spot_imgspot_imgspot_imgspot_img
Sunday, May 19, 2024
spot_imgspot_imgspot_imgspot_img

“ကရင်နီစစ်ရှောင်တွေရဲ့ စခန်းတွင်း ကိုယ်ပိုင်အုပ်ချုပ်မှု”

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်ရဲ့ လူဦးရေ သုံးပုံနှစ်ပုံဟာ ဘေးလွတ်ရာနေရာလို့ ယူဆကြတဲ့ တောထဲတောင်ထဲကို ရောက်သွားကြရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပွားလာတဲ့ “စစ်ပွဲ” ကြောင့်ပါ။

စစ်အာဏာသိမ်းပြီး ၄ လ အဝင် ၂၀၂၁ ခုနှစ် မေလ လဆန်းပိုင်းမှာ ကရင်နီလူထုတွေဟာ စစ်ဘေးရှောင်ဘဝအဖြစ် ပထမဦးဆုံး ကြုံတွေ့ရပြီး လက်လှမ်းမီရာ ပစ္စည်း၊ ပစ္စယတွေ သယ်၊ သေစေတတ်တဲ့ သေနတ်ကျည်ဆံနဲ့ ကင်းလွတ်ဖို့ကိုသာ တွေးရင်း ရှိတဲ့ ကား၊ ဆိုင်ကယ်၊ ထော်လဂျီ၊ နွားလှည်းတွေကို အသုံးပြုပြီး ထွက်ပြေးတိမ်းရှောင်ကာ အဆင်ပြေဆုံးနေရာတွေကို ရွေးချယ်ပြီး ကျင်လည်လာခဲ့တာ နှစ်နှစ်ဝန်းကျင်အထိ ရှိလာခဲ့ပါပြီ။ အဆင်ပြေဆုံးနေရာလို့ဆိုပေမယ့် အဆင်ပြေတယ်လို့တော့လည်း မဟုတ်၊ နေ့စဉ်နဲ့အမျှ ပူပင်သောက စိုးရိမ်ထိတ်လန့်မှုတွေကို ရင်ဝယ်ပိုက်ရှင်သန်ဖြတ်သန်းနေရဆဲပါ။

ဒီနှစ်နှစ်အတွင်းမှာ စစ်ရှောင်လူထုတွေဟာ ယခင်နေရပ်မှာ အတူတကွ စုပေါင်းနေထိုင်သူတွေဟာ တကွဲတပြားစီ နေထိုင်ရပါတယ်။ စစ်ရှောင်လူထုတွေဟာ ကျည်ဆံလွတ်ကင်းလိုတာကြောင့် တောတောင်တွေထဲကို ရွေးချယ်နေထိုင်ကြပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ လေကြောင်းရန်ကနေ လွတ်ကင်းလိုတဲ့ ရည်ရွယ်ချက်နဲ့လည်း စစ်ရှောင်စခန်းတစ်နေရာထဲမှာ စုပေါင်းနေထိုင်တာမျိုး မဟုတ်ပဲ စခန်းတစ်ခုကို နေရာဒေသ လူဦးရေပေါ် အခြေခံပြီး နေထိုင်ကြပါတယ်။

စစ်ရှောင်စခန်းတိုင်းမှာလည်း စခန်းကော်မတီ ဖွဲ့စည်းထားပါတယ်။ အဖွဲ့အစည်းအသီးသီးတွေက ဖွဲ့စည်းဖို့ တိုက်တွန်းတာမျိုးမဟုတ်ပဲ စစ်ရှောင်စခန်းနေ လူထုတွေကိုယ်တိုင်က ကော်မတီလိုအပ်ကြောင်း ဆွေးနွေးကြရင်း ဖွဲ့စည်းခဲ့ကြတာလို့ စစ်ရှောင်စခန်းတွေကို သွားရောက်လေ့လာတဲ့အခါ ကြားသိရတာပါ။

“ကျနော်တို့က ချိတ်ပြီးတော့ အလုပ်လုပ်တယ်။ ဒါပေမယ့် ထူးထူးထွေထွေတော့ Pressure ( ဖိအား ) ပေးတာမျိုးတော့ မရှိဘူး” လို့ လွိုင်ကော်မြို့နယ်အတွင်းက စစ်ရှောင်စခန်းတစ်ခုရဲ့ ကော်မတီတာဝန်ရှိသူ တစ်ီဥးက ပြောပါတယ်။

စစ်ရှောင်လူထုတွေဟာ သူတို့ရောက်ရာနေထိုင်ရာနေရာတွေမှာ ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့သာ စီမံနေထိုင်ကြတယ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ နယ်မြေတိုင်းမှာ တော်လှန်ရေးအင်အားစုတွေ ရှိနေပေမယ့် အဲ့ဒီအင်အားစုတွေရဲ့ “ဒီလိုပဲနေရမယ်၊ ဒီလိုမလုပ်နဲ့” ဆိုတဲ့ စီမံအုပ်ချုပ်မှုအောက်မှာ နေထိုင်တာမျိုးမဟုတ်ပဲ လိုအပ်လာရင်တော့ ချိတ်ဆက်ဆောင်ရွက်မှုတွေကို လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။ စစ်ရေးအရ လိုအပ်ချက်တွေကိုတော့ တော်လှန်ရေးအင်အားစုရဲ့ စီမံမှုအောက်မှာ နေထိုင်ကြတာပါ။

စခန်းအတွင်းမှာတော့ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍအသီးသီးကနေလည်း ကော်မတီတွေကို ဖွဲ့စည်းထားတာ ရှိပါတယ်။ လိုအပ်ချက်တွေမှာ ချိတ်ဆက်ဆောင်ရွက်ရေး အဆင်ပြေစေဖို့အတွက် အခုလို ဖွဲ့စည်းထားတာဖြစ်တယ်လို့ လည်း သိရပါတယ်။

“လက်လှမ်းမီရင် မီသလောက်ပဲပေါ့နော။ အဲ့လိုမျိုး နိုင်ရာဝန်ကို ထမ်းကူတာပေါ့။ အဲ့လိုမျိုးလောက်ပဲ ကျမတွေးတယ်။ သွားအုပ်ချုပ်တယ်ဆိုတာမျိုးကတော့ မရှိဘူးပေါ့နော။ ကျမတို့ကတော့ အကုန်လုံး ကိုယ်ထူကိုယ်ထနဲ့ အကုန်လုံး ဝိုင်းဝန်းပြီးတော့မှ ကူတာပဲပေါ့” လို့ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုရဲ့ ကော်မတီဝင်တစ်ဦးကလည်း အခုလို ပြောလာတာပဲ ဖြစ်ပါတယ်။

စခန်းကော်မတီဝင်တွေကတော့ စစ်ရှောင်လူထုတွေကနေ လွတ်လပ်စွာ ရွေးချယ်တင်မြောက်ထားတဲ့ သူတွေပါ။ သူတို့ စစ်ရှောင်နေတဲ့ နေရာဒေသအလိုက် ကွဲပြားခြားနားပြီး စခန်းကော်မတီတွေရဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့ ပုံစံတွေကတော့ ကွဲပြားမှုတွေ ရှိနေတာပါ။ နယ်မြေဒေသအလိုက် စခန်းနဲ့နီးစပ်တဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ကြတာ ဖြစ်ပါတယ်။

“အားသာချက်၊အားနည်းချက်ကို ပြောရမယ်ဆိုရင် အားသာချက်ကတော့ သူတို့ ချိတ်ဆက်ပြီးတော့သော်လည်းကောင်း CSOs NGOs တွေနဲ့သော်လည်းကောင်း ချိတ်ဆက်ပြီးတော့ ဒေသအဆင့်မှာရှိနေတဲ့ ကျနော်တို့ IDPs ကော်မတီတွေနဲ့ ချိတ်ဆက်မှုသော်လည်းကောင်း သိုမဟုတ်လည်း ဒေသတခုချင်းစီမှာ ရှိနေတဲ့ ဒေသယန္တာရား၊ အုပ်ချုပ်ရေးယန္တာရားတွေနဲ့ ချိတ်ဆက်သွားတဲ့ ပုံစံက အထူးသဖြင့် စားနပ်ရိက္ခာကိစ္စတွေ ဆေးဝါးတွေ နောက်ပြီးတော့မှ သူတို့ လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ တင်ပြနိုင်တယ်ပေါ့နော” လို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်တစ်ဦးက စစ်ရှောင်လူထုတွေ ဖွဲ့စည်းထားတဲ့ စခန်းကော်မတီနဲ့ပတ်သက်ပြီး သုံးသပ်ပြောဆိုထားတာပါ။

စခန်းကော်မတီအဖွဲ့ဝင်တွေဟာ စခန်းတွင်းရှိ လိုအပ်ချက်တွေကို နီးစပ်ရာအဖွဲ့အစည်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်။ စခန်းတွင်းနေထိုင်သူတွေ အတူကတွ စည်းလုံးစွာနေထိုင်ဖို့ကိုလည်း စခန်းကော်မတီက ကြီးကြပ်ပေးရပါတယ်။

တိုက်ပွဲတွေ ရှည်ကြာလာတာနဲ့အမျှ စစ်ရှောင်လူထုတွေဟာ အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုနဲ့သာ ဝမ်းရေးကို ဖြေရှင်းလာရပါတယ်။ အလှူရှင်တွေနဲ့ ချိတ်ဆက်မှုကိုတော့ စခန်းကော်မတီဝင်တွေက လုပ်ဆောင်ပေးရတာ ဖြစ်ပါတယ်။

“စခန်းကော်မတီကတော့ ကျမတို့မလုပ်နိုင်တာ လုပ်ပေးတယ်လေနော။ တခါတလေကတော့ အဆင်မပြေတာ ရှိပေမယ့် သူတို့မှာက ကြိုးစားပြီးတော့ စစ်ရှောင်တွေအတွက် စေသနာနဲ့ အလုပ်လုပ်တာပါ။ အုပ်ချုပ်တယ်ဆိုတာထက် တခုခုဆို စခန်းမှာနေတဲ့လူတွေကို ပြောပြ အသိပေးပြီးမှ လုပ်ကြပါတယ်။ သူတို့ချိတ်ဆက်ပေးလို့ ကျမတို့အတွက် ရလာတဲ့အလှူတွေလည်း အများကြီးရှိမယ်လို့ ကျမ ထင်ပါတယ်”

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်ရှောင်နေတဲ့ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောတဲ့စကားပဲ ဖြစ်ပါတယ်။ တခါတလေမှာ စစ်ရှောင်စခန်းကော်မတီတွေအနေနဲ့ ပွင့်လင်းမြင်သာဖို့ လိုအပ်ပြီး စစ်ရှောင်တွေကြား မျက်နှာသာပေးမှုကို ရှောင်ရှားနိုင်တာဟာလည်း စစ်ရှောင်လူထုတွေကြား စည်းလုံးညီညွတ်စေတဲ့ ပြယုဒ်တစ်ခုလည်း ဖြစ်တယ်လို့ အဆိုပါ အမျိုးသမီးက ဆက်ပြောပါတယ်။

စခန်းကော်မတီဝင်တွေဟာလည်း စေတနာ့ဝန်ထမ်း လို စေတနာဖြင့်သာ ပေးဆပ်ဆောင်ရွက်သူတွေ ဖြစ်တာကြောင့် တခါတရံမှာ လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေလည်း ရှိနိုင်တယ်လို့ ဒီးမော့ဆိုအရှေ့ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုရဲ့ ကော်မတီဝင်တစ်ဦးက အခုလို ပြောလာတာ ဖြစ်ပါတယ်။

“လူတွေရဲ့ သဘာဝလို့ ပြောရမလား မသိဘူး။ ကောင်းတာလုပ်ပေးမယ့်လည်း မကောင်းတာ မြင်တာလည်း ရှိတာပေါ့နော။ ဆိုတော့ ကျနော်တို့ ကောင်းတာလုပ်နေတဲ့အချိန်မှာ တချို့သောသူတွေက တခါတလေကျလို့ရှိရင်တော့ သူတို့ရဲ့ စိတ်ဆန္ဒနဲ့ မကိုက်ညီတာလည်း တခါတလေလည်း ရှိနိုင်တယ် ရှိတတ်တယ်ပေါ့နော။ ဒါပေမယ့် များသောအားဖြင့်တော့ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားကြတယ်။ ဒီအခက်ခဲရှိပေမယ့်လည်း အကောင်းဆုံးဖြစ်အောင် လုပ်နေတဲ့အချိန်မှာတော့ တခါတလေ အကုန်လုံးအတွက် ဆန္ဒနဲ့ တစ်ထပ်တည်းကျဖို့တော့ တခါတလေတော့ ခက်ခဲမှု ရှိတာပေါ့ အဲ့တချက်ပါပဲ”

စစ်ရှောင်စခန်းတွေမှာ စခန်းကော်မတီ မဖွဲ့စည်းလို့ ရနိုင်ပေမယ့် စစ်ရှောင်စခန်းရဲ့ လူဦးရေ၊ လိုအပ်ချက် စတဲ့ အချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိရှိရဖို့ ခက်ခဲတဲ့အပြင် အလှူရှင်တွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ စစ်ရှောင်စခန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာလည်း အခက်အခဲ ရှိလာနိုင်တယ်လို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

ဖရူဆိုမြို့နယ် အရှေ့ခြမ်းမှာတော့ အုပ်စုလေးခုရှိပြီး အုပ်စုတစ်ခုမှာ စခန်းနှစ်ခုပုံစံဖြင့် ဖွဲ့စည်းထားပါတယ်။ ကရင်နီပြည်မှာတော့ စစ်ရှောင်စခန်းပေါင်း ၂၀၀ ဝန်းကျင်အထိ ရှိလာခဲ့ပါတယ်။ စစ်ရှောင်ဦးရေတွေဟာလည်း နည်းပါးသွားတာမျိုးမရှိပဲ ၂နှစ်အတွင်းမှာ ပိုမိုများပြား လာခဲ့ပါတယ်။ နေရာဒေသအလိုက် စခန်းဖွဲ့စည်းပုံ၊ အုပ်ချုပ်ပုံတွေကတော့ ကွဲပြားနေကြတာ ဖြစ်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းအရ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်အတွင်းမှာ စစ်ရှောင်စခန်း ၁၃၀ ကျော် အထိ ရှိနေပါတယ်။ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ လက်လှမ်းမမီနိုင်တဲ့ နေရာဒေသတွေမှာလည်း စစ်ရှောင်စခန်း ရှိနေနိုင်ပါသေးတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေကနေ ပြုစုထားတဲ့ စာရင်းတွေအရတော့ စစ်ရှောင်စခန်း ၂၀၀ ဝန်းကျင်ရှိပြီး စစ်ရှောင်လူဦးရေဟာ နှစ်သိန်း ဝန်းကျင်အထိ ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။

ကရင်နီစစ်ရှောင်တွေလူထုတွေကတော့ “စစ်ပွဲ” ကြောင့် မြေစာပင်တွေ ဖြစ်သွားတယ်ဆိုပေမယ့် စစ်အာဏာရှင်ကိုတော့ မိမိတို့ တတ်နိုင်တဲ့ကဏ္ဍကနေ စစ်ရှောင်စခန်းအတွင်းမှာ အချင်းချင်း စီမံအုပ်ချုပ်နေကြရင်း အဆုံးစွန်အထိ တွန်းလှန်သွားကြမဲ့သူတွေပါ။ ယခင်က လူထုကို မျက်နှာမူမဲ့ အုပ်ချုပ်သူအစိုးရကို မျှော်လင့်ခဲ့ကြသလို နွေဦးတော်လှန်ရေး အောင်မြင်မယ့် တနေ့မှာလည်း သူတို့ကိုသာ မျက်နှာမူတဲ့ အုပ်ချုပ်သူအစိုးရကို ထုတ်ဖော်တောင်းဆိုတာမျိုး မရှိပေမယ့် မျှော်လင့်တောင်းတနေကြဆဲပါပဲ။

spot_img
spot_img