spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်က CDM ဝန်ထမ်းတွေ ရဲ့ အခက်အခဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ပညာရေးဌာနအပြင် စစ်အာဏာလက်အောက်မှာ အလုပ်မလုပ်
တဲ့ တစ်ခြားသော ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (civil disobedience movement) CDM ကို ပြုလုပ်ကြပါတယ်။

CDM ပြုလုပ်တဲ့ဝန်ထမ်းတွေကို စစ်ကောင်စီက ခြိမ်းခြောက်တာတွေ၊ ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုထားတာတွေ၊ CDM ဝန်ထမ်းတွေရဲ့နေအိမ်ကို အကြမ်းဖက်တာတွေ ရှိနေပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း CDM ပြုလုပ်တဲ့ဝန်ထမ်းတွေကို လစာဖြတ်တောက်တာတွေ၊ အလုပ်ပြန်မဝင်ရင် တာဝန်မှထုတ်ပယ်တာတွေလည်းရှိနေပြီး အလုပ်ပြန်ဝင်ဖို့ ဖိအားပေးတာတွေရှိခဲ့ပါတယ်။

“CDM ဝန်ထမ်းတွေကို အထက်ကတော့ အလုပ်ပြန်ဝင်ဖို့ပြောတာပေါ့နော်။ ပြီးရင်လစာထုတ်ရင်လည်းကတိဝန်ခံချက်တွေနဲ့ထုတ်ခိုင်းတယ် နောက်ပြီးတော့ ၅ လပိုင်း ၃ ရက်နေ့မှာလည်း ရုံးပြန်တက်ဖို့ပေါ့နော် အဲ့လိုမျိုးလုပ်တဲ့အတွက် လစာတွေကိုတစ်ချို့ကပြန်ယူကြတယ်၊ လက်မှတ်ထိုးတယ် အလုပ်ပြန်ဝင်တဲ့အကြောင်းပေါ့။ CDM တောင့်ခံနိုင်တဲ့ တစ်ကယ့် CDM သမားတွေကတော့ မယူပါဘူး လက်မှတ်လည်းလုံးဝမထိုးပါဘူး။ လုံးဝလက်မှတ်မထိုးတဲ့အတွက် နောက်ပိုင်းမှာ တာဝန်ကနေယာယီရပ်ဆိုင်းခြင်းတွေရှိလာတယ်။ ယာယီရပ်ဆိုင်းခြင်းပြီးသွားရင် နောက်ပိုင်းမှာထုတ်ပယ်တာတွေရှိမယ်လို့တော့ကြားတယ်ပေါ့နော် စာတွေဘာတွေထွက်လာတယ်ပေါ့နော်။” လို့ ပညာရေးဝန်ထမ်းမှ CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။

CDM ဝန်ထမ်းတွေကတော့ လစာမရတာသုံးလအထိရှိနေပြီး စားဝတ်နေရေးအခက်တွေ့နေတဲ့ ဝန်ထမ်းတွေလည်းရှိတယ်လို့ ဆိုပါတယ်။

တချို့ CDMသမားတွေအနေနဲ့ အထက်ကဖိအားပေးမှု၊ မိသားစုစားဝတ်နေရေးခက်ခဲနေမှု၊ ခြိမ်းခြောက်တရားစွဲဆိုတဲ့အတွက်ကြောင့် မိမိလုံခြုံရေးကိုစိုးရိမ်ရတာတွေနဲ့ တစ်ခြားသောအကြောင်းအရာအမျိုးမျိုးကြောင့် CDM ပညာရေးဝန်ထမ်းများ Non CDM ပြန်ဝင်သွားတာတွေရှိပြီး သူတို့အတွက် CDM ဆက်လက်တောင့်ခံဖို့ အခက်အခဲတွေရှိနေတယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံဆရာများသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ CDM ပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။

“ဆက်ပြီးတောင့်ခံနိုင်ဖို့ဆိုတာက အဓိက ကတော့ လုံခြုံရေးပေ့ါနော်။ တောင့်ခံလို့ရတယ် ဘာဖိအားမှမရှိဘူးဆိုရင် တောင့်ခံလို့ရတယ်။ လုံခြုံရေးလို့ပြောတဲ့နေရာမှာ သူတို့ကိုအကာအကွယ်ပေးမယ့်လူမရှိတော့လို့ သူတို့ပြန်ဝင်သွားတဲ့လူတစ်ချို့ရှိတယ်။ နောက်တစ်ခုက ထောက်ပံ့မှုပေါ့နော် တစ်ချို့လူက လစာ မရတော့သူတို့မိသားစုအခက်အခဲ တွေရှိတယ်ပေါ့နော် “

ယခုလက်ရှိအခြေအနေမှာတော့ အကြောင်းအမျိုးမျိုးကြောင့် NON – CDM ပြန်ဖြစ်သွားတာတွေလည်းရှိသလို CDM ဝင်လာတဲ့ ဝန်ထမ်းတွေလည်းရှိတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ (၁၄ ) ရက်နေ့မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီမှ ပေးပို့တဲ့တိုက်တွန်းအကြုံပြုချက်ကို ပြန်ကြားခဲ့ပြီး CDM ပြုလုပ်တဲ့ ပညာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ စားဝတ်နေရေး စတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း နှင့် CDM ပညာရေးဝန်ထမ်းများ အလုပ်မှထုတ်ပယ်ခံရပါက ပြည်သူ့အစိုးရပေါ်ပေါက်လာချိန်တွင် ပြန်လည်ခန့်အပ်မည်ဖြစ်ကြောင်း ပါရှိပါတယ်။

ထို့အပြင် CDM မပြုလုပ်သည့်အပြင် CDM ဝန်ထမ်းများကို အမျိုးမျိုးဖိအားပေးနှောက်ယှက်နေတဲ့ ဝန်ထမ်းအကြီးအကဲ အရာထမ်း၊ အမှုထမ်းများကိုလည်း အမည်ပျက်စာရင်းများဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပြီး ပြည်သူ့အစိုးရလက်ထက်တွင် အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခုလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ထုတ်ပြန်ချက်အတိုင်းအမှန်တစ်ကယ်ရရှိဖို့မျော်လင့်မိပြီး NUG ရဲ့ထောက်ပံ့မှု အကာအကွယ်ပေးမှုမရခင် ကြားကာလမှာတော့ ပညာရေးဝန်ထမ်းအချင်းချင်း ကူညီရိုင်းပင်းမှုတွေရှိတယ်လို့ သိရပါတယ်။

“ကျနော်တို့ကတော့ သူတို့ရဲ့ထောင့်ပံမှုတွေဖြစ်ဖြစ် လုံခြုံရေးအရ အကာအကွယ်ပေးတာဖြစ်ဖြစ် အများကြီးမျော်လင့်ထားတယ်။ ဒါပေမယ့်တစ်ခုရှိတာက သူတို့ရဲ့လုပ်ဆောင်မှုတွေမလာခင်မှာ ကျနော်တို့အချင်းချင်း ကူညီတာတို့ အဲ့လိုတော့လုပ်ထားတယ်” လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံဆရာများသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ CDM ပညာရေးဝန်ထမ်းတစ်ဦးကပြောပါတယ်။
လက်ရှိ ကယားပြည်နယ်တွင် CDM ပြုလုပ်တဲ့ပညာရေးဝန်ထမ်း ၅၅ ရာခိုင်နှုန်းရှိနေပြီး NON CDM ပြန်ဖြစ်သွားတဲ့ ဝန်ထမ်းကတော့ ဆယ်ဂဏန်းလောက်ရှိတယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံဆရာများသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးထံမှ သိရပါတယ်။

spot_img
spot_img

Recent posts