spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီစစ်ရှောင်တွေကိုကူညီဖို့ အဝေးရောက် မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို IEC ဖိတ်ခေါ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် လူဦးရေ ပိုမိုများပြားလာသလို လိုအပ်ချက်မြှင့်တက်နေပြီး အဝေးရောက် မြန်မာနိုင်ငံသူ/ သားတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပိုမိုကူညီထောက်ပံ့ပေးနိုင်ဖို့ လိုအပ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဗညားက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“အဝေးရောက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေဖြစ်စေ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်စေ ဒီအခြေအနေကြီးကို စဉ်းစားပေးစေချင်ပါတယ်။ ဘာဖြစ်လဲဆိုရင်တော့ သူတို့(စစ်ကောင်စီ)က လမ်းကြောင်းတွေပိတ်တယ် စစ်ရေးအရကလည်း ပိတ်မိတဲ့ပုံစံလေးဖြစ်နေတယ်။ အလွယ်တကူ ရှောင်ရှားနိုင် ပြေးလို့ရတဲ့ နေရာမဟုတ်ဘူး။ Humanitarian(လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ) အဖွဲ့တိုင်းလည်း စိတ်ကြိုက် သွားလို့လာလို့ ရတဲ့နေရာ မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့နဲ့ ချိတ်ဆက်ပြီး လုပ်ငန်းလုပ်မယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

ကရင်နီပြည်မှာ တိုက်ပွဲကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ရတာ ၂နှစ်ကျော်ရှိနေပြီး လက်ရှိအချိန်ထိ စစ်ရှောင်တွေဟာ နေရပ်ပြန်နိုင်ခြင်းမရှိသေးသလို ဇွန်လအတွင်းမှာ ထပ်မံဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လူဦးရေ ပိုမိုများပြားလာပါတယ်။

လက်ရှိမှာ ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုမိုလိုအပ်နေပြီး အထူးသဖြင့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကာ နေရာထိုင်ခင်း၊ ဆေးဝါး၊ ခြင်ထောင် နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေပါတယ်။

စစ်ရှောင်ကာလ ၂နှစ်ကျော်အတောအတွင်းမှာ ကရင်နီစစ်ရှောင်လူထုအတွက် အလှူငွေတွေကို ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီကနေ အများဆုံးရရှိခဲ့ပြီး လက်ရှိမှာတော့ အလှူငွေရရှိမှုက ၅၀ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်မှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အရင်နဲ့ အခုနဲ့ပေါ့နော အရမ်းကွာသွားတယ်။ အရင်ကဆို တစ်လထဲနဲ့ အလှူရှင်တွေက ၄ဖွဲ့ ၅ဖွဲ့ရောက်တဲ့ စစ်ဘေးရှောင်စခန်းတွေရှိတယ်။ အနည်းဆုံးကတော့ ၂ဖွဲ့ ၃ဖွဲ့ ၁ဖွဲ့ တစ်လ တစ်လက အ့လိုရောက်တယ်ပေါ့နော။ တချို့စစ်ဘေးရှောင်တွေက အလှူရှင်မရောက်တာ ၃လ ၄လ ရှိတဲ့ စစ်ဘေးရှောင်တွေ အများကြီးရှိတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အလှူရှင် အရင်ကနဲ့ အခုနဲ့ဆိုရင် ၅၀ ရာခိုင်နှုန်းလောက် နည်းလာတယ်ဆိုတဲ့ဟာ ပြောလို့ရတယ်ပေါ့နော။” လို့ အဆိုပါ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်ကာလကြာလာတာနဲ့အမျှ အလှူရှင်ကနေ ကူညီထောက်ပံ့ပေးနိုင်မှုကလည်း နည်းပါးလာသလို စစ်ရှောင်တွေဆီ ရောက်ရှိမယ့် အကူအညီတွေကလည်း စစ်ကောင်စီက ပိတ်ဆို့မှုတွေကြောင့် ကြန့်ကြာမှုတွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC)ကို ချိတ်ဆက်ဆောင်ရွက်နိုင်တယ်လို့ အသိပေးထားပါတယ်။

ကရင်နီစစ်ဘေးရှောင်လူထုအတွက် ပြည်ပရောက် မြန်မာနိုင်ငံသူ/ သားတွေကလည်း လစဉ်အလှူငွေ ထည့်လှူဒါန်းခြင်း၊ ရန်ပုံငွေရှာဖွေခြင်းအစီအစဉ်တွေ ပြုလုပ်နေတာ ရှိပါတယ်။

spot_img
spot_img

Recent posts