spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်တွင် ရေရှားပါးမှုနှင့် စတင်ရင်ဆိုင်နေရ

Author

Date

Category

စူးမယ်

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ဖားတီမာကျေးရွာတွင် တစ်မိုင်ခန့် ဝေးသည့် ရေတွင်းတွင် ရေခပ်နေရပြီး လက်ရှိတွင် ရေရှားပါးမှုနှင့် စတင်ကြုံတွေ့လာနေပြီဖြစ်ကြောင်း ကျေးရွာ ဥက္ကဌ ခူးကလဲရယ်က ပြောသည်။

ဖားတီမာရွာတွင် အဓိက အခက်အခဲဖြစ်သည့် ရေသည် မိုးမခေါင်ပါက နွေရာသီတွေ ရေ သိပ်မခန်းသော်လည်း ယခုနှစ်အတွင်း မိုးခေါင်လာသောကြောင့် ရေရှားပါးမှုနှင့် ရင်ဆိုင်နေရသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ကြောင်း ခူးကလဲရယ်က ပြောသည်။

ခူးကလဲရယ်က “ရေက အခုချိန်လောက်ဆို ကျတော်တို့ခပ်ဖို့ နည်းနည်းရှိသေးတယ် ဒါပေမဲ့ နွေရာသီတိုင်းဆို ရေတွေ အကုန်ခန်းတယ်လေ ရေခန်းတော့ မြို့ထဲက လူတချို့ကို လာပို့ခိုင်းတယ် တချို့က နောင်ယားကန်အထိ သွားခပ်တယ် အဲ့လိုပေါ့ နွေရာသီဆို ရေတွေအကုန်ခန်းတယ် ရေတွင်းတစ်တွင်းကို ကျေးရွာပေါင်း ၄-၅ရွာလောက် ပေါင်းခပ်တယ်။ ၄-၅ရွာလောက်ပေါင်းခပ်တော့ ရေခန်းရင် မနက်စောစောဆို သွားပြီး လုခပ်ကြတယ်လေ။ ရေမရှိတော့ တခြားနေရာတွေမှာ သွားခပ်စားကြတယ်။ နောက်ဆုံးရေမရတော့ ကျတော်တို့သူများတွေကို အကူအညီတောင်းတော့ လာပို့ပေးတယ် အဲ့လိုပဲလုပ်တယ်”ဟု ပြောသည်။

ဖားတီမာရွာမှ ရေကို တစ်မိုင်နီးပါးရှိသည့် နေရာသို့ သွားရောက်ခတ်ယူနေရပြီး ပြီးခဲ့သည့် နှစ်များတွင် မြို့မှ အခမဲ့ လာရောက်ပို့ပေးတာမျိုး ရှိခဲ့ကြောင်း ပြောသည်။

နွေရာသီရောက်လျှင် ပုံမှန်ထက် ရေချွေတာ သုံးနေရကြောင်း ဖားတီမာရွာမှ အိမ်ရှင်မ မော်ကလောမြာက ပြောသည်။

မော်ကလောမြာက “တခါတလေဆို ရေကြောင့် စကားများစရာတွေ ဖြစ်လာတယ်။ အိမ်မှာရှိနေတဲ့ လူက ရေသွားမခပ်ကြဘူးဆိုရင် စိတ်တိုတာတွေ ဖြစ်လာတယ်။ အိမ်မှာ စကားများကြတယ် ရေကြောင့်ပေါ့။ တခါတလေ အိမ်ဘေးမှာ စက်ရရှိတဲ့လူတွေက ရေရှိရင်တော့ သွားတောင်းခပ်တယ် တစ်ပုံးနှစ်ပုံး၊ အဲ့လိုလုပ်တယ်။ ကျမတို့လို စက်မရှိတဲ့လူတွေဆိုရင်တော့ စက်ရှိတဲ့လူတွေ ရေသွားခပ်ရက် လိုက်သွားတယ်။ တစ်ပုံးနှစ်ပုံးလိုက်ခပ်တယ် တစ်မနက်စာပေါ့။ တစ်ရက်စာတော့ မလောက်ဘူးလေ နှစ်ပုံးက”ဟု ဆိုသည်။

နွေရာသီရောက်လျှင် မနက် ၄ နာရီအတည်းကပင် ရေခပ်စောင့်နေရသောကြောင့် ရေကို သိုလှောင်ထားရန်အတွက် သီးသန့်အချိန်ပေးရ၍ လုပ်ငန်းကို ထိခိုက်ကြောင်း မော်ဘဲမယ်က ပြောသည်။

“ခက်ခဲတာပေါ့ တချို့ဆိုရင် အိမ်မှာ နေပြီး ရေပဲ သွားခပ်နေရတယ်လေ တောင်ယာထဲလည်း မသွားနိုင်တော့ဘူး တစ်ရက်လောက် ရေသွားခပ်ပြီးတော့ နောက်တစ်ရက်မှ တောင်ယာပြန်သွားပေါ့ ကလေးငယ်ရှိတဲ့လူတွေဆိုရင်တော့ လျှော်ဖွတ်ဖို့အတွက် အိမ်မှာပဲ နေရတော့မယ်။ တောင်ယာမသွားရတော့ဘူး။ အိမ်မှာနေပြီး လျှော်ဖွတ်နိုင်ဖို့ ရေတွင်းမှာ သွားရတော့မယ်လေ” ဟု ပြောသည်။

ဖားတီမာကျေးရွာအနီးရှိ ရေတွင်းတွင် ရေရှားသည့် ဒေါမူကလား၊လွယ်တမူ၊ ထီးသူးကူး၊ပြားကနဲ၊ သုံးမိုင်မကြဲ၊ ပကြဲ စံပြ၊ ပဒါးညေး၊ စသည့် ကျေးရွာများ အတူ အသုံးပြုရသောကြောင့် လုံလောက်မှု မရှိကြောင်း သိရသည်။

လက်ရှိတွင် ကယားပြည်နယ်တွင် ရေရှားပါးမှု ပြဿာနာများနှင့် စတင် ကြုံတွေ့နေရသောကြောင့် ကယားပြည်နယ်အတွင်းရှိ ပရဟိတအဖွဲ့မှ ရေသွားရောက်ပေးလှုူမှုများ ရှိနေသည်။

ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး “အခုက အရင်နှစ်ကလောက် အခြေအနေမဆိုးဘူး။ အရင်နှစ်က အယ်နီညှိကြောင့် ရေက ပိုခန်းတယ်။ အရင်နှစ်က ဒီအချိန်ဆို လွိုင်ကော်ဆို ရေခမ်းနေပြီ။ ဒီနှစ်တော့ မခမ်းသေးဘူး”ဟု ဖုန်းဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေဆိုထားပါသည်။

၂၀၁၆-၁ရ ခုဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်အတွင်း နွေရာသီရေရှားပါးပြတ်လပ်သည့်ကျေးရွာများသို့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေတိုစီမံကိန်းအနေဖြင့် တစ်ပြည်နယ်လုံးတွင်းတွင်း ကျေးရွာပေါင်း ၃၄ ရွာကို ရေးပေးဝေသွားမည်ဖြစ်သည်ဟု ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဖေ့ဘုတ်စာမျက်နှာတင်ပြထားသည့် အချက်အလက်များ အရသိရှိရသည်။

လွိုင်ကော်မြို့နယ်အတွင်းတွင် နွားလဝိုးအုပ်စုအတွင်းရှိ ရ ရွာ ၊ ဒီးမော့ဆိုမြို့နယ်တွင် ဒေါဖုအုပ်စုအတွင်း ဒေါဆိုခူ ၊ ဒေါပဲ့ဒူ ၊ ဒေါပဲ့ ၊ ဒေါဖု ကျေးရွာ နှင့် ဖရူဆိုမြို့နယ်အတွင်းတွင် ဖရူဆိုအုပ်စုအတွင်းရှိ ခေါသမော ၊ လောခုခူ ၊ ကေးလျားအုပ်စုအတွင်းတွင် ထီးသဲကလို ၊ ဒေါခူလီ ၊ လောပလျားလဲ ၊ လောလျားခူ၊ ဒေါပိုရှေ့၊ ဒေါတကလဲ ၊ ဒေါတနော ၊ ထီးဗျားညေ ၊ ကေးလျား ၊ ဒေါဗျာကူး ၊ မာခရော်ရှေ့အုပ်စုအတွင်းတွင် ပရယ်တော် ၊ ထားလဲ ၊ တနောကထော ၊ ဒိုးပရယ်အုပ်စုအတါင်းတွင် ဝှယ်သူတော် ၊ လျားဒူ ၊ ထီးဒူးလယ် ၊ ဘီဆို ၊ ထီးဒူးခူ ၊ ဖူးကရားခူ ၊ ဘောလခဲ မြို့နယ်အတွင်းတွင် ဘူးခူ ၊ မယ်စဲ့မြို့နယ်အတွင်းတွင် ကျောက်စု ကျေးရွာတို့ကို ကျေးလက်ဦးစီးဌာနက ရေများသွားရောက်ပေးဝေနိုင်ရန် လျာထားသည်ဟု သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်ရန်လိုသောလုပ်ငန်းထဲတွင် ရေသွယ်ယူရန်လုပ်ငန်း ၂ ခုကို ရှားတောမြို့နယ်တွင် တစ်ခု ၊ လွိုင်ကော်မြို့နယ်တွင်တစ်ခု စုစုပေါင်း သန်းပေါင်း ၃၆.၆၉ဝ လျာထားသည်ဟု ကယားပြည်နယ်၏ ရသုံးငွေစာရင်းအရသိရသည်။

ရေရှားပါးသည့် ဒေသဘက်တွင် ကမ္ဘာ့ဘဏ်မှချေးငွေနှင့် ကျေးလက်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၁၅-၁၆ ခုနှစ်တွင် လူထုဗဟိုပြု စီမံကိန်းများတွင် ဖရူဆိုနှင် ဒီးမော့ဆိုမြို့နယ်အတွင်း ရေပေးဝေရေး စုစုပေါင်း စီမံကိန်း ၆၈ ခု ထိ ရှိခဲ့သည်ဟု ကယားပြည်နယ်နေ့ အခန်းအနားမှ ပြခန်းတွင် သိရှိရပါသည်။

spot_img
spot_img

Recent posts