spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားရိုးရာ စုပေါင်း အဲ့ဒိုပေါ်မီ ( ခေါ် ) ဒီးကူပွဲကို အကျဉ်းချုပ် ကျင်းပ ပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းမှာ ( ၉ )ကြိမ်မြောက် ကယားရိုးရာ စုပေါင်း အဲ့ဒိုပေါ်မီ ( ခေါ် ) ဒီးကူပွဲကို ယနေ့ စက်တင်ဘာလ ( ၂ ) ရက်နေ့မှာ အကျဉ်းချုပ်ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒိုပေါ်မီပွဲအတွင်း ကယားလူမျိုးတွေရဲ့ ဘုရင် ( ခေါ် ) ဖိုးဒီးကရီးကို နိမိတ်မေးမြန်းခဲ့ပြီး တိုင်းပြည်ကို ပြည်လည်အုပ်ချုပ်ခွင့်ရရှိမှာ ဖြစ်ကြောင်း ဖြေကြားခဲ့တယ်လို့ ဖိုးဒီးကရီးကို မေးမြန်းခဲ့တဲ့ ခေါင်းဆောင်တစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ဖြေကြားခဲ့ပါတယ်။

“ ကျနော်တို့ ဖိုးဒီးကရီးကို မေးတယ်ဆိုတာက တစ်နှစ်တစ်ခါ ဒီးကူပွဲမှာ ကျနော်တို့ဆီကို လာရောက်တယ်။ အကြာကြီးတော့ မနေဘူး။ သုံးရက်ပြီးရင် လုပ်ရိုးလုပ်စဉ်အရ ပြန်လည်ပို့ဆောင်ပေးရတယ်။ ကျနော်တို့ ပွဲမှာတော့ ကျနော်တို့ရဲ့ ရပ်ရွာအတွက် မေးတယ်။ လက်ရှိ ကျနော်တို့တွေ ထွက်ပြေးနေရဦးမှာလား။ ကျနော်တို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကော စားသောက်ခွင့်ရှိမှာလား မေးကြည့်တဲ့နေရာမှာ စားသောက်ခွင့်ရှိတယ်လို့တော့ ဖိုးဒီးကရီးက ဆိုတယ်ပေါ့။ ကျနော် နိုင်ငံရေးဖက် မေးတဲ့အခါမှာ ကျနော်တို့ သားသမီးတွေက စိတ်ဓာတ်ပြင်းထန်နေကြတယ်။ စစ်တပ်ကို ပြန်လည်တွန်းလှန်နေကြတဲ့အပေါ်မှာ ကျနော်တို့ နိုင်ငံ ပြန်လည်ရရှိမှာလားဆိုတော့ ပြန်ရရှိမှာပါတဲ့ ကိုယ့်နိုင်ငံကို ပြန်လည်အုပ်ချုပ်ခွင့်ရမှာပါတဲ့၊ နောက်ပြီးတော့ စစ်တပ်အကြီးအကဲတွေကော သူတို့ ဘယ်လို ဖြစ်သွားမှာလဲလို့ မေးကြည့်တော့ သူတို့ အပြစ်နဲ့ သူတို့ ပြင်ပက အပြစ်ပေးတာ ခံရလိမ့်မယ် လို့ ပြောသွားတယ်ပေါ့။” လို့ ပြောပါတယ်။

ကယားလူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ အဲ့ဒိုပေါ်မီပွဲဟာဆိုရင် နှစ်စဉ်နှစ်တိုင်း ခမ်းခမ်းနားနား ကျင်းပကြတာ ဖြစ်ပါတယ်။ ဒီတစ်နှစ်မှာတော့ နိုင်ငံရေး အခြေအနေမကောင်းတဲ့ကြားကနေ ရိုးရာ မပပျောက်ဖို့အတွက် ခက်ခက်ခဲခဲအကျဉ်းချုပ်သာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

“ကျနော်တို့ အဲ့ဒီုပေါ်မီပွဲလုပ်တယ်ဆိုတာက ကျနော်တို့ အထွဋ်အမြတ်ထားတဲ့ အရာတစ်ခုဖြစ်တယ်။ ကျနော်တို့ နိုင်ငံရေး အခြေအနေမကောင်း ဒီပွဲကို လုပ်ဖို့ဆိုတာကလည်း တော်တော်လေး စိတ်ပူပန်နေရတယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ရဲ့ မိဘဘိုးဘွားစဉ်ဆက်က ပြုလုပ်လာတဲ့ အရာကို ကျနော်တို့ မလုပ်နိုင်ဘူးဆိုရင် ဒီရိုးရာကို လုပ်ဖို့ ကျနော်တို့ ကြောက်နေသေးတယ်ဆိုရင် မိဘဘိုးဘွားတွေရဲ့ အမွေကို ထိန်းသိမ်းဖို့ ကျနော်တို့ မေ့ပျောက်ကုန်မှာစိုးလို့ ကျနော်တို့ ကြိုးစားလုပ်တယ်။ ကြောက်ရင်တောင်မှ မကြောက်တတ်တော့ဘူး။ မဖြစ်ဖြစ်အောင် လုပ်ရခြင်းဖြစ်တယ်ပေါ့။” လို့ ခေါင်းဆောင်တစ်ဦးက ဆက်ပြောပါတယ်။

အခမ်းအနားကို နေ့တစ်ပိုင်း ကျင်းပခဲ့ကြပြီး အဲ့ဒိုပေါ်မီကျင်းပရခြင်း ရည်ရွယ်ချက်၊ သမိုင်းကြောင်းပြန်လည်ပြောပြတာတွေ၊ ရိုးရာအဆို ၊ အက ဖျော်ဖြေတင်ဆက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ စုပေါင်း အဲ့ဒိုပေါ်မီပွဲမှာ အနီးအနားက ကျေးရွာ ဒေသခံတွေ ၊ ရပ်မိရပ်ဖတွေနဲ့ ကရင်နီဒေသခံကာကွယ်ရေး တပ်ဖွဲ့ တချို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

“ ကိုယ့်ရဲ့ ကယားလူမျိုးတစ်ယောက်အနေနဲ့ အဲ့ဒိုပေါ်မီဆိုတာ ကယားလူမျိုးတစ်ယောက်အနေနဲ့ ထိန်းသိမ်းသင့်တဲ့ အရာပေါ့။ နောက်ပြီးကိုယ့်ရဲ့ ကယားရိုးရာပွဲကို လာတဲ့အချိန်မှာ ခံစားချက်က အရမ်းပီတိဖြစ်တယ်။ ပျော်လည်းပျော်တယ်။ ဒီလိုမျိုး ခေတ်ကာလမကောင်းတဲ့ ကြားထဲကနေ အဲ့ဒိုပေါ်မီပွဲကို ကျင်းပနိုင်တဲ့အတွက် လူငယ်တစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်ပေါ့။ “ လို့ ပွဲကို ပါဝင်တက်ရောက်ခဲ့သူက ဆိုပါတယ်။

ကယားရိုးရာ စုပေါင်း အဲ့ဒိုပေါ်မီပွဲကို ၂၀၁၇ ခုနှစ်ကနေ စပြီး ၂ နှစ်တစ်ကြိမ် ကျင်းပလာခဲ့တာဖြစ်ပါတယ်။ စုပေါင်း အဲ့ဒိုပေါ်မီပွဲကို နိုင်ငံရေး အခြေအနေတည်ငြိမ်စဉ်က ခမ်းခမ်းနားနား ကျင်းပခဲ့ကြပေမယ့် ဒီတစ်နှစ်မှာတော့ အကျဉ်းချုပ်သာ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။

spot_img
spot_img