကွာဟမှုရှိတယ်ပေါ့။ ကမ္ဘာ့ဒုက္ခသည်များနေ့မှာဆိုလို့ရှိရင် ကျနော်တို့က ဆင်းရဲဒုက္ခတွေကို အများဆုံး ကင်းဝေးပါစေလို့ ကျနော်တို့ကို ကူညီသင့်တဲ့ ကူညီထိုက်တဲ့ဟာတွေလည်း အမြန်ဆုံး ကူညီပေးပါလို့ ကျနော်တစ်ယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်။”

ဦးတီရယ်

“လွတ်လွတ်လပ်လပ်နေရတဲ့ချိန်က ပြန်လိုချင်တယ်။ ဒီမီုကရေစီကို လိုချင်တယ်ပေါ့။ အေးအေးချမ်းချမ်းနဲ့ တန်းတူညီတူသွားချင်တယ်။ ဘယ်သွားသွားလာလာ ပြန်အဆင်ပြေဖို့၊ စီးပွားရေး ပြန်လည်ရှာဖွေစားသောက်နိုင်ဖို့၊ အေးချမ်းတဲ့ဘဝ ပြန်လိုချင်တယ်။ ပြီးတော့ ကလေးတွေကိုလည်း ကျောင်းပြန်ထားချင်တယ်။ ပညာရေးဘက်လည်း ပြန်ရခိုင်းစေတယ်။ အဲ့လိုမျိုး လိုချင်တယ်ပေါ့နော။ တိုက်ပွဲက မလိုချင်တော့ဘူး။ မမြင်ချင်တော့ဘူး။ ဒုက္ခရောက်နေတယ်ပြောရရင် အမျိုးမျိုးပေါ့။ ကျနော်တို့သားမြေးတွေထိ ကျောင်းတွေမထားပေးနိုင်တော့ဘူး။ ပြီးတော့ စားဖို့သောက်ဖို့ ကျနော်တို့ ပိုက်ဆံရှာရင်လည်း ဘယ်နားရှာရမှန်း မသိတော့ဘူး။”

မော်ကိုမယ်
ကရင်နီဒုက္ခသည် အမှတ် (၁) တွင် နေထိုင်သူ

‘’အခက်အခဲတော့ အများကြီးရှိတာပေါ့နော်။ အဲ့ဒီထဲမှာ ပညာရေးတွေ ပြီးတော့ ဒီစားဝတ်နေရေးတွေနဲ့ အလုပ်အခွင့်အရေးတွေ ပိုပြီးတော့မှ အခက်အခဲပိုရှိတယ်လို့ ကျမမြင်မိတယ်ပေါ့နော်။ ဥပမာ ဒီပညာရေးအခက်အခဲ ပြောတဲ့နေရာတွေမှာဆိုရင် ကျမတို့က စခန်းကျောင်းတက်ပြီးသွားပြီဆိုလို့ရှိရင်တော့ ပြင်ပကကျောင်းတွေ ကျမတို့တက်နိုင်ဖို့က အခွင့်အလမ်းက နည်းသွားပြီလို့ ကျမမြင်တာပေါ့နော။ ပြီးတော့ နောက်ထပ်တစ်ခုက စားဝတ်နေရေးပိုင်းမှာဆိုလို့ရှိရင်လည်း ဒီလိုမျိုးပေါ့နော်။ အလှူရှင်တွေကလည်း တဖြည်းဖြည်းနဲ့ ရိက္ခာပိုင်းမှာ လျော့လာပြီ။ လျော့လာတဲ့အပေါ်မှာ ကျမတို့လူထုတွေက စိတ်ခေါ်မှုတွေ အခက်အခဲတွေ အများကြီးရှိတယ်ပေါ့နော။ ပြီးတော့ အလုပ်အခွင့်အလမ်းပြောတဲ့နေရာမှာလည်း ကျမတို့က အပြင်ထွက်လုပ်ဖို့က လက်မှတ်တွေဘာတွေ မရှိကြဘူးပေါ့နော်။ အဲ့တော့ ကျမတို့ အလုပ်ထွက်လုပ်မယ်ဆိုလို့ရှိရင်လည်း ဖမ်းဆီးတာမိတယ်။ အဲ့လိုပုံစံမျိုးတွေ အများရှိတော့ သူတို့ကလည်း အလုပ်သွားချင်သော်ငြားလည်း သူတို့သွားလို့မရဘူး။ အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်။ အနာဂတ် ကျမဘယ်လိုမျိုးမြင်လဲဆိုတော့ ဒီတစ်နေ့ကျရင်တော့ ကိုယ့်ရဲ့အမိမြေ၊ ကိုယ့်ရဲ့မွေးရပ်မြေကို ပြန်ချင်တယ်။ ပြန်နိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိတယ်ပေါ့။’’

spot_img
spot_img