spot_imgspot_imgspot_imgspot_img
Saturday, June 15, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီစစ်ရှောင်တွေအတွက် ပြည်ပကကရင်နီတွေရဲ့ လူသားဆန်မှုများ

ကန္တာရဝတီတိုင်း(မ်)

“အဓိက ပြောချင်တာက စစ်ရှောင်‌တွေပေါ့နော်။ စစ်ရှောင်တွေကော ရဲဘော်တွေကိုကော ကျနော်တို့ အပြင်မှာရောက်နေတဲ့ ကရင်နီလူမျိုးတွေ နိုင်ငံခြားရောက်နေတဲ့ ကရင်နီလူမျိုးတွေ အားလုံးပေါ့ ခင်များတို့ကို ကျနော်တို့ မချန်ထားဘူးပေါ့။ ကျနော်တို့ တတ်နိုင်တဲ့ဖက်လည်း ကျနော်တို့ ကူညီတယ်”

ဒီစကားကိုတော့ အသက် (၂၃) နှစ်အရွယ် ထိုင်းနိုင်ငံသား ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ ခူးပလဲရယ်က ပြောဆိုလိုက်ပဲဖြစ်ပါတယ်။ သူဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ Rajabhat University မှာ International Business and management ဘာသာရပ်နဲ့ ပညာသင်ယူနေတဲ့ တတိယနှစ် ကျောင်းသားလူငယ်လေးတစ်ဦးလည်း ဖြစ်ပါတယ်။

ခူးပလဲရယ်ဟာ ကရင်နီစစ်ရှောင်တွေကို အပြောနဲ့ နှစ်သိမ့်နေတာမဟုတ်ဘဲ သူတတ်နိုင်တဲ့ဖက်ကနေ ကိုယ်စွမ်းရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှ နဲ့ လက်တွေ့ကျကျ ကူညီတဲ့ လူငယ်လေးတစ်ဦးပါ။

လက်ရှိ ထိုင်းနိုင်ငံက ယာယီလက်ခံပေးထားတဲ့ ကရင်နီစစ်ဘေးရှောင် ၄၀၀၀ ဝန်းကျင်အတွက် နေ့စဉ်အစားအသောက် ဝယ်ယူရေး၊ ပို့ဆောင်ရေးနဲ့ အဲဒီအတွက် ရန်ပုံငွေ ရှာဖွေတာတွေကို မည်သူကမျှ တာဝန်မပေးဘဲ သူ့အပေါင်းအဖော်တွေနဲ့ အတူ တက်တက်ကြွကြွ လုပ်ဆောင်နေပါတယ်။

“စစကျနော်တို့ ဘတ်ဂျက်ကတော့ ၂၀၀၀၀ (ထိုင်းဘတ်ငွေ) ရှိတယ်။ ၂၀၀၀၀ ပဲရှိတဲ့တွက်ကြောင့်မလို့ ကျနော်တို့ အစက ဟင်းတနပ်စာပဲ ဝယ်ပေးတယ်။ နောက်တစ်ရက်ခါကြတော့ ညချိန်ရောက်တော့ ချိတ်ဆက်ကြည့်တာပေါ့နော။ ကျနော်တို့ ဒီလိုပဲ ဆက်သွားရင် မဖြစ်ဘူး။ သူတို့ကို ဘယ်လိုပဲဖြစ်ဖြစ် အစားအစာတွေလိုအပ်နေမှာပဲ ဆိုပြီးတော့မှ အိမ်ကိုပြန်ပြီးတော့မှ ရှိတဲ့သူငယ်ချင်းတွေချိတ်ဆက် ဥပမာ community of Georgia ရှိမယ်။ karenni ရှိမယ် အဲ့မျိုးတွေပေါ့” လို့ ခူးပလဲရယ်က စစ်ရှောင်တွေအတွက် ရံပုံငွေစတင်ရှာဖွေခဲ့တဲ့ အကြောင်းကို ပြောပြလာပါတယ်။

ထိုင်းဘတ်ငွေ ၂၀၀၀၀ နဲ့ စစ်ရှောင်အတွက် ဟင်းတနပ်စာ ဆိုပြီး စတင်ခဲ့ပေမယ့် မြေပြင်ကို ကိုယ်တိုင်ရောက်ရှိခဲ့ပြီး စစ်ရှောင်တွေရဲ့ အခက်အခက်တွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတဲ့ ခူးပလဲရယ်က စစ်ရှောင်တွေရဲ့ စားနပ်ရိက္ခာအတွက် ကူညီနိုင်မဲ့ ရံပုံငွေလည်ပတ်ဖို့ အစီအစဉ်တွေကို ဆက်လက်ပြုလုပ်နေခဲ့ပါတယ်။

အဆိုပါစစ်ရှောင်စခန်းက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့ည သန်းခေါင်ယံအချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဗုံးတိုက်ခိုက်ခံရပြီး ထိုင်းနိုင်ငံဖက်ကို စစ်ရှောင်လာတဲ့ ဒေါနို့ကူးစစ်ရှောင်တွေပဲ ဖြစ်ပါတယ်။ စစ်ရှောင်ဦးရေ ၄၀၀၀ ဝန်းကျင်ရှိပြီး လက်ရှိအချိန်ထိ ကိုယ်တိုင် ချက်ပြုတ်ခွင့် မရသေးတဲ့အပြင် တခြားလိုအပ်ချက်တွေလည်း လိုအပ်နေပါသေးတယ်။

စစ်ရှောင်တွေ နေ့စဉ်စားသုံးနိုင်ဖို့အတွက် ကရင်နီဒုက္ခသည်စခန်း အမှတ်(၁) မှ စခန်းကော်မတီတွေ ဦးဆောင်ပြီး ချက်ပြုတ်ပြင်ဆင်ပေးနေတာဖြစ်ပါတယ်။ လိုအပ်တဲ့ ဆန်၊ ဆီ ၊ဆား စတာတွေကိုတော့ အဆိုပါစခန်းက တာဝန်ယူပြီး ဟင်းသီးဟင်းရွက်နဲ့ အသားကိုတော့ ခူးပလဲရယ် ဦးဆောင်တဲ့ ကရင်နီလူငယ်တွေက က ရံပုံငွေ ရှာဖွေပြီး ပေးနေတာဖြစ်ပါတယ်။

ခူးပလဲရယ်တို့ ဦးဆောင်တဲ့ စစ်ရှောင် ကူညီရေးအဖွဲ့ အတွက် ရံပုံငွေတွေကို အမေရိကန်၊ နယူးဇီလန်နဲ့ ဩစတေးလျား စတဲ့ တတိယ နိုင်ငံတွေကို ရှောက်ရှိနေကြတဲ့ ကရင်နီလူထုတွေက အဖွဲ့အစည်းနဲ့ဖြစ်စေ တစ်ဦးချင်းစီ ဖြစ်စေ ထည့်ဝင်ခဲ့ကြတာပါ။

ချစ်စရာကောင်းလှတဲ့ လူသားဆန်တဲ့ အပြုအမူတွေနဲ့ ကရင်နီပြည်က စစ်ရှောင်တွေကို တစ်ခြားတိုင်းတစ်ပါးမှာ ရောက်ရှိနေကြတဲ့ ကရင်နီလူမျိုးတွေက အချင်းချင်းရိုင်းပင်းနေကြတာပဲဖြစ်ပါတယ်။

ကိုယ်တိုင်ချက်ပြုတ်ခွင့်မရသေးတဲ့ စစ်ရှောင်တွေအတွက် ခူးပလဲရယ်ဟာ ဇူလိုင် လ ၁၃ ရက်နေ့ မနက်က စပြီး ရက်သတ္တပတ် ၃ ပတ်ကျော် အထိ မယ်ဟောင်ဆောင်ဈေးထဲကို ရရှိတဲ့ ရံပုံငွေနဲ့ ဟင်းတွေ ဝယ်ခြမ်းပြီး စာရင်းဇယားတွေ ကအစ ကိုယ်တိုင်စီမံပေးနေတာပါ။

တစ်ခါတစ်လေမှာတော့ ဈေးဝယ်ခြမ်းဖို့ သူငယ်ချင်း အသိမိတ်ဆွေတွေ လိုက်လံကူညီတာ ရှိပေမယ့် သူတယောက်ထဲ သွားလာရတဲ့ နေ့တွေက ပိုများပါတယ်။ တစ်ယောက်ထဲ ဈေးဝယ်ရတဲ့နေ့တွေမှာဆို ပင်ပန်းတယ်ဆိုပေမယ့် စစ်ရှောင်စခန်းက ကရင်နီလူထုတွေက သူ့ထက်ပိုပင်ပန်းတယ်လို့ တွေးပြီး ရှေ့ဆက်ဖြစ်တယ်လို့ ခူးပလဲရယ်က ပြောပါတယ်။

“ပင်ပန်းလားတို့ မေးရင်တော့ တခါတလေလည်း တယောက်ထဲလုပ်လို့ရှိရင် ပင်ပန်းတယ် ဒါပေမယ့် ပင်ပန်းတဲ့အခါမှာ ကိုယ့်ပြည်သူကို ကိုယ်မျက်နာသွားပြန်ကြည့်တဲ့အချိန်မှာ မျက်နှာသွားပြန်တွေ့တဲ့ အချိန်မှာ ဩ…. သူတို့က ကိုယ့်ထက်ပင်ပန်းနေတာပဲ ဆိုပြီးတော့မှ အဲလိုမျိုးတွေးပြီးတော့မှ ခွန်အားယူတယ်ပေါ့နော်” လို့ သူကပြောပါတယ်။

ဒါတွေအပြင် စစ်ရှောင်စခန်းကို သွားတဲ့လမ်းမှာ ထိုင်အာဏာပိုင်ဂိတ်ကို ဖြတ်သန်းရတဲ့ အတွက် ကန့်သတ်ပစ္စည်းတွေရှိတာကြောင့် စစ်ရှောင်လိုအပ်တဲ့ ကုန်ခြောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို သယ်ဆောင်ခွင့်မရတာက စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ ခူပလဲရယ်က ဆက်ပြောပါတယ်။

“ကျနော်တို့ ကြုံတွေ့နေတဲ့ပြသာနာ တစ်ခုကတော့ ထိုင်းအာဏာပိုင်တွေက ရိက္ခာခြောက် မပို့ခိုင်းဘူးလေ။ ဥပမာ မာမားခေါက်ဆွဲတို့ ငါးသေတ္တာတို့ အဲ့ပိုင်းမှာ ကျနော်တို့ပို့လို့ရှိရင် ကျနော်တို့ ဘတ်ဂျက်လည်း လည်းရတယ်။ ပြီးတော့မှ Emergency (အရေးပေါ်) အတွက် အရေးပေါ် ကြိုက်တဲ့ချိန်ထုတ်စားလို့ရတယ်။ အဲ့ဟာပိုင်းမှာ။ ဒါပေမယ့် ကျနော်တို့ ပို့လို့မရဘူး။ ကျနော်တို့ လက်မခံတဲ့တွက်ကြောင့်မလို့ ကျနော်အဓိကတော့ သွားနေတာက ဟင်းသီးဟင်း ရွက်ပေါ့နော” လို့ သူကပြောပါတယ်။

စစ်ရှောင်စခန်းမှ လူဦးရေ ၄၀၀၀ ဝန်းကျင်အတွက် တစ်ရက်စာဟင်းဖိုးကို ဘတ် ၂၀၀၀၀ အသုံးပြုရပြီး အသားကျွေးတဲ့နေ့တွေမှာဆို ဘတ် ၃၀၀၀၀ ကနေ ၃၅၀၀၀ အထိ အသုံးပြုထားတယ်လို့ ဆိုပါတယ်။

လက်ရှိခူးပလဲရယ်ဟာ သူ့ရဲ့ အမိကျောင်းတော်ကြီးဖြစ်တဲ့ Rajabhat University မှာ ကျောင်းပြန် တက်နေရပါပြီ ။ သူရဲ့ ကျောင်းပိတ်ချိန်အားလပ်ရက်မှာလည်း လူငယ်တစ်ယောက်အနေနဲ့ ကိုယ်ပိုင်အချိန်တွေအသုံးမပြုဘဲ ကရင်နီစစ်ရှောင်တွေကို ကူညီရင်းနဲ့ သူ့ရဲ့ အားလပ်ရက်ကို ကုန်ဆုံးခဲ့ရပါတယ်။

ကျောင်းတစ်ဖက်နဲ့ စစ်ရှောင်တွေကို လုပ်အားနဲ့ ကိုယ်တိုင်မကူညီနိုင်တော့ပေမယ့် သူတတ်နိုင်တဲ့ ဖက်ကနေပြီး ရံပုံငွေလည်ပတ်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ခူးပလဲရယ်က ဆိုပါတယ်။

ခူးပလဲရယ်လိုပဲ စစ်ရှောင်တွေကို တတ်နိုင်တဲ့ဖက်ကနေ ရတဲ့အချိန်တဲ့ တဖက်တလှမ်း ကူညီသူကတော့ ကရင်နီလူငယ်တဦးဖြစ်တဲ့ အသက် ၂၂ အရွယ် မော်တော်မယ်ပါ။ သူမကတော့ အမေရိကန်နိုင်ငံက ကောလိပ်တခုမှာ တတိယနှစ်နဲ့ ပညာသင်ယူနေပြီး သူမရရှိတဲ့ ကျောင်းပိတ်ရက် (၃) လမှာ ထိုင်းနိုင်ငံကို ပြန်လာပြီး စစ်ရှောင်တွေကို ကိုယ်တိုင် ကူညီခဲ့ပါတယ်။

သူမမြင်တွေ့ရတဲ့ စစ်ရှောင်တွေရဲ့ အခြေအနေကို စိတ်မကောင်းစွာနဲ့ အခုလို ပြောလာပါတယ်။

“အခုလိုမြင်တွေ့ရတာ စိတ်ထဲမကောင်းဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ကရင်နီဆိုတာ ကိုယ်ပိုင် ပြည်နယ်ရှိတယ်။ အခုက လျှောက်သွားနေရသလိုပဲ ။ ပြည်နယ်မရှိတော့တဲ့အတိုင်းပဲပေါ့ ။ အဲလိုတွေ့ရတော့ စိတ်ထဲမပျော်ဘူး။ ကျမက US မှာရှိတဲ့ ကျောင်းမှာ သူငယ်ချင်းတွေကို ပြောပြတယ်။ ဒီလိုအခြေအနေတွေရှိတယ် အဲလိုပေါ့ ။ သူတို့ တအားစိတ်ဝင်စားတယ်။ ကျောင်းက သတင်းနဲ့ပြန်ကြားရေးမှာ ကျမစာရေးတယ်။ သူတို့အကုန်လုံးမြင်တယ် ။ အခုလို ဒုက္ခရောက်ကြတာက ကိုယ့်လူမျိုးတွေလေးနော်။ အဲကြောင့် စိတ်ထဲမှာ နေလို့မကောင်းဘူး။ ပြီးတော့ နိုင်ငံရေးပြန်ကောင်းစေချင်တယ်။ ကောင်းကေင်းမွန်မွန်နေစေချင်တယ်။ “

မော်တော်မယ်ဟာ ဒေါနို့ကူးက စစ်ရှောင်စခန်းမှာ ကိုယ်တိုင်သွားရောက်ပြီး ကလေးတွေကို အစားအသောက်ပေးဝေတာတွေ ၊ ကလေးတွေနဲ့ အတူကစားတာ‌တွေ စတဲ့ Activity (လှုပ်ရှားမှု) တွေကို ပြုလုပ်ခဲ့ပါတယ်။ သူမကျောင်းက ရရှိထားတဲ့ မုန့်ဖိုးတချို့၊ သူငယ်ချင်းတွေ ပူးပေါင်းထည့်ဝင်မှုတချို့မှ ရရှိတဲ့ ငွေတွေနဲ့ စစ်ရှောင်ကလေးတွေခဏတာ ပျော်ရွင်ဖို့ ကူညီခဲ့တာပါ။

လက်ရှိ မော်တော်မယ်ဟာ သူမရဲ့ နေရပ်ကိုပြန်သွားရပေမယ့် သူမတတ်နိုင်တဲ့ဖက်ကနေ စစ်ရှောင်တွေအတွက် ဆက်လက်ကူညီသွားမှာဖြစ်သလို စစ်ရှောင်တွေအနေနဲ့ စိတ်ဓာတ် မကျဖို့ ၊ အားတင်းထားဖို့ ပြောဆိုသွားပါတယ်။

“အချိန်ကောင်းတွေ ရောက်လာလိမ့်မယ်။ အခုက ကျမတို့ ဒီနေရာမှာရောက်နေတယ်။ ဒါပေမယ့် ရှေ့ဆက်ဖို့က အများကြီးရှိသေးတယ်။ ဒီအချိန်က တအားဒုက္ခရောက်တယ်။ ဒါ့ပေမယ့် ကျမတို့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ရောက်နေတဲ့ ကယားလူမျိုးတွေက အားပေးချင်တယ် စစ်ရှောင်တွေကို ။ အပြင်ရောက်သွားပြီဆိုပေမယ့် စစ်ရှောင်တွေကို ကူညီချင်တဲ့စိတ် အမြဲရှိတယ်။”

ခူးပလဲရယ်နဲ့ မော်တော်မယ်တို့လို ကရင်နီမှာ မွေးဖွားကြီးပြင်းခဲ့တာ မဟုတ်ပေမယ့် ကိုယ့်ရဲ့လူမျိုးတွေကို ချစ်တဲ့စိတ်နဲ့ ကျောသား၊ ရင်သားမခွဲခြားဘဲ နွေဦးတော်လှန်ရေးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီလူထုတွေ အတွက် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ကူညီပေးနေတဲ့ စိတ်ဓာတ်ကတော့ လေးစားဂုဏ်ယူစရာပါ….။

တခြားတိုင်းတစ်ပါးမှာ ရောက်ရှိနေကြတဲ့ ကရင်နီလူထုတွေကိုလည်း ခူးပလဲရယ်က အခုလို တိုက်တွန်းပြောဆိုထားပါတယ်။

“ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ကရင်နီပြည်သူပြည်သားအားလုံးပေါ့နော် ပြောချင်တာက ဒီတော်လှန်ရေးမှာ ဆိုလို့ရှိရင် နောက်ဆုံးတော်လှန်းရေးလို့ ပြောလို့ရသလို တကယ့်တကယ် ကျနော်တို့ အောင်ပွဲနဲ့ နီးတဲ့ တော်လှန်ရေးဖြစ်တယ်ပေါ့နော်၊ အခုလိုအချိန်မှာ ကျတော်တို့အားလုံးမှာရှိတဲ့ လူတွေ စည်းလုံးဖို့ ပြီးတော့မှ အချင်းချင်းပြန်ကူညီဖို့ပေါ့နော်။ ကျနော်တို့မှ မလုပ်ရင် ဘယ်သူမှလုပ်တော့မှာ မဟုတ်ဘူးလေ။ ဆိုတော့ ဒီအောင်ပွဲဟာ ဘယ်သူ့အတွက်မှ မဟုတ်ဘူး ကျနော်တို့အတွက် ဖြစ်တယ်။ ကျနော်တို့ကရင်နီပြည်မှာမနေတော့ဘူး တခြားနိုင်ငံမှာနေတယ် ကျနော်နဲ့ မဆိုင်တော့ဘူး ပြောလို့လည်းမရဘူး။ ကျနော်တို့ ကရင်နီလူမျိုးဖြစ်ပြီဆိုကတည်းက အဲပြည်နယ်ဟာ ကျနော်တို့နဲ့ သက်ဆိုင်သေးတယ် ။တတ်နိုင်တဲ့ဖက်က တယောက်နဲနဲကူပေးကြဖို့ တစ်နေ့ကျတော့အောင်မြင်မှာပါ”

spot_img
spot_img