ကရင်နီမှကယားသို့ အမည်နာမ ပြောင်းလဲခြင်း

ထျိုးမြာ

ဇန်နဝါရီလ (၁၅)ရက်နေ့ ကယားပြည်နယ်နေ့ပွဲတော်အကြောင်း သမိုင်းနှင့်ပတ်သက်ပြီး ကျေးလက်နေ လူငယ်တချို့များ၏ သိထားကြသည့် သတင်းအချက်အလက်နှင့် ထင်မြင်ယူဆချက်များကို တင်ပြအပ်ပါသည်။

မရီရီအေး (စူးမြာ) ငူးပလော့ရပ်ကွက်၊ ဒီးမော့ဆိုမြို့နယ်။

“ကယားဒေးနေ့ဆိုတာတော့ ကျမအနေနဲ့က သိတတ်စအရွယ်ကတည်းက နှစ်တိုင်းတော့ကြားဖူးတယ်ပေါ့နော။ ဒါပေမဲ့ သူ့သမိုင်းအကြောင်းတော့ ကျမမလေ့လာဖူးဘူးရှင့်။ ကျမတို့ ဆရာတွေပြောပြတာကတော့ ကယားပြည်နယ်နေ့ဆိုတာက သူများသတ်မှတ်တာပဲတဲ့ တစ်ကယ့်ကယားပြည်နယ်အမျိုးသားနေ့ ဆိုတာတည်းတံ့ရှိတယ်လို့ သူတို့ပြောတာပဲ။ ကယားဒေးနေ့နဲ့ပတ်သက်ပြီးတော့ ဘယ်လိုပြောရမလဲ အဲ့လိုကျင်းပလို့လည်းကောင်းတယ်ပေါ့နော။ ကယားဒေးနေ့ကျင်းပတဲ့ အတွက်ကြောင့်မလို့ တစ်ပြည်နယ်လုံးမှာရှိတဲ့ မော်ချီးကလူတွေ ဟိုဒရပ်ဝေးကလူတွေဆိုရင်လည်း တစ်နှစ်မှတစ်ခါပြန်လည်တွေ့ဆုံကြတယ်ပေါ့နော။ ကိုယ့်ရဲ့ကယားပြည်နယ်နေ့တွေဆိုရင် အဝေးကနေတဲ့သူတွေဆိုရင်လည်း ကိုယ့်ရဲ့ဌာနေကိုလည်း ပြန်ပြီးတော့ အလည်ရောက်ရှိကြတယ်။ ကောင်းပါတယ်လု့်ိ ပြီးတော့ ပြခန်းတွေ ပြပွဲတွေ အမျိုးမျိုးပြုလုပ်ပေးတဲ့အတွက်လည်းဒီလို ကယားပြည်နယ်ရဲ့ ရိုးရာယာဉ်ကျေးမှုပဲဖြစ်ဖြစ်၊ ပြခန်းတွေလုပ်တဲ့အခါမှာဆိုရင် အသိပညာဗဟုသုတွေအများကြီးရတဲ့အတွက် အကောင်းဘက်ကကြည့်ရင်တော့ ကောင်းပါတယ်လို့။”

ကလောမြာ ဒေါတကလဲ၊ ဖရူဆိုမြို့နယ်။

“ကယားဒေးအကြောင်းတော့ သိမ့်မသိဘူး။ သိထားတာက ရွာလူကြီးတွေ ပြောပြဖူးတာက ကယားဒေးဆိုတာ တစ်နှစ်တစ်ကြိမ်ကယားတွေက ဆုံတွေ့ကြတဲ့နေ့လို့ အဲ့လိုကြားဖူးတယ်။ ကယားဒေးကို လူတွေအများကြီးတော့ ညီမလေးလည်းသွားလည်ချင်တယ်။ သူငယ်ချင်းတွေနဲ့လည်းသွားတွေ့ချင်တယ်။ အပျော်လည်းသွားလည်ချင်တယ်။ ကယားဒေးသမိုင်းအကြောင်းမသိတဲ့အခါကြတော့ ကယားဒေးသမိုင်းအကြောင်းသိချင်တယ်။”

မောင်နိုင်လင်းဦး ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်။

“ ကယားဒေးနဲ့ပတ်သက်တာဆို အခုကယားဒေးက ဗမာကဖွဲ့ထားတယ်။ ပြီးတော့ သိမ့်ပြီးတိတိကျကျတော့ မသိဘူးပေါ့နော။ ကယားဒေးဆိုတာက ကယားပြည်နယ်ရဲ့အထိန်းအမှတ်နေ့တစ်နေ့ဖြစ်လို့ ဒီပွဲကို တစ်နှစ်တစ်ကြိမ်ကျင်းပကြတယ်ပေါ့။”

မရှေးမိုး ဒိုးပရယ်အုပ်စု၊ ဖူးကရားခူကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်။

“ ကယားဒေးက ကျမဘယ်လိုနားလည်လဲဆိုရင် အရင်တုန်းကဆိုရင် ကျမတို့ပြည်နယ်ကို ကယားပြည်နယ်လို့ မခေါ်ဘူးပေါ့နော။ ကရင်နီပြည်နယ်လို့ခေါ်တယ်ပေါ့နော။ နောက်ပိုင်းမှာပဲ ရှေးအရင်တုန်းကခေါင်းဆောင်တွေက ဒီပင်လုံညီခံတစ်ခုမှာ ကျမနားလည်သလောက်ပေါ့နော။ အဲ့ဒီတုန်းက ကျမတို့ပြည်နယ်ကိုကယားပြည်နယ်လို့မခေါ်သေးဘူးပေါ့နော တည်းခြားလွတ်လတ်တဲ့ပြည်နယ်ကရင်နီပြည်နယ်လို့ခေါ်ခဲ့တယ်။ နောက်ပိုင်းမှ ဒီ ၁၉၅ဝလောက်မှ ကယားပြည်နယ်လို့ ပြောင်းလဲပြီးတော့ ခေါ်သွင်ခဲ့တယ်ပေါ့နော။ အဲ့ဒီမှာက ဒီပင်လုံညီလာခံထဲမှာပေါ့နော ကျမတို့အရင်တုန်းက ခေါင်းဆောင်တွေသွားရောက်လေ့လာခဲ့တယ်ပေါ့နော။ သွားရောက်လေ့လာရာကနေပဲ ကျမတို့အဲ့ထဲကနေပါသွားခဲ့တယ်ပေါ့နော။ ပါသွားခဲ့တယ်ဆိုတာက ပြည်မပေါင်းစည်းရေးမှာပေ့ါနော အဲ့တော့ပြည်နယ်ကပါသွားတယ်။ အဲ့လိုနဲ့ ကယားပြည်နယ်ကပါသွားတယ်ပေါ့နော။ ကရင်နီကနေ ကယားကိုပြောင်းလိုက်တဲ့အထိန်းအမှတ်အနေနဲ့ သူတို့ပွဲတွေလုပ်တယ်လို့တော့ ကျမမြင်တယ်။”

ဖရေးမြာ ဒီးမော့ဆို။

“ သိသလောက်ကတော့ ကယားဒေးပွဲလုပ်တာ ကယားပြည်နယ်နေ့အထိမ်းအမှတ်ပေါ့နော့။ ဒါပေမဲ့ ကြားထားတာကတော့ ဘာလို့ကယားပြည်နယ်နေ့လုပ်လဲဆိုရင် အရင်တုန်းက ကရင်နီပြည်နယ်ကနေ ကယားလို့ပြန်ပြောင်းလိုက်တဲ့နေ့ကို ကယားပြည်နယ်နေ့ကယားဒေးဆိုပြီးတော့ သတ်မှတ်လိုက်တယ်ဆိုပြီးတော့ အဲ့လိုမျိုးတော့ကြားဖူးတယ်။ နောက်ပြီး ဒီလိုပွဲလုပ်တော့ ကယားပြည်နယ်ကအကုန်လုံးကော ရှမ်းပြည်နယ်ကော ဒီကယားပြည်နယ်နေ့လုပ်ခြင်းအားဖြင့် တိုင်းရင်းသားတွေအကုန်လုံးပြန်ပြီးတော့ စည်းလုံးတယ်။ တစ်နေရာတည်းမှာ စုစုနေနိုင်တယ် တွေ့နိုင်တယ်။ ယာဉ်ကျေးမှုတွေဖလှယ်ကြတယ်။ နောက်ပြီးတော့အားကစားပြိုင်ပွဲတွေယှဉ်ပြိုင်ကြတယ်။ အဲ့လိုမျိုးတွေလုပ်ပေးပြီးတော့ ဒါတစ်ခုတော့ ကောင်းတယ်ပေါ့နော။ အဲ့လိုမြင်တယ်။”

မောင်တီရယ်ဆန်း ဒေါကလိုးခူ လွိုင်ကော်မြို့။

“ ကျောင်းတက်တုန်းကတော့ ကယားပြည်နယ်နေ့သမိုင်းအကြောင်းကို ဆရာတစ်ယောက်ပြောပြဖူးတယ်။ ကယားပြည်နယ်နေ့ကို ကျင်းပတာက ကောင်းပါတယ်။ ကျနော့်တစ်ယောက်အမြင်နဲ့ဆိုတော့ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ပြည်နယ်မှာဆိုရင် ဘယ်ရုံးဘယ်ဌာနက ဆိုပြီးတော့ ပြခန်းမှာပြထားပေးတယ်။ ဘယ်အဖွဲ့အစည်းကဆိုပြီးမှ အဲ့ဒါတွေအကုန်လုံး ပြခန်းမှာလာပြထားတယ်ပေါ့။ အဲ့မှာဆိုရင် လူတွေလည်း လေ့လာရင်းနဲ့ သိရတယ်လို့ ထင်ပါတယ်။ ကျနော်တို့ပြခန်းမှာဆိုလည်း ကယားပြည်နယ်ရေအားလျပ်စစ်တို့ဆိုရင်လည်း အဲ့မှာတွေပြထားတယ်ကော ။ လူငယ်တွေလည်း လေ့လာနိုင်တဲ့အခါကြတော့ ကောင်းတယ်လို့ ကျနော်ယူဆတယ် ဒီပွဲဖြစ်မြောက်တာ။”

ခူးပလူးရယ် ငြိမ်းဖောင်ဒေးရှင်းတာဝန်ခံ

“ဘာကြောင့်ကယားဒေး ဖြစ်လာသလဲဆိုတာကို လူငယ်တော်တော်များများမသိဘူးလို့ ကျနော်ထင်တယ်။ အဲ့တော့ ဒီကယားဒေးဖြစ်ပေါ်လာတယ်ဆိုတာက သမိုင်းအဆိုးအကောင်းတွေနဲ့ ရောနေတယ်ပေါ့နော။ ဆိုတော့ ဒီသမိုင်းတွေက လူငယ်တွေအပေါ်မှာ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်ပေါ့။ တစ်နည်းအားဖြင့်ပြောရရင်တော့ သမိုင်းမှာ နိုင်ငံရေးနဲ့ဆက်သွယ်ပြီးတော့မှ အပြောင်းအလဲဖြစ်ခဲ့ဟာပေါ့။ ဆိုတော့ ဒီဟာကို ဒီကယားဒေးကို အပျော်သက်သက်မဟုတ်ဘဲနဲ့ ဘာကြောင့်ဒီကယားဒေးဖြစ်လာရသလဲ၊ ဘယ်လိုတွေစတေးခဲ့ရသလဲ၊ နောက်ဘယ်လိုမျိုးတွေပြောခဲ့ဆိုခဲ့ ရုန်းကန်ခဲ့ဆိုတဲ့ဟာတွေပေါ့။ ကယားဒေးဖြစ်လာတယ်ဆိုတာကြိုက်နှစ်သက်တဲ့သူရှိသလို မကြိုက်နှစ်သက်တဲ့သူလည်းရှိတယ်လေး။ ဒါကြောင့် ဒီဟာတွေကိုလူငယ်တွေက သေသေချာချာ ဂဃနဏ လေ့လာပြီးတော့မှ ဒါတွေကိုအမှားအမှန် ဝေဖန်ပိုင်းခြား သုံးသပ်ဖို့တော့ လိုတယ်ဆိုတဲ့ဟာပေါ့။ ဒီကယားဒေးကို ပျော်ရုံသက်သက်နဲ့မကြည့်ဘဲ သူ့ရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲပေါ့ ဒါအခုခေတ်လူငယ်တွေအနေနဲ့ သုံးသပ်သင့်တယ်လို့ထင်တယ်။”

ကယားပြည်နယ်နေ့ပွဲကို ကျင်းပတာ ၆၅ ကြိမ်မြောက် ရှိသွားပေမယ့်လို့ ကယားဒေးပွဲကျင်းပရတဲ့ အကြောင်းရင်းကို ယခုတက်လာတဲ့ လူငယ်လူရွယ် အနည်းအကျဉ်းသာ သိရှိထားကြပြီး အများစုကတော့ ပျော်ပွဲရွှင်ပွဲတခုလို့သာ သတ်မှတ်ကြပါတယ်။
ကယား(ကရင်နီ)ပြည်မှာ နေထိုင်တဲ့ လူငယ်တွေအဖို့ ကရင်နီသမိုင်းအဖြစ်မှန်ကို လွတ်လွတ်လပ်လပ် သင်ယူခွင့်မရကြပါဘူး။ စာသင်ကျောင်းတွေမှာလည်း ကယားဒေး ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းနဲ့ သမိုင်းအဖြစ်မှန်တွေကိုလည်း သင်ကြားခွင့်မပြုပဲ အစိုးရက ပိတ်ပင်ထားပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်သူတွေ အများစုဟာ ကရင်နီပြည်ကို ကယားပြည်နယ်လို့ ပိုအသိများကြပေမယ့် ထိုင်းမြန်မာ နယ်စပ်မှာ စစ်ပြေးဒုက္ခသည်အဖြစ် ရောက်ရှိနေကြတဲ့ ကရင်နီလူမှု အသိုင်းအဝိုင်းထဲမှာတော့ ကရင်နီပြည်လို့ ခေတ်ကာလ အဆက်ဆက်က သုံးစွဲတဲ့အတိုင်း ခေါ်ဝေါ်နေကြဆဲပါ။

ဒီလိုကွဲပြား ခေါ်ဆိုနေကြရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ကရင်နီ စောဖျာအမျိုးနွယ်ထဲမှ ကရင်နီ အမျိုးသား ခေါင်းဆောင် ခူးထဲဘူးဖဲ မကွယ်လွန်ခင်က ယခုလို ကန္တာရဝတီတိုင်း(မ်) သတင်းထောက်တွေကို ရှင်းပြဖူးခဲ့ပါတယ်။

“ကရင်နီဆိုတာ ရှေးကတည်းက သမိုင်းအရ ရှိတဲ့ စကားလုံး။ ကယားဆိုတာ ၁၉၅၂ ခုနှစ်မှ ဗမာပြည် လွတ်လပ်ရေး ရရှိပြီးတဲ့နောက် သူတို့ ခေါ်တာ။ ဗမာက ကျနော်တို့ကို ကရင်နီကနေ ကယားလို့ ပြောင်းလဲခေါ်တာ ဘယ်သူက သွားသဘောတူရမှာလဲ။ သူတို့က ကျနော်တို့ သမိုင်းကို ပျောက်ကွယ်သွားအောင် လုပ်ချင်တော့ ကယားလို့ ပြောင်းသွားတယ်။ ကျနော်တို့ သမိုင်းအရ အခုချိန်ထိ ကရင်နီလို့ ခေါ်လာတာ အဲဒီအတွက်ကြောင့်ပဲ ဖြစ်တယ်။ အခုချိန်ထိ တိုက်ခိုက်ကြတာလည်း အဲဒီအတွက်ကြောင့်ပဲ ဖြစ်တယ်လေ” လို့ ရှင်းပြခဲ့ဖူးပါတယ်။

ခူးဦးရယ် (အမျိုးသားရေးလုပ်ရှားမှုနှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏အခန်းကဏ္ဍတစေ့တစောင်း) စာအုပ်မှ “ကောက်နုတ်ထားချက်အရ ကရင်နီမှ ကယားသို့အမည်နာမပြောင်းလဲခြင်း” ခေါင်းစဉ်တွင် ကရင်နီဆိုသည်မှာ ကရင်ဖြူများနှင့် ဆင်တူရိုးမှား အဓိပ္ပာယ်ဆောင်သည့်အပြင် အခြားသောလူမျိုးများအကြားတွင်လည်း ထင်ယောင်ထင်မှားဖြစ်စေသဖြင့် မူလအမည်စစ်၊ အမည်မှန်ဖြစ်သော “ကယား” သို့ ပြောင်းလဲပေးရန် ၁၉၄၉ ခုနှစ် ဩဂုတ်လ( ၁၀)ရက်နေ့တွင် တစ်ကြိမ်၊ ၁၉၅ဝ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် တစ်ကြိမ်၊ ဦးစ်ိန်က တိုင်းပြုပြည်ပြုလွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သူ ဦးနုက ဖွဲ့စည်းပုံအခြေခံဥပဒေအား မည်သည့်အရေးကြီးသော အရေးအရာကိစ္စမျိုး၌ပင်လျှင် ပြင်ဆင်ရန် လွယ်လင့်တကူ လုပ်ဆောင်ဖို့မလွယ်ကူပါ။ လူထုများ၏ဆန္ဒသဘောထားကို လိုက်လျောသောအားဖြင့် ပြင်ရမည်ဆိုပါလျှင် အခြားသောနည်းများရှိပါက ဖြေရှင်းသွားရန်အကြံပြုခဲ့သည်။
သို့ဖြင့် အဆိုပါ တိုင်းပြုပြည်ပြုလွှတ်တော် (ပါလီမန်) တွင် အဖွဲ့ဝင် (၁၀) ဦးပါ ကရင်နီပြည်နယ် အထူးစုံစမ်းရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပြီး လူထု၏ဆန္ဒသဘောထားအမှန်ကို သိရှိနိုင်ရန်အတွက် စစ်တမ်းကောက်ယူစေခဲ့သည်။ အဆိုပါကော်မရှင်မှ မေးခွန်းလွှာပေါင်း (၁၉,၅၀၀) စောင်ကို ဖြန့်ဝေခဲ့ပြီး အဖြေလွှာပေါင်း (၇,၆၆၅) စောင်ကို ပြန်လည်လက်ခံရရှိခဲ့သည်။ ဖြေကြားလွှာများနှင့် လူတွေ့မေးမြန်းမှုများမှ ရရှိလာသော ရလဒ်များအပေါ်အခြေခံကာ ကရင်နီပြည်အား အများဆန္ဒပြုခဲ့ကြသည့် “ကယား” အမည်သို့ ၁၉၅၁ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် နာမကရဏမင်္ဂံလာသဘင် အခမ်းအနား ဆင်ယင်ကျင်းပရင်း တရားဝင်သတ်မှတ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ အဆိုပါနေ့ကို ကယားပြည်နယ်နေ့ (ကယားဒေး) အဖြစ်လည်း နှစ်စဉ်ပွဲတော်ကျင်းပလေ့ရှိသည်။

 

Comments

comments

Next Post

တနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်နိုင်ရန် အဆင်သင့်မဖြစ်သေး

Wed Jan 18 , 2017
ထျိုးမြာ ပထမအကြိမ် တနိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖိုရမ်သို့ ကယား(ကရင်နီ)ပြည်နယ်ရှိအရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်နိုင်ရန် အဆင်သင့်မဖြစ်သေးကြောင်း ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မ(KSWDC) ပြည်တွင်းတာဝန်ခံ ကိုဗညားက ပြောသည်။ “ကျနော်တို့စဉ်းစားထားတာက ကယား(ကရင်နီ)ပြည်နယ်မှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အခုကျင်းပမဲ့ပထမဦးဆုံးအကြိမ် peace forum မှာ အဆင်သင့် မဖြစ်နေသေးတဲ့အပေါ်မှာ ကျနော်တို့ ဒီပထမအကြိမ်ကိုတော့ ကျနော်တို့ သွားနိုင်မှာမဟုတ်ဘူးပေါ့နော။ ကျနော်တို့မှာ အကြောင်းအရာတွေ ကိစ္စတွေ အများကြီးကျန်သေးတယ်။ ဖြစ်စဉ်တစ်ခုလုံးကို ကျနော်တို့က မကြေညပ်တာတွေရှိသေးတယ်။ အဲ့ဒါကြောင့်မလို့ မသွားနိုင်သေးဘူး” ကိုဗညားကပြောပါသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို မကြိုက်မနှစ်၍ ဖိုရမ်ကို မတက်ရောက်ခြင်းမဟုတ်ဘဲ အခြေအနေတစ်ခုအပေါ်တွင် ဂဃနဏ နှင့်အကြေအလည် ဆွေးနွေးဖို့ရန် လိုအပ်သေးသောကြောင့် ဖြစ်သည်ဟုဆိုသည်။ ဇန်နဝါရီလ(၁၄)ရက်နေ့ လွိုင်ကော်မြို့စေတမန် ခန်းမဆောင်တွင် ပြည်နယ်အတွင်းရှိ […]