spot_imgspot_imgspot_imgspot_img
Wednesday, October 23, 2024
spot_imgspot_imgspot_imgspot_img

ကယား (ကရင်နီ)ပြည် မြေယာအလုပ်ရုံဆွေးနွေးပွဲမှ အချက်သုံးချက်ထုတ်ပြန်တောင်းဆို

Author

Date

Category

ကယား(ကရင်နီ)ပြည်နယ် ဒီမောဆိုမြို့တွင် ယခုလ ၉ ရက်နေ့တွင် မြေယာနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်ကိုဖဲအီက “ ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အတွက် ဘယ်အချက်ကအန္တရာယ်ရှိစေတယ်ဆိုတာနဲ့ ပတ်သက်ပြီးဆွေးနွေးတယ်၊ နောက်ပြီး ပြည်နယ်မှာ မြေလွတ်မြေလပ်မြေရိုင်းဥပဒေကို အသုံးပြုပြီးမှ လာလျှောက်ထားတဲ့အခြေအနေတွေရှိလား၊ နောက်ကျနော်တို့ဒီ ဥပဒေတွေကို ကိုင်ပြီး ကျနော်တို့မြေကိုလာယူတာတွေလာလျောက်တာတွေလုပ်ရင် ကျနော်တို့ဘယ်လိုကာကွယ်ရမယ်ရပ်တည်ကြမလဲဆိုတာအဓိကဆွေးနွေးပါတယ်၊ ပြီးတော့ ၂၀၁၂ လယ်ယာမြေဥပဒေ ပြင်ဆင်လိုက်တာနဲ့ပတ်သက်ပြီး သုံးသပ်တာတွေလုပ်ပါတယ်” လို့ပြောပါတယ်။

မြေယာအလုပ်ရုံဆွေးနွေးပွဲအပြီးမှာတော့ အချက်သုံးချက်ပါ သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ပြီး ကယားပြည်နယ် (ကရင်နီပြည်) တွင် မြေယာကိစ္စကြောင့်တရားစွဲခံထားရပြီး ဖမ်းဆီးချုပ်နှောင်ခံနေရသည့်တောင်သူများကို အမြန်ဆုံးပြန်လွတ်ပေးဖို့၊ ဒေသခံဌာနေတိုင်းရင်းသားတို့ရဲ့ဘိုးစဉ်ဘောင်ဆက်ကတည်းက ရိုးရာဓလေ့အရမြေစီမံခန့်ခွဲနေမှုကို အသိအမှတ်ပြုရန်နှင့်၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေများကို အသုံးချပြီး ဒေသခံတွေရဲ့လယ်မြေတွေကို လျှောက်ထားသိမ်းဆည်းခြင်းမပြုဖို့၊ ကယားပြည်နယ် (ကရင်နီပြည်) တွင် ဒေသခံတောင်သူနှင့်ဌာနေတိုင်းရင်းသားတို့ရဲ့မြေယာတွေကို အမှန်တကယ်အကာအကွယ်ပေးနိုင်တဲ့ ဖက်ဒရယ်မြေဥပဒေသစ်၊ ပြည်ထောင်စုမြေဥပဒေသစ်မပေါ်ထွန်းမီအထိ တိုင်းရင်းသားတို့ရဲ့ရိုးရာဓလေ့အရ မြေယာစီမံခန့်ခွဲမှုကို ထိခိုက်စေမဲ့ ဥပဒေပြင်ဆင်ပြဌာန်းတာမျိုးမပြုလုပ်ဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

လက်ရှိအချိန်ကယားပြည်နယ်မှာ လယ်ယာမြေကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတောင်သူ ၄၁ ယောက်ကို စစ်တပ်က တရားစွဲဆိုထားပါတယ်။ကရင်နီလူငယ်အင်အားစုရဲ့တောင်းဆိုချက်အရ တောင်သူတွေအခုလို တရားစွဲဆိုခံနေရတာကို အမြန်ဆုံးဖြေရှင်းပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ၆၈ နှစ်ပြည့် ကယားပြည်နယ်နေ့မှာ လာရောက်စဉ်ကပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးက တောင်သူတွေကို ခေါ်ယူတွေ့ဆုံတာတွေ ပြုလုပ်ခဲ့ပေမဲ့ တိကျတဲ့အဖြေမရသေးဘူးလို့ကိုဖဲအီက ဆက်ပြောပါတယ်။ “ ကျနော်တို့တောင်သူတွေကို အဖြေတိတိကျကျပေးတာတော့ မရှိသေးဘူး၊ ဒုဝန်ကြီး အဆင့်ကလာပြီး စစ်ဆေးသွားတာရှိတယ်၊ ဒါပေမဲ့အဲ့ကိစ္စက တရားဝင်ထုတ်ပြန်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ခေါ်ယူတွေ့ဆုံတာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာအစိုးရဌာနကိုလာပြီးမှ စစ်ဆေးသွားတဲ့ သဘောမျိုးဖြစ်တာပေါ့” လို့ပြောပါတယ်။

ကယားပြည်နယ်တွင် မြေယာကိစ္စနဲ့ပတ်သက်ပြီး လွိုင်ကော်နဲ့ဒီမောဆိုမြို့နယ်အတွင်းက ဒေါမူကလား၊ မြေနီကုန်း၊ဒေါဆိုရှေ့၊ ၆ မိုင် စတဲ့ကျေးရွာတွေမှာ စစ်တပ်က ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၄၇ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေ ၆/၁ စတဲ့ ပုဒ်မတွေနဲ့တောင်သူ ၄၁ ဦးကို တရားစွဲဆိုထားပါတယ်။

spot_img
spot_img

Recent posts