ကယားပြည်နယ်လွှတ်တော်နှင့် အစိုးရကို လေ့လာခြင်း (၄)

ကျော်ထင်အောင်

(ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၏ ကော်မတီများကို လေ့လာခြင်း)
——————————

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်မှ ၂၀၁၆ ခုနှစ်အတွင်း ကော်မတီ ( ၆ ) ခု ဖွဲ့စည်းခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ သို့သော် ကော်မတီများ၏ လုပ်ဆောင်နိုင်မှုစွမ်းရည်မှာ အားရကျေနပ်ဖွယ်ရာ မတွေ့ရပေ။

တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ အနေဖြင့် ကယားပြည်နယ်အတွင်းရှိ ဌာနေ တိုင်းရင်းသားများ၏အရေးအတွက် ကျေနပ်ဖွယ်ရာ စွမ်းဆောင်မှု မတွေ့ရပေ။ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ အနေဖြင့် တစ်နှစ်ကျော်ကာလ ( ၂၀၁ရ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက် )မှသာ ကယားပြည်နယ်၊ ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ ကို ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၏ ပထမဆုံး ဥပဒေ အဖြစ် ပြဌာန်းနိုင်ခဲ့သည်ကို တွေ့ရသည်။

ဥပဒေလေ့လာစိစစ်အကြံပြုရေး ကော်မတီ အနေဖြင့် ယခင် ပထမအကြိမ် ကယားပြည်နယ် လွှတ်တော်မှ ပြဌာန်းခဲ့သော ကယားပြည်နယ် ဥပဒေ ( ၉ ) ခုကို ယခုအချိန်အထိ ပြင်ဆင် ဖြည့်စွက် ပယ်ဖျက် နိုင်ခြင်း မရှိသေးပေ။ အစိုးရ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီမှာလည်း သိသာလောက်သော စွမ်းဆောင်ရည် မတွေ့ရပေ။

ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီ အနေဖြင့် အနည်းငယ် လုပ်ဆောင်နိုင် သည်ကို တွေ့ရသော်လည်း တိုင်စာ၊ ပစ်စာ လေ့လာဆန်းစစ်ရေး အဖွဲ့၏ ကြားနာမှုများမှာ အကောင် အထည်ဖော်နိုင်မှု မရှိသလောက် နည်းပါးသည်ကို တွေ့ရှိရပေသည်။

ကော်မတီများကို လေ့လာကြည့်သောအခါ ပြင်ပ ပညာရှင်များ၊ ရပ်မိရပ်ဖများ၊ အရပ်ဖက် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များနှင့် တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းထားသော်လည်း ကော်မတီများ၏ ဥက္ကဌ နှင့် အတွင်းရေးမှူး နေရာများကို ရယူထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ဆောင်နိုင်စွမ်းမှာ အရေးပါလှသည်ကို တွေ့ရှိရပေသည်။

ကယားပြည်နယ်လွှတ်တော်၏ ဖွဲ့စည်းပုံမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကယား ပြည်နယ်ရှိ မြို့နယ် ( ရ ) မြို့နယ်မှ တစ်မြို့နယ်လျှင် ( ၂ ) ဦး ကျစီဖြင့် ပြည်သူလူထုမှ ရွေးကောက် တင်မြောက်သည့် လွှတ်တော်ကိုယ်စားလှယ် (၁၄) ဦး၊ ကယားပြည်နယ်ရှိလူဦးရေ စုစုပေါင်း၏ ( ဝ.၁) ရာခိုင်နှုန်းနှင့်အထက်ရှိ ဗမာတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ( ၁ ) ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ဥပဒေနှင့်အညီ တင်သွင်းသည့် တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ( ၅ ) ဦး၊ စုစုပေါင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ( ၂ဝ ) ဦးဖြင့် ဖွဲ့စည်းထားပါသည်။

ထိုအထဲမှ တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ( ၆ ) ဦးမှာ ကယားပြည်နယ်အစိုးရအဖွဲ့တွင် ပူးတွဲတာဝန်ထမ်းဆောင်ရသည့်အပြင် လွှတ်တော်ကိုယ်စားလှယ် ( ၂ ) ဦးမှာ ပြည်နယ်လွှတ်တော်၏ ဥက္ကဌ နှင့် ဒုဥက္ကဌ တာဝန်တို့ကိုယူရ၍ ကော်မတီများတွင် တာဝန်ထမ်းဆောင်ရန် ( ၁၂ ) ဦးသာ ကျန်ရှိတော့သည်ကို တွေ့ရသည်။

တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ( ၄ ) ဦးကို အဖွဲ့ဝင်များအဖြစ်သာ ထား၍ ကော်မတီများတွင် ဥက္ကဌနှင့် အတွင်းရေးမှူး တာဝန်များထမ်းဆောင်ရန် ( ၈ ) ဦးသာ ကျန်ရှိတော့သည်။ ကော်မတီ ( ၆ ) ခုတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ( ၆ ) ဦးကို ဥက္ကဌနှင့် အတွင်းရေးမှူး တာဝန်များ ထမ်းဆောင်စေသည်ကို တွေ့ရပါသည်။

ထို့အတွက်ကြောင့် အချို့ လွှတ်တော်ကိုယ်စားလှယ်များမှာ ကော်မတီ ( ၂ ) ခု၊ ( ၃ ) ခုတွင် ဥက္ကဌနှင့် အတွင်းရေးမှူး တာဝန်များထမ်းဆောင်နေရသည်။ လူနည်းသည့် လွှတ်တော်တွင် အလုပ်ဖြစ်ရန်မှာ များစွာ ကြိုးစားအားထုတ်မှု လိုနေသည်ကို တွေ့ရပေသည်။

တစ်နှစ်ကျော်ကာလတွင် ကော်မတီများကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရန်ရှိသည်ဟု သိရသော်လည်း ယခုအချိန်အထိ ပြုပြင်ပြောင်းလဲသည့် ကော်မတီစာရင်းများကို ပြည်သူအများ မသိရှိရသေးပေ။

(ဒုတိယအကြိမ် ကယားပြည်နယ်အစိုးရကို လေ့လာခြင်း)
——————————-

ဒုတိယအကြိမ် ကယားပြည်နယ်အစိုးရ အနေဖြင့် ပထမအကြိမ် ကယားပြည်နယ်အစိုးရ၏ ကောင်းမွေဆိုးမွေများကို လက်ဆင့်ကမ်း လက်ခံရသည်မှာ လုပ်ရိုးလုပ်စဉ်ပင် ဖြစ်ပေသည်။ သို့ရာတွင် ဒေသခံပြည်သူအများက လက်မခံ၍ ယခင်အစိုးရကပင် ရပ်ဆိုင်းထားပေးခဲ့သော လွိုင်ကော်မြို့အနီး တန် ၄၀၀ဝ ကျ ဘိလပ်မြေစက်ရုံ စီမံကိန်းကို လက်ရှိ ပြည်သူနှင့်အတူ ဟု ကြွေးကြော်နေသော ပြည်သူ့အစိုးရမှ မည်သည့်နည်းနှင့်မျှ ဆိုးမွေကို ဆက်ခံ၍ စီမံကိန်း ဖော်ဆောင်ရန် ခွင့်မပြုသင့်ပေ။

ယခင်အစိုးရလက်ထက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ( ၈ -၁၁ – ၂၀၁၁ ) ရက်စွဲဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ ပကြဲ – တောင်သုံးလုံးဒေသတွင် တစ်နေ့လျှင် တန် ၄၀၀ဝ ကျ ဘိလပ်မြေစက်ရုံ ရင်းနှီးမြုပ်နှံ တည်ထောင်ခွင့်ပြု၍ ပထမအကြိမ် ကယားပြည်နယ်အစိုးရမှ ( ၁၁ – ၁၁ – ၂၀၁၁ ) ရက်စွဲဖြင့် လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

ဒေသခံပြည်သူအများ၏ ကန့်ကွက်မှုအပြင် ၂၀၁၂ ခုနှစ် မတ်လတွင် အပစ်အခတ်ရပ်စဲရေး အတွက် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ( KNPP ) မှ အခြေခံ ဆွေးနွေးချက် ( ၂ဝ ) ချက်၏ အမှတ်စဉ် ( ၈ ) ပါ “ကရင်နီပြည်အတွင်း အကောင်အထည်ဖော်မည့် အကြီးစားစီမံကိန်းများနှင့် ပြုပြင်မွမ်းမံမှုများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနေမှု မပြီးပြတ်သေးသည့် ကာလအတွင်း ယာယီ ရပ်ဆိုင်းထားရန်” ဆွေးနွေးချက်အရ ယခင်ပြည်နယ်အစိုးရက ယာယီ ရပ်ဆိုင်းပေးခဲ့ခြင်း ဖြစ်ပေသည်။

ယခင်က လွိုင်ကော်မြို့အနီးဟု သုံးနှုန်းခဲ့သော်လည်း ယခုတွင် လွိုင်ကော်မြို့နှင့် ကပ်လျက်ဟု သုံးနှုန်းရတော့မည့် ဒေသတွင် ပတ်ဝန်းကျင်လေထုကို ညစ်ညမ်းစေသည့် ဘိလပ်မြေစက်ရုံ စီမံကိန်းအား လုံးဝ မလုပ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ၂၀၁၆ ခုနှစ်၊ မတ်လ ( ၁ရ ) ရက် နေ့စွဲဖြင့် ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ ( ၈၀၁/၂၀၁၆ ) အရ ချိကယ်ကျေးရွာအုပ်စုမှ ထေးသမ နှင့် နမ့်ကွတ် ( ၂ ) ရွာကို လွိုင်ကော်မြို့ပေါ် ရပ်ကွက်များအဖြစ် ပြုပြင်ဖွဲ့စည်းပြီး ဖြစ်သည်။ မူလ ( ၁၃ ) ရပ်ကွက်မှ ယခု ( ၁၉ ) ရပ်ကွက်အထိ တိုးချဲ့ဖွဲ့စည်ထား ရသည့် လွိုင်ကော်မြို့နှင့် ဘိလပ်မြေစက်ရုံမှာ တစ်ဆက်တစ်စပ်တည်းလို ဖြစ်သွားမည့် အခြေအနေမှာ လူထုအများ၏ ကျန်းမာရေးအတွက် များစွာထည့်သွင်း စဉ်းစားရပေမည်။

အခြား ပညာရှင်များစွာ၏ FPIC , EIA , SIA နှင့် CSR မပြည့်စုံမှုများ အပြင် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်မှုများအတွက် ရေးသားနေကြသည်ကို တွေ့နေရသည်။

ထို့အတွက်ကြောင့် လက်ရှိ ဒုတိယအကြိမ် ကယားပြည်နယ်အစိုးရ အနေဖြင့် ဒေသခံ ပြည်သူအများ၏ ကန့်ကွက်နေမှုအရလည်းကောင်း၊ ငြိမ်းချမ်းရေးကို ရှေးရှု၍လည်းကောင်း၊ ပြည်သူအများ၏ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးအတွက် စာနာ၍လည်းကောင်း တန် ၄၀၀ဝ ကျ ဘိလပ်မြေစက်ရုံ စီမံကိန်းကို ခွင့်မပြုသင့်ကြောင်း လေ့လာတွေ့ရှိချက် အနည်းငယ်ကို ဖော်ပြလျက် တိုက်တွန်းရေးသား လိုက်ရပေသည်။

Comments

comments

Next Post

ဘီလူးချောင်းရေဆိုးများကို ရှမ်းထက် ကယားပြည်နယ်သားများက နှစ်ဆပိုမိုသုံးစွဲနေ

Tue Aug 29 , 2017
ထျိုးမြာ ဘီလူးချောင်းရေ၏ ဆိုးကျိုးများကို ရှမ်းပြည်နယ်ထက် ကယားပြည်နယ်ရှိ လူထုများက နှစ်ဆပို၍ အသုံးပြုနေကြရကြောင်း ကယန်းမျိုးဆက်သစ်လူငယ်မှ ဒေးဗစ်ဒီးဒီကပြောကြားလိုက်သည်။ ယခင်က ကြည်လင်သန့်ရှင်းသော ဘီလူးချောင်းရေသည် ယခုအချိန်၌ ရှမ်းပြည်ဘက်မှအစပြု၍ တောင်ယာ၊ လယ်ယာလုပ်ကိုင်ရာတွင်သုံးစွဲသော ဓာတုဓါတ်မြေဩဇာအပါအဝင် ပိုးသတ်ဆေးများသုံးစွဲမှုများပြားလာသဖြင့် ဘီလူးချောင်းအတွင်း စီးဆင်းလာသော ရေများသုံးစွဲမှုခြင်းက လူထုအတွက် ကျန်းမာရေး ပြဿနာများကို ပိုမိုရင်ဆိုင်ကြုံနေရကြောင်း ၎င်းက ပြောသည်။ “အပေါ်ကနေကြည့်မယ်ဆိုရင် အင်းကနေ စတာပေါ့နော။ အင်းကနေစသုံးတဲ့ ပိုးသတ်ဆေးကိစ္စ၊ ဓာတုမြေဩဇာကိစ္စတွေ ၊ နောက်တစ်ဘက်မှာပြန်ကြည့် တီကျစ်ကျောက်မီးသွင်းစက်ရုံကနေ စွန့်ပစ်တဲ့ အညစ်အကြေးတွေ အဲ့ဖက်မှာဆိုရင် ခန့်မှန်းခြေ ဂါလံတစ်သိန်းဝန်းကျင်ရှိတယ်။ အဲ့ဒါကလည်း ဘီလူးချောင်းထဲမှာပဲ စွန့်တယ်။ ပြီးရင်ကျောက်မီးသွေးစက်ရုံကနေ ထွက်တဲ့ပြာတွေကို ဘီလူးချောင်းထဲမှာပဲ စွန့်ပစ်တယ်။ အဲ့ကနေစီးလာတဲ့ […]