spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားအစိုးရ ၃ နှစ်တာကာလအတွင်း ဟိုတယ်နှင့်ခရီးသွားကဏ္ဍ အောင်မြင်ဆုံးဖြစ်

Author

Date

Category

နော်ဒွေးအယ်ခူ

ကယားပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအနက် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍဟာ အအောင်မြင်ဆုံးဖြစ်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

ကယားပြည်နယ် အစိုးရ၏ တတိယ(၁)နှစ်တာကာလအတွင်း လုပ်ဆောင်ချက်များထဲတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍသည် အောင်မြင်မှုအများဆုံးဟု ဝန်ကြီးချုပ်က ပြည်နယ်အစိုးရ၏ တတိယနှစ်စက်ဝန်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အအောင်မြင်ဆုံးလုပ်နိုင်ခဲ့တဲ့ လုပ်ငန်းတစ်ခုကို ပြောရမယ်ဆိုရင် ကျတော်တို့ အစိုးရရဲ့ ၃နှစ်တာ ကာလအတွင်းမှာ ဆောင်ရွက်ခဲ့တာတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်။ ဒါကိုပဲ အလေးထားပြီးတော့မှ တစ်ပြည်နယ်လုံးအတိုင်းအတာအနေနဲ့  ကြိုးပမ်းဖော်ဆောင်တဲ့နေရာမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ကောင်းတဲ့အတွက်ကြောင့် ဟိုတယ်နဲ့ခရီး ကဏ္ဍက အော်တိုအောင်မြင်နေပါတယ်။ အအောင်မြင်ဆုံးသတ်မှတ်လို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီ ၃နှစ်တာ ကာလအတွင်းမှာ အအောင်မြင်ဆုံးလုပ်ငန်းတစ်ခုကို ပြောမယ်ဆိုရင် ဟိုတယ်နဲ့ ခရီးကဏ္ဍဖြစ်တယ်ဆိုတာကို ပြန်လည်ဖြေကြားလိုပါတယ်”ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိူက ပြောသည်။

မေလ ၂၈ရက်နေ့၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့်  ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က မီဒီယာများ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း ကယားပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုရုံးနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံးကို ဖွင့်လှစ်ထားရှိပြီး ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာလျှင် ပြည်နယ်အတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှတစ်ဆင့် ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် ၃၀%ထိ အောင်မြင်နေပြီးသကဲ့သို့ ဟိုတယ်လုပ်ငန်းသည်လည်း တိုးတက်လာနေကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

လက်ရှိအချိန်ထိ လွိုင်ကော်မြို့ပေါ်တွင် ဟိုတယ်အအောက်အဦး မြောက်များစွာ တည်ဆောက်နိုင်ခဲ့ပြီး အခန်းပေါင်း ၄၀ဝကျော် တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

Advertisement

ဟိုတယ်လုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းနေပြီး ဖြစ်သည့်အတွက်ကြောင့် ခရီးသွားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်များပြားလာရန် မူဝါဒနှင့်အညီလုပ်ဆောင်နေသော်လည်း ပြည်သူလူထုနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ခြင်းမရှိလျှင် အောင်မြင်နိုင်မည်မဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

လက်ရှိခရီးသွားလုပ်ငန်း လုပ်ဆောင်နေသည့်ဒေသများအပြင် ပွန်ချောင်း-ထူးချောင်းတို့ဆုံရာနေရာတွင် ကနူး၊ ကယက်လှေစီးခြင်း၊ ကယောဒေသရှိ မော်သီဒိုကျေးရွာတွင် သဘာဝခရီးသွားလုပ်ငန်းများကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဆင်ဖြူတောင်ထိပ်တွင် ပြည်တွင်း/ပြည်ပခရီးသွားများ လာရောက်အနားယူအပန်းဖြေနိုင်ရန် ဆောင်ရွက်ထားသကဲ့သို့ ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ကြားရှိ BP13 နယ်စပ်ဝင်ပေါက်ကို အပြည်ပြည်ဆိုင်ရာဝင်ပေါက်အဆင့်အထိ ဖွင့်လှစ်နိုင်ရန် ပြည်ထောင်စုသို့ တင်ပြထားကြောင်း သိရသည်။

သက်တမ်း ၂ နှစ်အတွင်းတွင် ပြည်တွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျေးရွာများတွင် ခရီးသွားထုတ်ကုန်အသစ် တိုးချဲ့ခြင်းအစီအစဉ်ဖြင့် ခရီးသွားလုပ်ငန်းကို တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ တတိယတစ်နှစ်တာ ကာလအတွင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း တစ်ထောင်ကျော်ရှိနေပြီး ဟိုတယ်လုပ်ငန်း ၁၂ ခု၊ နယ်သာလန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ USD ၃သန်းရှိသည့် ဝက်မွေးမြူရေးလုပ်ငန်းနှင့် အခြားလုပ်ငန်း ၁၃ခုကိုလည်း အတည်ပြု မိန့်ထုတ်ပေးနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။

“ကျေးလက်ဒေသအတွက်ကို ဦးစားပေးပါမယ်။ အစွန်အဖျားကျေးရွာတွေ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့နေရာတွေမှာ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် ကြိုးစားမယ်။ ပြီးရင် လျှပ်စစ်မီးမရရှိသေးတဲ့နေရာတွေ အစွန်အဖျားတွေကို လျှပ်စစ်မီးရရှိအောင် ကြိုးပမ်းမယ်။ ကျေးရွာတွေရဲ့ ဆန္ဒတွေကို ဦးစားပေးဖော်ဆောင်မယ် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစွန်အဖျားတွေကို ကျန်ရှိတဲ့ ၂နှစ်ကာလအတွင်းမှာ ရရှိလာတဲ့ ဘဏ္ဍာငွေအပေါ် မူတည်ပြီးမှ အစွမ်းကုန် ကြိုးပမ်းမယ် ဆောင်ရွက်မယ်ဆိုတာကို ဖြေကြားလိုပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ချို့လည်း တက်ရောက်ခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲသို့ ကန္တာရဝတီတိုင်း(မ်)မီဒီယာ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားရုပ်သံ အစီအစဉ်၊ DVB သတင်းဌာန နှင့် တာချီလိတ်သတင်းအေဂျင်စီ စသည့် ဒေသတွင်း သတင်းမီဒီယာများမှ မေးခွန်းမေးမြန်းခဲ့ကြသည်။

spot_img
spot_img

Recent posts