spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်လွှတ်တော်နှင့် အစိုးရကို လေ့လာခြင်း ( ၂ )

Author

Date

Category

ကယားပြည်နယ်လွှတ်တော်ကို လေ့လာခြင်း

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးကို ဇူလိုင်လ ၂ဝ နှင့် ၂၁ ရက်နေ့တွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ယင်းသည် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၏ သက်တမ်း တစ်နှစ်ကျော်ကာလအတွင်း ၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖြစ်ပေသည်။

ပြီးခဲ့သော ပုံမှန် အစည်းအဝေး ၅ ကြိမ်နှင့် အရေးပေါ် အစည်းအဝေး ၃ ကြိမ်တွင် ကယားပြည်နယ်လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းနိုင်ခြင်း မရှိခဲ့ပေ။

ယခု ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ကယားပြည်နယ်၊ ပြတိုက်နှင့် စာကြည့်တိုက်ဥပဒေ (မူကြမ်း) အား တင်သွင်းရာ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်း ထားခြင်း မရှိသဖြင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ပြင်ဆင်ချက်အစီရင်ခံစာအပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူသည့်အတွက် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ ပြင်ဆင်ချက်အတိုင်း ပြည်နယ်လွှတ်တော်တွင် အတည်ပြု လိုက်ကြောင်း သိရသည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၏ ပထမဆုံး ပြဋ္ဌာန်းသော ဥပဒေဟု မှတ်ယူရပေမည်။
ပထမအကြိမ် ကယားပြည်နယ်လွှတ်တော်မှ ပြဋ္ဌာန်းခဲ့သော ဥပဒေများစာရင်းကို ပူးတွဲဖော်ပြပါသည်။

ပြည်နယ်ဥပဒေပြုရေး အခန်းကဏ္ဍတွင် ပထမအကြိမ်ကယားပြည်နယ်လွှတ်တော်ကလည်း အားနည်းခဲ့သလို ဒုတိယအကြိမ် မှာလည်း တစ်နှစ်ကျော်မှသာ စတင်၍ ဥပဒေပြုနိုင်သည်ကို တွေ့ရှိရသည်။ ပထမအကြိမ်မှ ဥပဒေများကိုလည်း ပြင်ဆင်သင့်သည်များကို ပြင်ဆင်၊ ဖြည့်စွက်သင့်သည်များကိုလည်း ဖြည့်စွက်ရန် လိုအပ်ပေသည်။

အထူးပြု လေ့လာသုံးသပ်ရာတွင် ကျင်းပပြီးခဲ့သည့် ပုံမှန် အစည်းအဝေး ၆ ကြိမ်နှင့် အရေးပေါ် အစည်းအဝေး ၃ ကြိမ်၏ ကျင်းပခဲ့သည့် စုစုပေါင်းရက်မှာ ရက် ၂ဝ ပင် မပြည့်သည်ကို တွေ့ရသည်။ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတင်ခေါ်ယူသည့်ရက်မှ စတင်ရေတွက်သော် တစ်နှစ်ကျော် ( ရက်ပေါင်း ၅၀ဝ ကျော်ပြီ )အတွင်း လွှတ်တော်ခေါ်ယူသည့်ရက်မှာ လွန်စွာနည်းနေသည်ကို တွေ့ရှိရပေသည်။

ကယားပြည်နယ်အစိုးရကို လေ့လာခြင်း

ကယားပြည်နယ်အစိုးရမှ ကြီးမှူးကျင်းပသည့် ( 19 . 7 . 2017 ) ရက်နေ့က နှစ် ( ၇ဝ ) ပြည့် အာဇာနည်နေ့ မှာ ကယားပြည်နယ်အစိုးရ၏ စီမံဆောင်ရွက်မှုများကို လေ့လာသုံးသပ်ပါမည်။

တစ်နေ့တည်း မတူညီသည့် အချိန်နှင့်နေရာ ၃ ခုတွင် အာဇာနည်နေ့အထိမ်းအမှတ်ပွဲ ၃ ပွဲ ကျင်းပသွားသည်ကို တွေ့ရသည်။ (နံနက်အစော ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်၊ နံနက် ၁ဝ နာရီခွဲ အာဇာနည်ကျောက်တိုင်ကွင်းတွင် လွမ်းသူ့ပန်းခွေချခြင်း၊ ညနေ ၄ နာရီ ပြည်နယ်ခန်းမတွင် အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်ခြင်း။)

ထိုအထဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် နံနက် ဆယ်နာရီခွဲ အာဇာနည်ကျောက်တိုင်ကွင်း လွမ်းသူ့ပန်းခွေချပွဲ အခမ်းအနား တစ်ခုတည်းသာ တက်ရောက်သည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းတက်ရောက်သည့်ပွဲ၏ ထူးခြားချက်မှာ ဝန်ကြီးချုပ် ပန်းခွေလာမချမခြင်း မနက်စောစော မှသည် နံနက် ဆယ်နာရီခွဲအထိ အာဇာနည်ကျောက်တိုင်ကို မည်သည့်ပြည်သူလူထု၊ မည်သည့် အသင်းအဖွဲ့မျှ ပန်းခွေ ပန်းခြင်း ချခွင့် မပြုခြင်းပေ။

အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားကြသည့် ပြည်နယ်သူ/သားများမှာ နံနက် ရှစ်နာရီကပင် ရန်ကုန် အာဇာနည်ဗိမ္မာန်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏မိသားစုများ (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ) လွမ်းသူ့ပန်းခွေချနေကြခြင်းကို သတင်းများတွင် တွေ့ခဲ့ရသည်။

သို့ပါလျက် မိမိတို့ ပြည်နယ်တွင် ဝန်ကြီးချုပ်အမိန့်အရ နေပူထဲ စောင့်နေကြရ၍ ပြည်နယ်အစိုးရ၊ လွှတ်တော်နှင့် ဌာနဆိုင်ရာများ ချပြီး နေ့လယ်ပိုင်းမှသာ ( ဆယ့်တစ်နာရီခွဲကျော်မှ ) ချခွင့်ရခဲ့ကြပေသည်။ ဆယ့်ကိုး ဇူလိုင်ကို ပိုမမေ့နိုင်အောင် လုပ်နေသလိုဟုပင် ယူဆရသည်ဟု ပြောသံများ ဆူညံကုန်ကြပါသည်။

ထို့အပြင် ( ၃ ) ပွဲလုံးကို တာဝန်ယူရသည့် ဝန်ထမ်းများနှင့် လုံခြုံရေးရဲများ ( အထူးသဖြင့် လမ်းကြောင်းပြ ယာဉ်ထိန်းရဲများ ) ၏ ပင်ပန်းမှုကိုလည်း စာနာကြပေသည်။ အာရုံဆွမ်း မကပ်မှီ နံနက် လေးနာရီမှသည် စာပေဟောပြောပွဲအပြီး ည ရှစ်နာရီအထိ ( ၁၆ နာရီ ) ကြာပေသည်။

ပြည်သူအများနှင့် သက်ဆိုင်သည့်နေ့ကို ကယားပြည်နယ်အစိုးရမှ ကြီးမှူးကျင်းပ ကူညီပံ့ပိုးသည် ဆိုသော်ငြား စီမံခန့်ခွဲမှု အလွဲများကြောင့် ပြည်နယ်သူ/သား အများ၏ ပြောစမှတ်တွင်သော နေ့တနေ့အဖြစ် မှတ်တမ်းဝင်သွားခဲ့ရပေတော့သည် ။

ကျော်ထင်အောင်ရေးသားသည်

spot_img
spot_img

Recent posts