ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များအတွင်း ညမထွက်ရအမိန့်ကို ယခင်က ည(၁၀)နာရီမှ နံနက် (၄)နာရီအထိ သတ်မှတ်ထားပြီး မေလ ၁၅ ရက်နေ့မှစတင်ကာ ည(၁၂)နာရီမှ နံနက် (၄)နာရီအထိ ပြင်ဆင် လျော့ချလိုက်တာကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ ဖေ့ဘွတ်ခ်ပေ့ချ်မှာ မေလ ၁၄ ရက်နေ့ ညပိုင်းက ပြင်ဆင်ထုတ်ပြန်လိုက်ပါတယ်။
အရေးပေါ်ကိစ္စရှိတယ်ဆိုရင်လည်း သက်ဆိုင်တဲ့ ခွင့်ပြုချက်အရမှအပ နေ့စဉ် ည (၁၂)နာရီမှ နံနက် (၄)နာရီအတွင်း ညမထွက်ရန် အချိန်ပြင်ဆင်ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။
သတ်မှတ်ချိန် ပြင်ဆင်လျော့ချလိုက်တာနဲ့ပတ်သက်ပြီး ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် (၇)မြို့ကို တစ်ပြိုင်တည်း ပြည်နယ်အစိုးရက အမိန့်ထုတ်ပြန်လိုက်ပြီး လိုက်နာရန်ပျက်ကွက်မယ်ဆိုရင် တည်ဆဲဥပဒေအရ အရေးယူခံရပါမယ်။ အဲဒီအမိန့်စာဟာ ထုတ်ပြန်တဲ့နေ့ကစပြီး (၂)လအတည်ဖြစ်ပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါကာကွယ်ထိန်းချုပ်တားဆီးနိုင်ဖို့အတွက် ကယားပြည်နယ်အတွင်းရှိ မြို့နယ်များကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညမထွက်ရ အမိန့်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း သွားလာခြင်းမပြုလုပ်ကြဖို့ နဲ့ တွေ့ရှိမယ်ဆိုရင် တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် (၇)မြို့အသီးသီးရဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်အတွင်းမှာ ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ ၁၀ဦးကျော်ကိုလည်း သက်ဆိုင်တဲ့ မြိူ့နယ်အသီးသီးက အုပ်ချုပ်ရေးမှူးတွေမှ တရားလိုလုပ်ပြီး တိုင်းတန်းခဲ့ရာ အလုပ်မဲ့ထောင်ဒဏ်တစ်လဖြစ်စေ၊ အလုပ်နှင့်ထောင်ဒဏ် နှစ်လ ဖြစ်စေ အသီးသီးချမှတ်ခဲ့ပါတယ်။