ကယား(ကရင်နီ)ပြည်နယ်ရဲ့ ဟီးဟီးဟားဟား နိုင်ငံရေး

ခူးကြူးဖဲကေး(ကရင်နီအမျိုးသား)ရေးသားသည်။

လက်ရှိ ပြည်နယ်ရဲ့ ဥသျှောင် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှို ဦးဆောင်နေတဲ့ ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အပြင် ပြည်နယ်ရဲ့ နိုင်ငံရေးတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် အင်မတန်မှ ဟီဟီဟားဟား နိုင်လှပါတယ်။ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ လည်ပတ်နေတဲ့ အသိုင်းအဝိုင်းတစ်ခုလို့ ခြုံငုံသုံးသပ်ရပါမယ်။ ဒီကြားထဲမှာ အလွှဲသုံးစားလုပ်နေတာတွေလည်း မြင်မကောင်းလှပါဘူး။

လူငယ်ခေါင်းဆောင်တွေရဲ့ ပြဿနာ၊ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အလွှဲမှတ်ယူမှုတွေ၊ အာဏာအလွှဲသုံးစားလုပ်နေတဲ့အပေါ်မှာ စတဲ့ကိစ္စအရပ်ရပ်ကို ခြုံငုံသုံးသပ်ပြပါမယ်။ ပြည်နယ်အစိုးရ တာဝန်စတင်ယူတဲ့ကာလကို ပြန်ကြည့်မယ်ဆိုရင် စီမံခန့်ခွဲမှုညံဖျင်းတယ်လို့ ယခု (၃) နှစ်တာ ကာလ ရောက်လာတဲ့ ဒီအချိန်မှာ သုံးသပ်လိုု့ရပါပြီ။

ယခင် ဦးခင်မောင်ဦး ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဒီလောက်ပြဿနာမရှုပ်ထွေးဘူးလို့ သုံးသပ်လို့ရပါမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဟာ ရွေးကောက်ပွဲစတင်အနိုင်ရပြီသာနဲ့ အာဏာကို ချက်ချင်းလက်ငင်းမပြောင်းယူပါဘူး။ လအနည်းငယ်ကြာမှသာ အာဏာကို လက်လွှဲယူခဲ့တာပါ။ ဒီလို လက်လွှဲယူတဲ့နေရာမှာ ယခင်အစိုးရက တိုင်းပြည်ရဲ့ ဘဏ္ဍငွေတော်တော်များများကို အကုန်သုံးခဲ့ပြီးဖြစ်ပါတယ်။ ဒီလို အကုန်သုံးခဲ့လို့ပဲ အစိုးရသစ်တာဝန်စတင်ယူတဲ့ကာလမှာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းရတဲ့ဒုက္ခအမျိုးမျိုးကြုံခဲ့ပါတယ်။ ဒါက တနိုင်ငံလုံးအတိုုင်းအတာနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။ ဒါကလည်း မှန်ပါတယ်။ အစိုးရတစ်ရပ်ဟာ ဘဏ္ဍငွေကြေးမရှိဘဲ လည်ပတ်လို့ မရဘူးဆိုတာကို အားလုံးအသိဖြစ်ပါတယ်။

ဘဏ္ဍငွေကြေးဆိုတာကလဲ တိုင်းပြည်ရဲ့ တိုးတက်မှုနဲ့ တိုက်ရိုက်အချိုးကျတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ဒီလိုပြဿနာမျိုးတွေ ကြုံတွေ့ရတာမို့ NLD အစိုးသစ်လက်ထက်မှာ မြစ်ဆုံရေကာတာ စီမံကိန်းကိစ္စရပ်တွေ ပြန်လည်အကောင်အထည်ဖော်ဖို့ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရဆိုတာက အကျိုးတူ စီးပွားမိတ်ဖက်တွေပဲဖြစ်ပါတယ်။ ဒီလိုစီးပွားမိတ်ဖက်တွေဖြစ်ကြတာကြောင့် ဗဟိုအစိုးရရဲ့ ပေါ်လစီမူဝါဒတွေကလဲ ပြည်နယ်အစိုးရအပေါ်မှာ တိုက်ရိုက်အချိုးကျတယ်လို့ ယေဘုယျ မှတ်ယူဆနိုင်ပါတယ်။

ဒီမှာ ထပ်မံပြီး သတိချပ်ရမဲ့ကိစ္စတစ်ခုက ဗဟိုအစိုးရရဲ့ ဝန်ကြီးဌာန အပြောင်းအလဲကိစ္စဖြစ်ပါတယ်။ ဗဟိုအစိုးရရဲ့ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဝန်ကြီးဌာနပေါင်း ၃ဝ ကျော်ရှိတာကို ထပ်မံသတိချပ်ရပါမယ်။ သို့ပေမဲ့ ယခုအစိုးရလက်ထက်မှာ ဝန်ကြီးဌာနပေါင်း ၂ဝ ကျော်သာ လျှော့ချ ကန့်သတ်လိုက်ပါတယ်။ ဝန်ကြီးဌာနအားလုံးဟာ နိုင်ငံတော်ရဲ့ အတိုင်းပင်ခံရုံးကို အဓိက ဖြတ်ပြီးမှ သမ္မတကို တာဝန်ခံရတဲ့ ဖော်မျူလာ အသစ်အဖြစ် ယခုအစိုးရအုပ်ချုပ်ရေးယန္တရားကို ယေဘုယျ မှတ်ယူလို့ ရနိုင်ပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်းပင်ခံရုံးကို ဦးစီးနေတာက နိုင်ငံတော်၏အတိုင်းပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါတယ်။ ဆိုတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ဝန်ကြီးချုပ်တွေအပါအဝင်၊ ကျန်တဲ့ ဝန်ကြီးဌာနအားလုံးရဲ့ လုပ်ဆောင်မှုအားလုုံးရဲ့ နိုင်ငံတော်၏အတိုင်းပင်ခံရုံးကို ဖြတ်သန်းသွားရတဲ့သဘောဖြစ်ပါတယ်။ ဒီအနေအထားကို ကြည့်မယ်ဆိုရင် ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေကိုယ်တိုင်က နို်င်ငံတော်၏ အတိုင်းပင်ခံပုဂ္ဂိုလ်ရှေ့မှာ အမှားလုပ်ရမှာ၊ အမှားဖြစ်သွားမှာကို အင်မတန်မှ ကြောက်ရွံ့ကြတယ်လို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။ မည်သူမဆို မိမိရဲ့ ကျောင်းအတန်းပိုင်း ဆရာ၊ဆရာမ ရှေ့မှာ အမှတ်သာလိုချင်ပြီး အမှားလုပ်ရမှာ ကြောက်ကြတာက ဖြစ်ရိုးဖြစ်စဉ် ဖြစ်တယ်။

ဒီလိုအနေအထားအစုံဖြစ်တဲ့ ဘက်ဂျက်မလုံလောက်မှု၊ အမှတ်လိုချင်မှုတွေနဲ့ ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှု ညံဖျင်းလာတာတွေကို ယခုဆောင်းပါးမှာ သုံးသပ်ပြပါမယ်။ တိုင်းပြည်မှာ မြစ်ဆုံစီမံကိန်းကိစ္စကို ပြန်လည်အကောင်အထည်ဖော်ခဲ့သလိုပါပဲ ပြည်နယ်မှာလဲ ယခင်ဦးခင်မောင်ဦး ဦးဆောင်တဲ့အစိုးရက ဒေသခံလူထုတွေ ကန့်ကွတ်တာကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ဖို့ လေသံပစ်လာတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ကတ္တရားတွေက ဈေးကြီးတော့ ဘိလပ်မြေစက်ရုံသာ တည်ဆောက်လိုက်မယ်ဆိုရင် ပြည်နယ်ရဲ့ နေရာတိုင်းကို ကွန်ကရစ်လမ်းခင်းသွားမယ်ဆိုတဲ့ အယူအဆအပြင် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးဖို့အတွက် ယခင်ပြည်နယ်အစိုးရက ရည်ရွယ်ခဲ့တယ်။ ယခုအစိုးရလက်ထက်မှာကျတော့ ပြန်လည် အကောင်အထည်ဖော်ဆောင်ဖို့အတွက်သာ ဦးတည်ခဲ့ပြီး ဘာမှ ဖြေရှင်းချက်မပေးထားတာကို ထူးခြားစွာ တွေ့ရပါမယ်။

လူထုက နှစ်ပေါင်းများစွာအမှောင်ချထားခဲ့တာမှန်ပါတယ်။ ဒါကြောင့် အသိအမြင်၊ ဗဟုသုတ နည်းပါးတယ်၊ ဒါကြောင့်ပဲ ကန့်ကွတ်တယ်၊ ပြည်သူလူထုကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးဖို့ ပြည်သူတွေက ကန့်ကွက်နေမှတော့ ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ စကားကို ဝန်ကြီးချုပ်က မှတ်မှတ်ရရ ပြောသွားတာကို သတိထားမိကြလိမ့်မယ်ထင်ပါတယ်။ အညွှန့်တလူးလူးတက်နေတဲ့ အပင်တောင် တောင်းတစ်လုံးနဲ့ အုပ်ထားမယ်ဆိုရင် ညိုခြောက်လာမှာပဲဖြစ်ပါတယ်။

ဒေသခံလူထုကို ကန့်ကွတ်တာကြောင့် အပြစ်တင်တာတော့ ပြဿနာရှိသွားပါပြီ။ ပြည်သူလူထုဟာ အမြဲတမ်းမှန်ပါတယ်။ ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်က အမြဲဖြောင့်မတ်သလို့ အမြဲမှန်ကန်ပါတယ်။ ပြည်သူလူထုက အမှားနဲ့ အမှန်ကို အမြဲခွဲခြားသိပါတယ်။ ဒါကြောင့် ၈.၈.၁၉၈၈ ပြည်သူဒီမိုကရေစီအရေးတော်ပုံကြီးကို ပြည်သူလူထုက ဦးဆောင်ခဲ့တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဆိုတဲ့ ပါတီက ဖြစ်ပေါ်လာခဲ့တာ မဟုတ်ပေဘူးလား။ ပြည်သူလူထုကို နိုင်ငံရေးအရ ဦးဆောင်တယ်ဆိုတဲ့နေရာမှာ လူထုကို ပြောပြရမယ်၊ စည်းရုံးရမယ်၊ နားလည်လာအောင်လုပ်ပြီးမှသာ လူထုကိုယ်တိုင် ဦးဆောင်စေတာက ပြည်သူလူထုကို နိုင်ငံရေးအရ ဦးဆောင်မှုပေးတဲ့အနေအထားကိုု နိုင်ငံရေးအရ အနိမ့်ဆုံးအဆင့် သိထားရမယ့် ကိစ္စရပ်ဖြစ်ပါတယ်။

နောက်ထပ်အမှားကြီးတစ်ခုက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ နယ်စပ်ဂိတ်ကို ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ မယ်ဟောင်ဆောင်ဆိုတာက ခရိုင်အဆင့်၊ ဒီဖက်က ကယား (ကရင်နီ)ဆိုတဲ့ ပြည်နယ်အဆင့်ကြားမှာ ညီအမမြို့တော်လုပ်လိုက်တာ သင့်တော်တယ်လို့ ယူဆတယ်လို့ ပြောရင် မှားပါလိမ့်မယ်။ စဉ်းစားကြည့်ပါ။ သုံးပွင့်အဆင့်ရှိတဲ့ ဗိုလ်ကြီးတစ်ယောက်နဲ့ တစ်ပွင့်သာရှိတဲ့ ဗိုလ်လေးကြားမှာ အဆင့်တူနိုင်ပါမလား။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ဖွင့်လိုက်တာတော့ပြီသွားပါပြီး။ ညီအမမြို့တော် သတ်မှတ်မှုကလဲ တရားဝင်ဖြစ်သွားပါပြီး။ ဒီတော့ ပြည်နယ်ဖက်အနေနဲ့ စီးပွားရေးအရ စုပ်ယူခံရမယ့် Drain Away ပုံစံမျိုးမဖြစ်ဖို့ ကြိုးစားရပါတော့မယ်။ ပြည်နယ်မှာကလဲ အခြေခံစာသောက်ကုန် ထုတ်လုပ်ရေးကုန်ကျစရိတ်ကြီးမြှင့်မှုတွေအပါအဝင် အခြားသော စရိတ်စက ကြီးမြှင့်မှုတွေကလည်း ရှိနေပါသေးတယ်။

နောက်တချက်က ပြည်နယ်မှာ ထုတ်ကုန်မရှိပါဘူး။ ဒီထုတ်ကုန်တွေ ရှိလာအောင်လဲ အစိုးရက မဦးဆောင်ပေးနိုုင်သေးဘူး။ ဘိလပ်မြေစက်ရုံးတည်ဆောက်ထားတဲ့ တီကျစ်ရဲ့ ဥပမာကို လူထုက ကောင်းကောင်းမြင်တွေ့ဖူးပြီးသာဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုရှိဖို့အတွက် စက်ရုံးအလုပ်ရုံးနဲ့ တွဲခေါ်ရမယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီစက်ရုံးက လူထုဘဝကို ချနင်းသွားမယ့် ဖွံ့ဖြိုးတိုးတက်မှုမျိုးမဖြစ်ရပါဘူး။ ပြည်နယ်မှာ ကျွမ်းကျင်လုပ်သားကမရှိသလောက် ရှားပါတယ်။ ဒါကြောင့် လာလုပ်တယ်ဆိုရင်လဲ ကျွမ်းကျင်လုပ်သားအများစုကို တခြားက ခေါ်သွင်းလာမှရပါမယ်။ ပြည်နယ်အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် အခြေခံလုပ်သား၊ အခြေခံထုတ်လုပ်မှုတွေမှာသာ တာဝန်ယူရမယ့်သဘောမှာရှိပါတယ်။ ပြည်နယ်မှာ ဒေသထုတ်ကုန်တွေ တိုးတက်ဖို့ပြည်နယ်အစိုးရအနေနဲ့ ဦးဆောင်ရမှာဖြစ်ပါတယ်။ လက်ရှိ သုံးနှစ်ကျော်ကာလအထိ တာဝန်မယူနိုင်တာကတော့ စီမံခန့်ခွဲမှု ညံဖျင်းတာကြောင့်ပဲလို့ တံဆိပ်ကပ်ရလိမ့်မယ်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် ပြည်သူတွေအတွက် လိုလားတဲ့ တိုးတက်မှုကို မဖော်ဆောင်နိုင်ခဲ့ဘူး၊ မျှော်မှန်းထားသလောက်မဖြစ်လာတာကို မျက်ဝါးထင်ထင် တွေ့မြင်လာရတာကိုလည်း သတိထားမိကြပါလိမ့်မယ်။ ထိုင်းက ထုတ်ကုန်တွေကိုသာ ပြည်နယ်အတွင်းတင်သွင်းလာပြီး ပြည်နယ်ရဲ့ ထုတ်ကုန်တွေကို ဘာတစ်ခုမှ မတင်ပို့နိုင်ပါဘူး။ ဒါကြောင့်   ဒီလုပ်ဆောင်မှုက အရှုံးပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ခေတ်သစ်ကမ္ဘာမှာ ဘယ်သူမှ လက်နက်ကိုင်ဆောင်ပြီး နယ်မြေတွေမသိမ်းတော့သလို့၊ လက်နက်နဲ့လည်း တိုင်းပြည်တစ်ပြည်ကို မကျူးကျော်တော့ပါဘူး။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် နောက် စစ်အေးကာလ လွန်မြောက်ပြီးတဲ့အခါမှာ ကမ္ဘာမှာ ကုန်သွယ်ရေးစစ်ပွဲတွေကသာ အဓိကဖြစ်ပေါ်လာတာကို သတိထားမိကြပါလိမ့်မယ်။ ဒီရှူထောင့်က စဉ်းစားမယ်ဆိုရင် ပြည်နယ်က ထိုင်းရဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ ကျရှုံးသွားပါပြီ။ တရုတ်နိုင်ငံပဲကြည့်၊ အမေရိကန်ကိုပဲ ကြည့်ကြည့်အကုန်လုံးက သူတို့ နိုင်ငံရဲ့ ထုတ်ကုန်တွေကို ရောင်းချဖို့အတွက်ပဲ ဈေးကွက်ရှာနေကြတာကို တွေ့ရပါမယ်။

ဒါက ခေတ်သစ် ကမ္ဘာ့စစ်၊ ခေတ်သစ် ကမ္ဘာ့ကုန်သွယ်ရေးပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ထုတ်ကုန်တွေ တင်သွင်းရောင်းချဖို့၊ ဈေးကွက်တစ်ခုကို ပြည်နယ်က ပေးလိုက်ရတဲ့သဘောဖြစ်ပါတယ်။ ပြည်နယ်အနေနဲ့ တင်ပို့စရာ ဘာမှမရှိပါ။ သယံဇာတနဲ့ မူးယစ်ဆေးရောင်းဝယ်မူကြောင့် ချမ်းသာလာတဲ့ လက်တဆုုပ်စာ လူချမ်းသာတွေနေတဲ့ တိုင်းပြည်မှာ ကိုယ်ပိုင်ထုတ်ကုန် ဘာမှမရှိပါဘူး။ ဒါပေမဲ့ ပြည်နယ်အစိုးရအနေနဲ့ ပြည်နယ်ထုတ်ကုန် တိုးတက်မှုအတွက် ဦးဆောင်ပေးလို့ရပါတယ်။

တနိုင်တစ်ပိုင်ထုတ်လုပ်မှု၊ ဖန်တီးမှုတွေအတွက် အထောက်အပံ့ပေးနိုင်ဖို့လိုအပ်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ပြည်နယ်ရဲ့ တိုးတက်ရေးအတွက် ပြဿနာရှိပါတယ်။ နယ်စပ်ကုန်သွယ်ရေးဂိတ်နဲ့ ပက်သက်လို့ သတင်းအချက်အလက်ဖော်ပြမှု မရှိသလောက်ပါပဲ။ လက်လှမ်းမီသလောက်စုံစမ်းကြည့်မှပဲ မယ်စဲ့နယ်စပ်အကောက်ခွန်ဂိတ်ရဲ့ တစ်လဝင်ငွေက သိန်း ၄ဝ လောက်ပဲရှိတယ်ဆိုပေမဲ့ အထွေထွေကုန်ကျစရိတ်နဲ့ ဝန်ထမ်းခန့်အပ်မှုအတွက် ကုန်ကျငွေက ၄၈ သိန်း ရှိပါတယ်။ ဒါဆို အရှုံးနဲ့ လည်ပတ်နေတဲ့ စီမံကိန်းပဲဖြစ်မှာပေါ့။

လူငယ်ခေါင်းဆောင်တွေကိုလဲ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပက်သက်ပြီးတရားဆက်လက်ဆွဲဆိုနေတဲ့ ကိစ္စကလဲ အင်မတန်မှ သူရုပ်ပျက်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီအပေါ်မှာလဲ ဆွေးနွေးပြပါမယ်။ ဝန်ကြီးဌာန ၂ဝ ကျော်ကို နို်င်ငံတော်၏အတိုင်ပင်ခံရုံးက စီမံနေတာကို တွေ့မြင်ပြီးဖြစ်ပါတယ်။ ဒါကြောင့် မလုပ်တတ်၊ မကိုင်တတ်နဲ့ အမှားလုပ်မိမှာကို ကြောက်ကြသလို့ မျက်နှာရလိုမှုတွေကပဲ ပိုကြပါတယ်။

ဒီအထဲမှာ ပြည်နယ်ဝန်ကြီးချုပ်က အသိအသာ ပိုနေတာကို တွေ့မြင်နိုင်ပါတယ်။ ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ ကယား(ကရင်နီ)ပြည်နယ်ရဲ့ ထူးခြားတဲ့ ဝိသေသကို ကျားကန်ပြီး ပြင်ဖို့လုပ်တာတွေရဲ့ အရင်းခံက နိုင်ငံတော်၏ အတိုင်းပင်ခံပုဂ္ဂိုလ်ရှေ့ အမှတ်ယူလိုမှုတွေပဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရေး သုံးသပ်သူတွေက အမကြီး ရှေ့ကို လျင်လျင်မြန်မြန်လျှောက်ချင်းရင် အမကြီးသားတွေ၊ သမီးတွေကို လမ်းလျှောက်သင်ပေးရမယ်လို့ သုံးသပ်ဝေဖန်နေကြတာကို သတိထားမိကြပါလိမ့်မယ်။

လုပ်ငန်းဌာနအားလုံး၊ ဝန်ကြီးဌာနအားလုံးရဲ့ လုပ်ငန်းဆောင်တာအားလုံးဟာ နိုင်ငံတော်၏ အတိုင်းပင်ခံရုံးကို ဖြတ်သန်းနေရတာမို့ အမှားလုပ်မိကြမှာကို ကြောက်ရွံ့ကြပါတယ်။ ဒါကလည်း ဘာကို ထောက်ပြသလဲဆိုရင် ဗျူရိုကရက်တစ်ဆန်ဆန် ဗဟိုက ထိန်းချုပ်ခြင်းထက် ဒေသန္တရစီမံခန့်ခွဲအုပ်ချုပ်ရေးဖြစ်တဲ့ Local Governance ကို အားပေးဖို့ လိုလာတာကို ထောက်ပြတဲ့သဘောဖြစ်ပါတယ်။

ဒေသန္တရစီမံခန့်ခွဲ အုပ်ချုပ်ရေး အားကောင်းလာဖို့အတွက် ပြည်နယ်အစိုးရအနေနဲ့ ကျေးရွာ၊တိုက်နယ်၊မြို့၊ ခရိုင်တွေမှာ အားပေးဖို့ လိုလာပါပြီး။ ဒါဆိုရင် ပိုမိုတိုးတက်တဲ့ အနေအထားတစ်ခုကို ရောက်လာမှာပဲဖြစ်ပါတယ်။ ဒါကိုလဲ ထူးခြားစွာ ပြည်နယ်အစိုးရက မလုပ်ဆောင်တာကို တွေ့မြင်ရပါတယ်။ ဒါကလဲ စီမံခန့်ခွဲမှု ညံဖျင်းတဲ့သဘောဖြစ်ပါတယ်။

လူငယ်ခေါင်းဆောင်တွေကို ဖမ်းဆီးတရားဆွဲဆိုနေတာက ပြည်နယ်အစိုးရအတွက်လဲ အင်မတန်မှ သူရုပ်ပျက်လှပါတယ်။ နိုင်ငံရေးအရလဲ Role ကျပါတယ်။ လူငယ်ခေါင်းဆောင်တွေကို ရုံးချိန်ရွှေ့ပြောင်းနေခြင်းကလဲ ပြဿနာရှိပါတယ်။ အမှုကို မကြာကြာအောင်လုပ်ဆောင်နေတဲ့သဘောမှာ ရှိပါတယ်။

လူငယ်ခေါင်းဆောင်တွေကို လွိုင်ကော်ထောင်အချုပ်မှာ ထားရှိတဲ့နေရာမှာလဲ သူခိုး၊ ဒုစရိုက်သမားတွေနဲ့ တစ်တိုက်ထဲထားတာကိုလဲ ထူးခြားစွာတွေ့မြင်ရပါတယ်။ ထောင်ထဲမှာလဲ နေရာကောင်းရရှိရေးအတွက် ငွေကြေးပေးနေရတာတွေရှိနေတယ်လို့ လူငယ်ခေါင်းဆောင်တွေရဲ့ ပြောကြားချက်အရသိရပါတယ်။ ဒါကလဲ အောက်ခြေမှာ အကျင့်ပျက်ခြစားမှု ရှိနေတာကို တွေ့ရတဲ့သဘောဖြစ်ပါတယ်။

လက်တလောဖြစ်သွားတဲ့ ကရင်နီအမျိုးသားလူငယ်အစည်းရုံး(KNYO) လူငယ်တွေရဲ့ ရှားတော၊ ဈေးပိုင်း ရပ်ကွက်မှာ ပြုလုပ်မယ့် (၆) ကြိမ်မြောက်လူငယ်ညီလာခံကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ပါဝင် ပတ်သက်တယ်ဆိုပြီး ပေးမလုပ်တဲ့ ကိစ္စဖြစ်ပါတယ်။ လူငယ်တွေက ပြည်နယ်ရဲ့ တိုးတက်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးတဲ့နေရာမှာ အဟန့်အတား ပြုလုပ်တာတွေက အာဏာရှင်တွေရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီမိုကရေစီအစိုးရလက်ထက်မှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းတွေက ပြည်နယ်မှာ ပိတ်ပင်ခြင်းခံခဲ့ရတာတွေက အင်မတန်မှ သူရုပ်ပျက်လှပါတယ်။

ကန့်ကွတ်တဲ့ အကြောင်းရင်းကို ကြည့်မယ်ဆိုရင်လဲ KNPP အနေနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့ကာလမှာ တနိုင်ငံလုံးဆိုင်ရာ အပြစ်အခတ်ရပ်စဲရေး စာချုပ် (Nation-wide ceasefire agreement – NCA) မရေးထိုးရသေးတာမို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Center-NRPC) ထံမှ ခွင့်ပြုချက်ရယူရမယ်လို့ အကြောင်းပြပါတယ်။

NRPC ဆိုတာက ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ တစ်ခုပဲဖြစ်ပါတယ်။ ဒီထက်မပိုပါဘူး။ လူငယ်တွေ၊ အထူးသဖြင့် ပြည်နယ်မှာရှိတဲ့ လူငယ်တွေကို ဝန်ကြီးချုပ်အနေနဲ့ ကားလျှောက်ပတ်စီးရင်း ကြုံရင်မေးကြည့်ဖို့ အကြံပေးပါတယ်။ လူငယ်တွေအနေနဲ့ ငြိမ်းချမ်းရေးကို လိုလာပါသလာ (ဝါ) မလိုလာဘူးလာဆိုတာကို မေးကြည့်ရင်တောင် လူငယ်တိုင်က ပြည်တွင်းစစ်ရဲ့ ဒါဏ်ကို ခါးသည်းခံခဲ့ရတာမို့ ငြိမ်းချမ်းရေးကို မလိုလာ၊ မတောင့်တတဲ့သူ တစ်ယောက်မှ မရှိနိုင်ပါဘူး။

ဒါ့ပြင် နောင်ယာကန်ညဈေးစီမံကိန်းကိုလဲ ကြည့်မယ်ဆိုရင်တောင် အရှုံးပေါ်ခဲ့တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလို စီမံခန့်ခွဲမှု ညံဖျင်းမှုတွေဟာ ဘဏ္ဍငွေကြေးကို ဖြုန်းတီးသလို့ ဖြစ်နေပါတယ်။ နောက်လက်တစ်လောဖြစ်သွားတဲ့ ကိစ္စရပ်တစ်ခုရှိပါတယ်။ ဒါကတော့ အာဏာအလွှဲသုံးစားလုပ်မှုဖြစ်ပါတယ်။

ပြည်နယ်တစ်ခုရဲ့ ဝန်ကြီးချုပ်ဟာ တနသာင်္ရီရင်းနှီးမြုပ်နှံမှု ဖိုရမ်သွားဖို့ အစိုးရရဲ့ ဘက်ဂျက်၊ ကျေး/ဖွံ့ခေါင်းစဉ်အောက်ကနေ ကျပ်သိန်း ၃၅ဝ ကျော်သုံးသွားခဲ့တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ စည်းကမ်းအတိုင်းဆိုရင် စရိတ်ချီးမြှင့်ငွေကနေ ခရီးစရိတ်(ဝါ)ကားဆီဖိုးပဲ ထုတ်ယူခွင့်ရှိတာပါ။ ဒီလို အနေအထားကနေ ကျပ်သိန်း ၃၅ဝ ကျော်သုံးသွားတဲ့ ကိစ္စဟာ အံဩဖို့ကောင်းလှပါတယ်။ စီမံခန့်ခွဲမှု ညံဖျင်းမှုကနေတဆင့် အာဏာအလွှဲသုံးစားလုပ်တဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒီအပေါ်မှာလဲ ဝန်ကြီးချုပ်အနေနဲ့ ရှင်းရှင်းလင်းလင်း ဖြေရှင်းဖို့လိုအပ်နေပါသေးတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ ဘုရင်စနစ်တွေမှာတောင် အာဏာအလုံးစုံ၊ တိုင်းပြည်ဘဏ္ဍာတွေကို အကန့်အသတ်မရှိ မသုံးရလေအောင် စည်းမျည်းခံဘုရင်စနစ် (Constitutional Monarchy) ဆိုတဲ့ ဘုရင်အာဏာကို အကန့်အသတ်ထားနေပါပြီ။ တိုင်းပြည်က ဒီမိုကရေစီစနစ်နဲ့ သွားနေတဲ့ကာလမှာ ဝန်ကြီးချုပ်ရဲ့ ယခုလိုလုပ်ရပ်တွေကို မေးခွန်းမထုတ်တတ်တဲ့ ပြည်နယ်လွှတ်တော်ကိုလဲ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးဆိုတဲ့ ကဏ္ဍဟာ ဒီမိုကရေစီစနစ်မှာ Check and Balance ဖြစ်နေရပါမယ်။ ဒါပေမဲ့ ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်က မေးခွန်းမထုတ်တာကိုတော့ အံဩမိပါတယ်။ ဒါတွေဟာ ကယား(ကရင်နီ)ပြည်နယ်ရဲ့ ဟီးဟီးဟားဟား နိုင်ငံရေးပဲ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ယောက်အနေနဲ့ သုံးသပ်ပါတယ်။

Comments

comments

Next Post

ဒီး​မော့ဆိုမြို့နယ်​ ၁၉ နှစ်​​အောက်​ အုပ်​စုဖလား​ဘောလုံးပွဲ ကျင်​းပ

Wed Aug 22 , 2018
ခူးစိုးရယ်​ဦး အုပ်​ချုပ်​​ရေးမှူ းများနှင်​့ မြို့နယ်​​ဘောလုံးအဖွဲ့ချုပ်​တို့ပူ​ပေါင်​းကျင်​းပသည်​့ အသက်​၁၉ နှစ်​​အောက်​ မြို့နယ်​ဖလား မိုးရာသီ​ဘောလုံးပွဲ ကျင်​းပ​ပြီး ​ကျေးရွာအုပ်​စု​ပေါင်​း ၁၉ သင်​းရှိသည်​။ အဆိုပါ ဒီး​မော့မြို့နယ်​မှ ၂၀၁၈ ခုနှစ်​တွင်​ ၁၉ နှစ်​​အောက်​ အုပ်​စုဖလားပွဲ၊ အလွတ်​တန်​း အုပ်​စုဖလားပွဲ၊ မြို့နယ်​ဖလားစသည်​့ အားကစားဖလားပွဲ ကျင်​းပရန်​ အစီအစဉ်​ရှိ​သေး​ကြောင်​း သိရသည်​။ “ဒီ​ခေတ်​ဒီကာလမှာ အာကစားပွဲမလုပ်​​​ပေးဘူးဆိုရင်​ က​လေး​တွေ​က တခြား​ဘေး​နေရာ​တွေမှာ ​ရောက်​သွားနိုင်​သွားနိုင်​တယ်​”ဟု လက်​​ထောက်​ကြီးကြပ်​အာကာမှူ း ဦး​မောင်​ကိုက ​ပြောသည်​။ ​နောက်​လာမည်​့ ၂၀၁၈ခုနှစ်​ ​အောက်​တိုဘာနှင်​့ နိုုဝင်​ဘာလအတွင်​း ပြည်​နယ်​နှင်​့တိုင်​းတွင်​ ပါဝင်​ကစားနိုင်​ရန်​အတွက်​ ထူးချွန်​သည်​့ အားကစားသမားများ ၁၉ နှစ်​​အောက်​က​လေး​တွေကို ​ရွေးထုတ်​ဖို့ရှိသည်​ဟု ဦး​မောင်​ကိုက ​ပြောပါသည်​။ “ကျွန်​​တော်​တို့မြို့နယ်​က ၁၉နှစ်​​အောက်​ […]