spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယန်းဒေသတွင်း ကျောင်းအချို့တွင် ဘာသာစကားစုံသုံး ပညာရေးစနစ်ဖြင့် စမ်းသပ်သင်ကြားနေ

Author

Date

Category

ခွန်းကလိုင်းဖရီး (ကန္တာရဝတီတိုင်း(မ်))

ကယန်းဒေသတွင်းရှိ ကိုယ်ထူကိုယ်ထကျောင်းအချို့မှာ မိခင်ဘာသာစကားအခြေပြု ဘာသာစကား အစုံသုံးပညာရေး (MTB-MLE)စနစ်နဲ့ စမ်းသပ်သင်ကြားနေတယ်လို့ အဆိုပါ ပညာရေးစနစ်ကို အကောင်အ ထည်ဖော်ဆောင်နေတဲ့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ MTB-MLE သင်ထောက်ကူပစ္စည်းနှင့် သင်ရိုးညွှန်းတမ်း ထုတ်လုပ်ရေးတာဝန်ခံ ခွန်းစိုးပိုင်က ပြောပါတယ်။

“၂၀၁၉ ကနေပြီးတော့ လက်ရှိအချိန်ထိသည် တော်တော်များ စမ်းသပ်သင်ကြားတဲ့ ကာလပဲလို့ ကျနော်တို့ ခေါ်တာပေါ့နော်။ အဲ့တော့ ၂၀၁၉ ကနေပြီးတော့မှ လက်ရှိ ၂၀၂၂ ဒီနေ့ ဒီအချိန်ထိ ဆိုလို့ ရှိရင် ဆရာ၊မ ပေါင်း အားလုံး ၂၀၀ လောက်ပေါ့နော်။ ၂၀၀ လောက်ကို ကျနော်တို့က MTB-MLE သင်ထောက်ကူပစ္စည်းကို အသုံးပြုပြီးတော့မှ ကလေးတွေကို ပြန်သင်ကြားနိုင်တဲ့ အဆင့်ထိကို ကျနော်တို့ သင်တန်းတွေ ပေးနိုင်နေပြီပေါ့နော်။ နောက်ပြီးတော့မှ ကျောင်းပေါင်း ၁၀၀ ဝန်းကျင်လောက်ကို ဒီ MTB-MLE နဲ့ ပတ်သက်ပြီးတော့မှ ကယန်းဒေသမှာ ရှိနေတဲ့ ကျေးရွာ ၁၀၀ လောက်ကို ကျနော်တို့ သွားရောက်စမ်းသပ်သင် ကြားနိုင်ခဲ့ပြီပေါ့နော်။”လို့ ခွန်းစိုးပိုင် ကပြောပါတယ်။

ကယန်းဒေသတွင်း စာသင်ကျောင်းတွေမှာ ဘာသာစကားစုံသုံး MTB-MLE ပညာရေးစနစ်နဲ့ သွားနိုင်ဖို့အတွက် လေးနှစ်ကြာ အချိန်ယူလုပ်ဆောင်လာခဲ့ပြီး ခုချိန်မှာတော့ KG အတန်းအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲပြီးဖြစ်သလို Grade 1 နဲ့ Grade 2 အတွက်လည်း ပြင်ဆင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ပညာသင်နှစ်မှာလည်း ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က အကောင်အထည်ဖော်နေတဲ့ ပညာရေး အစီအစဉ်အောက်မှာ ဒေသခံကျေးရွာတွေနဲ့ ပူးတွဲပြီး ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်း ၂၄ ကျောင်းမှာ KG အတန်းအပြင် Grade 1 နဲ့ Grade 2 အတန်းတွေမှာ သင်ရိုးသစ်ဘာသာရပ်တွေနဲ့ ပေါင်းစပ် သင်ကြားပေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က ဖော်ဆောင်နေတဲ့ MTB-MLE ပညာရေးစနစ်ဟာ မိခင်ဘာစကားနဲ့ သင်ကြားရာကနေ အခြားဘာသာစကားတစ်ခုကို စနစတကျ ကူးပြောင်းသင်ကြားပေးတဲ့ ပညာရေးစနစ် တစ်ခုဖြစ်တယ်လို့ ခွန်းစိုးပိုင်က ဆိုပါတယ်။

“ကျနော်တို့ တိုင်းရင်းသား ကလေးတွေက သူတို့ရဲ့ ဒေသတွေမှာ သူတို့ ကောင်းကောင်းမွန်မွန် တတ်ကျွမ်းတဲ့ ဘာသာစကားကနေပြီးမှ အခြေခံပြီးတော့ ကျောင်းစာသင်ခန်းတွေမှာ သင်ကြားပေးနေတယ်။ အဲ့ဒါတွေ မကဘူး။ အဲ့ဒီကျောင်းစာသင်တဲ့ ကာလအတောအတွင်းမှာ စာသင်ပေးနေတဲ့ ဆရာ၊မတွေသည် အဲ့ဒီစာသင်နေတဲ့ ကလေးတွေရဲ့ ဘာသာစကားနဲ့ ထပ်တူညီမျှမှုရှိမှသာလျှင် မိခင်ဘာသာစကားကို အခြေခံပြီးတော့မှ သင်ကြားတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ နောက်တစ်ခုက ဘာသာစကားအစုံသုံး ပညာရေးလို့ ကျနော်တို့ ပြောလိုက်တဲ့အခါမှာ ကိုယ့်ဘာသာစကားကို ကောင်းကောင်းမွန်မွန်တတ်ကျွမ်းပြီး သင့်တော်တဲ့ အခြေအနေမှာ ကိုယ့်ဘာသာစကားကို ကလေးတွေ တတ်ကျွမ်းပြီ ဆိုလို့ ရှိရင် တခြားသော ဘာသာစကားတွေကို ကျနော်တို့ နည်းလမ်းမှန်မှန်နဲ့ နည်းစနစ်ကျကျလေးနဲ့ ကောင်းကောင်းမွန်မွန်နဲ့ ကူးပြောင်းသင်ကြားပေးတဲ့ ပညာစနစ်တစ်ခုဖြစ်ပါတယ်။” လို့ ခွန်းစိုးပိုင် ကပြောပါတယ်။

ဒီ MTB-MLE ပညာရေးစနစ်သစ်အတွက် သင်ထောက်ကူပစ္စည်းနဲ့ သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့အခါမှာ ကယန်းတိုင်းရင်းသားတွေရဲ့ ရိုးရာပုံပြင်တွေ၊ ကယန်းဒေသက အကြောင်းအရာတွေ၊ ဆိုရိုးစကားတွေ၊ ရိုးရာယဉ် ကျေးမှုတွေ၊ အစားအသောက်အကြောင်းတွေကို အခြေခံပြီးတော့ ဖန်တီးရေဆွဲထားတယ်လို့ ဆိုပါတယ်။

အခုလို သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲနိုင်ဖို့ အတွက် ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ နဲ့လည်း ပူးပေါင်းလုပ်ဆောင်နေပြီး ဒီ MTB-MLE ပညာရေးစနစ်က အနာဂတ်ဖက်ဒရယ်ပညာရေးမှာ ကယန်းတိုင်းရင်း သားတွေအတွက် အထောက်အကူပြုနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

အဆိုပါ မိခင်ဘာသားစကားအခြေပြု ဘာသာစကားအစုံသုံးပညာရေး (MTB-MLE) ပညာရေးနစ်ကို ကရင်နီပြည်နယ်မှာ ကယန်းတိုင်းရင်းသားနဲ့ ကယားတိုင်းရင်းသားအပါအဝင် မွန်၊ ရှမ်း၊ ကရင်စတဲ့ တိုင်းရင်းသား (၅) မျိုးက အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts