ကန္တာရဝတီတိုင်း(မ်)
နိုင်ငံရေးခေတ်ကောင်းခဲ့စဉ်က တောတောင်၊ လျှို၊ မြောင်နဲ့ ဂူတွေလို့ ပြောလိုက်ရင် စွန့်စားလေ့လာလိုသူတွေကလွဲရင်၊ သာမန်လူတွေအဖို့တော့ ကြောက်စရာ၊ ခြောက်ခြားစရာနေရာတွေလို့ မြင်ကြပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အဲ့ဒီအရာတွေဟာ လုံခြုံတဲ့ ခိုလုံရာနေရာ ဖြစ်လာခဲ့တယ်။
အာဏာသိမ်းပြီးနောက်မှာ ကရင်နီပြည်အနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အိုးအိမ်စည်းစိမ်တွေကို စွန့်ခွာ ထွက်ပြေးနေရတဲ့ ကရင်နီစစ်ရှောင်တွေအတွက် တောတောင်၊ လျှိုမြောင်တွေဟာ စစ်ကောင်စီတပ်တွေရဲ့ ရန်ကို အတိုင်းအတာတခုအထိ လုံခြုံဘေးကင်းမှုတွေကို ပေးစွမ်းနိုင်ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးကာလ နှစ်နှစ်ကျော်အတွင်းမှာ တိုက်ပွဲတိုင်း အထိနာတဲ့ စစ်ကောင်စီဟာ၊ တောတောင်ထဲမှာရှိနေတဲ့ ပြည်သူတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာပါတယ်။
ဒါကြောင့် မိုးကရွာပြီး သစ်ပင်၊ ချုံနွယ်ထူထပ်တဲ့ကြားမှာ နေထိုင်နေရတဲ့ ကရင်နီပြည်က စစ်ရှောင်ပြည်သူတွေဟာ နေ့ခင်းဘက်မှာ ရုန်းကန်ရင်းပင်ပန်းခဲ့သမျှကို သူဌေးစည်းစိမ်လို့ခေါ်တဲ့ ညအိပ်စက်အနားယူချိန်မှာတောင် စိုးရိမ်ထိတ်လန့်စွာ အိပ်စက်နေရတာ ကာလအတော်တန်ကြာ ရှိနေပါပြီ။
စစ်ကောင်စီရဲ့ လေယာဉ်များလာပစ်လေမလား၊ လက်နက်ကြီးများ ပစ်လာမလား၊ အကယ်၍များ လေယာဉ်တွေ၊ လက်နက်ကြီးတွေများ ပစ်လာခဲ့ရင် မိမိကလေးငယ်ကိုသယ်ပြီး ဘယ်လိုပြေးရမလဲ၊ သက်ကြီးရွယ်အိုတွေကလည်း လေယာဉ်လာရင် ဘယ်လိုများပြေးရမလဲ စတဲ့ စိုးရိမ်စိတ်တွေက စစ်ရှောင်ပြည်သူတိုင်းရဲ့ ရင်ထဲမှာ အချိန်တိုင်းလွှမ်းမိုးနေတဲ့ အရာတွေဖြစ်လာပါတယ်။
ဒီလိုစိုးရိမ်စိတ်တွေ ရှိနေသူထဲမှာ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းမှာနေထိုင်တဲ့ ဒေါ်မူကရိန်း လည်း အပါအဝင်ပါ။
ဒေါ်မူကရိန်းဟာ အရေးအပေါ်အခြေအနေမှာ အဆင်သင့်ဖြစ်နေဖို့အတွက် မီးခြစ်တဖက် ဓာတ်မီးသေးသေးလေးတဖက်ပါတဲ့ ဓာတ်မီးနဲ့၊ မီးအားမကောင်းတဲ့ ဓာတ်မီးလေးတွေကို ခေါင်းရင်းဘေးထားကာ အိပ်စက်ခြင်းကို အစပြုလေ့ရှိပါတယ်။
“လေယာဉ်ဘယ်ချိန်လာမလဲပေါ့နော်။ ကိုယ်အိပ်တောင်မှ အိပ်လို့မပျော်ဘူးပေါ့။ ဘာဖြစ်လဲဆိုတော့ အိပ်နေတဲ့အချိန်မှာ လေယာဉ်က ဗြုန်းကနဲ လာတာလည်းရှိတယ်ပေါ့နော်။ ဒီချိန်မှာ အိပ်တာမျိုးတော့ ကောင်းကောင်းမွန်မွန် မအိပ်ရပါဘူးပေါ့နော်။ မိသားစုနဲ့လည်း ဘယ်လောက်ပဲအိပ်အိပ် အိပ်နေရတဲ့အခါမှာ တော်တော်လေးကိုစိတ်က စိတ်ဖိစီးမှုတွေလည်း ရှိတယ်။ စိတ်ခြောက်လှန့်တာတွေလည်းရှိတယ်။ ခြောက်ခြားတာတွေလည်း ရှိတယ်ပေါ့နော်။ အမျိုးမျိုးခံစား နေရတယ်။ ဒီခံစားနေရတဲ့ထဲမှာ ဘယ်လောက်ပဲအိပ်အိပ် ဘယ်လောက်ပဲ သွားသွားလာလာ အိပ်မပျော် စားမဝင်တဲ့အထိဖြစ်ရပါတယ်” လို့ စစ်ရှောင်အမျိုးသမီး ဒေါ်မူကရိန်း က ဆိုပါတယ်။
ဒေါ်မူကရိန်း ဟာ အသက် ၄၂ နှစ်အရွယ် မိခင်တဦးဖြစ်ပြီး အသက် ငါးနှစ်ဝန်းကျင် ကလေးငယ် သုံးဦးနဲ့အတူ နေထိုင်သူပါ။ သူမတို့နေထိုင်တဲ့နေရာ အနီးတဝိုက်ကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲဖူးပါတယ်။ ဒါပေမဲ့ ထပ်မံပြောင်းရွေ့ပြီး စစ်ရှောင်ဖို့နေရာ အခက်အခဲရှိနေတာကြောင့် နဂိုမူလ နေရာမှာပဲ စိုးရိမ်စိတ်၊ ထိတ်လန့်မှုတွေနဲ့ ဆက်လက်နေထိုင်ကြပါတယ်။
…..
ဒေါ်မူကရိန်းလိုပဲ ဒေါ်ပြားဟာ အသက် ၄၀ အရွယ်ရှိပြီး ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်တဦး ဖြစ်ပါတယ်။ ဒေါ်ပြားတို့ နေထိုင်တဲ့ စစ်ရှောင်စခန်းအနီးတဝိုက်ကို စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ မကြာခဏရောက်လာတတ်ပါတယ်။ လေယာဉ်လာတဲ့အချိန်ဆို ဒေါ်ပြားတို့ စစ်ရှောင်တွေဟာ နီးစပ်ရာ တောင်ခြေက ဂူတွေဆီပြေးပုန်းရပါတယ်။
လေယာဉ်တွေလာချိန်ဆို ခွေးတွေကအူ၊ မိုးရာသီဆိုတော့ ရွှံ့တွေပြည့်နေတဲ့ မြေကြီးပေါ်မှာ ၊ ဖိနပ်တောင် မစီးနိုင်တော့ပဲ ထပြေးကြရတာကြောင့် ကျောက်ခဲတွေ၊ သစ်ငုတ်တိုတွေနဲ့ တိုက်မိပြီး အနာတရဖြစ်တာတွေရှိနေပြီး၊ ကလေးငယ်နဲ့ သက်ကြီးပိုင်းတွေက အဓိက အခက်အခဲဖြစ်ကြတယ်လို့ ဒေါ်ပြားက ပြောပါတယ်။
“ကျမတို့လက်ရှိ ဒီ မိုးရာသီကာလမှာပေါ့နော် ဒီလိုမျိုးလေယာဉ်ပျံလာပြီဆိုရင် ကြားတာနဲ့ ကလေးငယ်ကော လူကြီးကော အကုန်ညသန်းခေါင်ချိန်ဆို ထထွက်ပြေးရတဲ့အချိန်မှာဆို မှောင်မည်းနေတဲ့အချိန်မှာဆို ဓာတ်မီးလည်း မထွန်းရဲဘူးပေါ့နော်။ မိုးရာသီမို့လို့လည်း ကျမတို့ချော်ပြီးလဲတာတို့ ပွန်းပဲ့ဒဏ်ရာရတာမနည်းဘူးပေါ့နော်။ ဒါပေမဲ့ ဒါတွေက ကျမတို့အရမ်းစိုးရိမ်တဲ့စိတ်က ကျမတို့စိတ်ကိုဖုံးလွှမ်းတဲ့အတွက်ကြောင့် ကျမတို့ ပွန်းပဲ့ဒဏ်ရာ ကျမတို့နာကျင်ခြင်း မနက်ရောက်မှ ကျမတို့နာကျင်ခြင်းကိုပိုပြီးတော့ခံစားရတယ်။ ချော်တာ၊ လဲတာတို့ ပွန်းပဲ့ဒဏ်ရာအများ မကြာခဏရလေ့ရှိတယ်ပေါ့နော်။ ” လို့စစ်ရှောင်အမျိုးသမီးတဦး ဖြစ်တဲ့ ဒေါ်ပြားက ပြောပါတယ်။
ဒါပေမဲ့လည်း မနက်မိုးလင်းလို့ ကိုယ်စီ တဲတွေဆီပြန်နေကြတဲ့ အချိန်တွေဆိုရင် ညက အဖြစ်အပျက်တွေကို ဟာသလေးနှောပြီး အချင်းချင်းပြန်ပြောကြတယ်လို့ ဒေါ်ပြားက ဆိုပါတယ်။
ဘယ်လောက်ပဲ ဟာသလေးနှောပြီး ပြောပြော သေမင်းခံတွင်းဝကလွတ်အောင် ပြေးခဲ့ရတဲ့ ညက ကြုံခဲ့ရတဲ့ အဖြစ်အပျက်နဲ့ စိုးရိမ်မှုတွေကိုတော့ စစ်ရှောင်တွေက မေ့လို့ရမှာ မဟုတ်ပါဘူး။
ဒီလိုထိတ်လန့်စရာတွေကြုံလာရင် လူကြီး၊လူငယ်တွေတင်မကပါဘူး၊ ကလေးငယ်တွေမှာပါ ကြောက်စိတ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေ ကျန်ရစ်ခဲ့ကြပါတယ်။
ဒီလို ထိတ်လန့်စရာအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူကတော့ အသက်၁၉ နှစ်အရွယ် ကျောင်းသူလေး မိချမ်း ဖြစ်ပါတယ်။ သူမနေထိုင်တဲ့ ကျေးရွာကို စစ်ကောင်စီက လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူဖြစ်ပြီး ဒီအဖြစ်အပျက်ကြောင့် စိုးရိမ်ထိတ်လန့်နေဆဲဖြစ်ပါတယ်။
သူမဟာ ကားတစီး အရှိန်နဲ့ဖြတ်ပြီး မောင်းသွားတဲ့အသံကို ကြားတာနဲ့ ” ဒါလေယာဉ်သံလား” ဆိုပြီးမေးတတ်သလို၊ ကားတံခါးတွေ ဆောင့်ပိတ်လိုက်ရင်ဖြင့် “ဒါလက်နက်ကြီးသံလားဆိုပြီး” မေးတတ်တာဟာ သူမရဲ့ မသိစိတ်ကပြောပြနေတဲ့ ရင်ထဲက စိတ်ဒဏ်ရာတွေကို မီးမောင်းထွန်းပြနေတာ ဖြစ်ပါတယ်။
“အရင်ကရွာထဲမှာနေတော့ ရွာထဲမှာ လေယာဉ်တွေ လာပစ်တာနဲ့ကြုံလို့ ဒီဖက်ရောက်လာတယ်ပေါ့။ အဲ့ဒါကနေကြောက်စိတ်က ခုထိမပျောက်သေးဖူး။ ဒါကြောင့် ဒီမှာအိပ်ရင်းနဲ့ လေယာဉ်ကလာတယ်ဆိုရင် တကယ့်ကိုယ့်ဘေးနားမှာ တကယ်လာတော့မလိုလို ခံစားရတယ်။ ပြီးမှ ကြောက်လန့်ပြီး နိုးထခဲ့ရတဲ့အချိန်လည်းရှိတယ်။ လေယာဉ်လာတဲ့ချိန် ကိုယ်ထပြီးတော့မှ ကာဗာကျင်း (ပုန်းခိုကျင်း) ထဲထပြီးပြေးခဲ့ရတဲ့အချိန်တွေလည်းရှိတယ်။ မီးလည်း မထွန်းရဲဘူး။ မှောင်မှောင်နဲ့ပြေးခဲ့ရတယ်။ အခုချိန်မိုးရွာတော့လည်း လုံးဝအဆင်မပြေတော့ ကာဗာကျင်း(ပုန်းခိုကျင်း) ထဲမှာရေတွေကလည်း ပြည့်နေတယ်။ ကြောက်ပြီးတော့ အမေနားမှာပဲပုန်းနေရတဲ့ အချိန်တွေလည်းရှိတယ်။ တံခါးပိတ်သံတို့ ကားတက်လာရင်တောင်မှ လက်နက်ကြီးသံတို့ ဘာတို့ထင်ပြီးတော့ ကြောက်ကြောက်ရွံ့ရွံ့နဲ့နေခဲ့ရတဲ့အချိန်တွေလည်းအများကြီးရှိခဲ့တယ်” မမိချမ်းကပြောပါတယ်။
မိချမ်းတို့လို ကျောင်းသူ၊ကျောင်းသားတွေအတွက် ညအချိန် ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်မှသာ မနက်မှာ ကျောင်းကို သွားပြီး ပညာကိုကောင်းကောင်း သင်ယူနိုင်မှာဖြစ်ပေမဲ့လည်း စိုးရိမ်ထိတ်လန့်နေရရှာတဲ့ စိတ်ကြောင့် ကောင်းမွန်စွာ မအိပ်စက်နိုင်ကြပါဘူး။
စိုးရိမ်ထိတ်လန့်နေရတဲ့ စိတ်ကြောင့်အပြင်၊ လေယာဉ်နဲ့ လက်နက်ကြီးတွေကြောင့် ညကြီးအချိန်မတော် ထ..ထပြေးနေကြရတဲ့ သူမတို့အဖို့ မနက် ကျောင်းစာသင်ချိန်မှာ ဘယ်လောက်ပင်ပန်းလိုက်လေမလဲ။
လောကကြီးမှာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့သူရော၊ ဆင်းရဲတဲ့သူရော ရှိနေကြပေမဲ့ လူတန်းစားတိုင်း တန်းတူရနိုင်တဲ့ ကောင်းမွန်စွာ အိပ်စက်ခြင်းစည်းစိမ်တောင် ကရင်နီပြည် ပြည်သူတွေမှာ မရှိနေကြပါဘူး။
လူတကာအိပ်စက်ချိန်ကို ရွေးပြီး ကရင်နီပြည်က ပြည်သူတွေကို စစ်ကောင်စီဟာ ကြက်ကလေး ငှက်ကလေးတွေလို သဘောထားပြီး လေယာဉ်နဲ့ ဗုံးကြဲလိုက်၊ လက်နက်ကြီးနဲ့ပစ်ခတ်ခြိမ်းခြောက်လိုက် လုပ်နေတာပါ။
စစ်ကောင်စီဟာ တိုက်ပွဲတွေမှာသာ လေယာဉ်တွေအသုံးပြုတိုက်ခိုက်နေတာမဟုတ်ပါဘူး။ တိုက်ပွဲနဲ့ ဝေးတဲ့ ကရင်နီစစ်ရှောင်စခန်းတွေကိုပါ ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လ မှာပဲ ထိုင်း – ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတခုနဲ့ ဖရူဆိုမြို့နယ်ထဲက ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီမတိုင်ခင်မှာလည်း ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေရှိခဲ့ပေမဲ့ စာရင်းအတိအကျကို မသိရသေးပါဘူး။
ဒါအပြင် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီဟာ ကရင်နီပြည်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အကြိမ်ရေ ၄၁၉ ကြိမ်ရှိခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီအကြောက်တရားတွေကို အံကြိတ်ကြံ့ကြံ့ခံရင်း လေယာဉ်သံလက်နက်ကြီးသံ မကြားတဲ့တနေ့၊ ညအိပ်စက်ခြင်းဆိုတဲ့ စည်းစိမ်ကို ကရင်နီပြည်က ပြည်သူတွေ အပြည့်အဝ အမြန်ဆုံး ပြန်လည်ရရှိကြပါစေလို့ တောင်းဆုချွေလိုက်ပါတယ်။………