spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယန်းပြည်သစ်ဂိတ်ကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကျဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲမြို့ အနောက်ဘက်ခြမ်း မိုးဗြဲ-ပီကင်းသွားတဲ့ လမ်းမကြီးပေါ် မှာ တည်ရှိတဲ့ ကယန်းပြည်သစ်ပါတီ (KNLP) ရဲ့ တပ်တွေ အထိုင်ချထားတဲ့ လုံခြုံရေးဂိတ်ကို ဒီကနေ့ (ဇွန်လ ၁ ရက်) မနက် ၄နာရီကျော်အချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ၂ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

ဒီကနေ့ မနက်စောပိုင်းမှာ မိုးဗြဲ- ပီကင်းလမ်းမကြီးပေါ်က အဆိုပါ ကယန်းပြည်သစ်ဂိတ်အပါအဝင် ဖယ်ခုံ-ပင်လောင်းနယ်စပ်က ခေါင်းအိ၊ လွယ်လုံ၊ ဖယ်ခုံ၊ မြေနီကုန်း၊ စက်တော် စတဲ့နေရာတွေကိုလည်း စစ်ကောင်စီရဲ့ လေယာဉ် ၅ စီးက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကယန်းပြည်သစ်လုံခြုံရေးဂိတ်တစ်ခုလုံး ပျက်စီးသွားခဲ့ပြီး လူအထိခိုက်တော့မရှိဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်နေတာကတော့ လွယ်လုံဖက်ပေါ့နော။ ပင်လောင်းနဲ့ဖယ်ခုံနယ်စပ်က တောင်စလုံးတို့ လွယ်လုံတို့ဖက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဆိုတော့အဲ့ဖက်ကိုလည်း လေယာဉ်လာကျဲတယ်လို့ ပြောတယ်။ ပြီးတဲ့အခါမှာလိုင်းပေါ်တက်နေတာလည်း တွေ့တယ်။ ကျနော်တို့ ရှေ့မှာရှိတဲ့ လူတွေလည်း Confirmed( အတည်ပြု) ဖြစ်တယ်ပေါ့နော။ အဲ့ဂိတ်တစ်ခုတော့ ကျဲသွားတယ်လို့ပြောတယ်။ လူအထိခိုက်တော့ မရှိဘူးလို့ကြားရတယ်။” လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ ကယန်းပြည်သစ် ဂိတ် ဗုံးကျဲခံရမှု နဲ့ပါတ်သက်ပြီး ကယန်းပြည်သစ်ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗဟိုကော်မတီဝင် ဦးစိုးနိုင်သန်းကို ဆက်သွယ်မေးမြန်းရာမှာ တိကျတဲ့ သတင်းအချက်အလက်မရရှိသေးတဲ့အတွက် အတည်ပြု ပြောဆိုနိုင်ခြင်းမရှိဘူးလို့ ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ပြန်စုံစမ်းပြီးတော့မှပဲ ပြောလို့ရမယ်ထင်တယ်။ တော်ကြာနေ သေချာမသိဘဲနဲ့ Information မှားကုန်မှာစိုးလို့ လွဲကုန်မှာစိုးလို့” လို့ ဦးစိုးနိုင်သန်း က ပြောပါတယ်။

ဓာတ်ပုံ – PKPF

လက်ရှိ ဖယ်ခုံ-ပင်လောင်းနယ်စပ်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပေမဲ့ ဗုံးကျဲခံရတဲ့ ကယန်းပြည်သစ်ဂိတ်ရှိရာ မိုးဗြဲမြို့ဘက်ခြမ်းမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီဘက်က ဗုံးကျဲခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ KNDF အနေနဲ့ ပြောနိုင်တာကတော့ စစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုက နေ့စဉ်လုပ်တယ်ပေါ့နော။ သူတို့ကတော့ ဟိုနေရာဒီနေရာမရွေးတော့ဘဲနဲ့ တောက်လျှောက်လိုက်ပြီးမှ ဗုံးကျဲတိုက်ခိုက်တာလုပ်တယ်။ သူတို့မသင်္ကာတဲ့နေရာဆိုရင် ဗုံးကျဲတာတွေလုပ်တယ်။ ဒါမျိုးတွေ ကျနော်တို့တွေ့နေရတယ်။” လို့ KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူ က ဆက်ပြောပါတယ်။

စစ်ကောင်စီကနေ မိုးဗြဲအနောက်ဘက်ခြမ်းကို မကြာခဏ လက်နက်ကြီးပစ်ခတ်မှုရှိသလို ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာလည်း စစ်ရှောင်စခန်းအနီးတစ်ဝိုက်ကို ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကယန်းပြည်သစ်ပါတီ (KNLP / KNLA) ဟာ ၁၉၆၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့မှာ လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ စစ်အစိုးရ နဲ့ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပြည်သူ့စစ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး လက်ရှိမှာ ဖယ်ခုံမြို့နယ်တောင်ပိုင်း ဆီးဘူးဒေသမှာ အခြေစိုက်ပါတယ်။

spot_img
spot_img

Recent posts