spot_img
Tuesday, January 31, 2023
spot_img

ကရင်နီစစ်ရှောင်ထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှု လျော့နည်းလာ

spot_imgspot_imgspot_imgspot_img

ဘလက်ဇင်း (ကန္တာရဝတီတိုင်း(မ်))

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း ကရင်နီပြည်တွင်းက စစ်ရှောင်တွေထံ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးမှုတွေမှာ သိသိသာသာလျော့နည်းလာတယ်လို့ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) လူသားချင်းစာနာထောက်ထားမှုကော်မတီ ပြောခွင့်ရ ဆရာဗညားက ပြောပါတယ်။

“တစ်နှစ်လည်းကျော်ပြီးနောက်ပိုင်းမှာ သူတို့မှာလည်းမရှိတော့ဘူး။ ယူလာခဲ့တဲ့ဟာလည်း ကုန်သလောက်ဖြစ်နေပြီ။ စုဆောင်းတဲ့ဟာလည်းကုန်သလောက်ရှိနေပြီ။ အဲ့တော့ မှီခိုလာတယ် နိုင်ငံတကာရဲ့အကူအညီတွေကို ပိုမှီခိုလာတယ်။ အကူအညီတွေကို ပိုမှီခိုတဲ့အချိန်မှာပဲ နိုင်ငံတကာကနေ ပံ့ပိုးတဲ့အကူညီတွေလည်း လျော့သွားတယ်။ အထူးသဖြင့် ကျနော်တို့အရမ်းကိုအားကိုးခဲ့တဲ့ နိုင်ငံတကာရောက် ကရင်နီအမျိုးသားတွေ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ကူညီမှုတွေက တော်တော်လေးကို ကျသွားတယ်။ ဒါကလည်း အမှန်တရားကို ကျနော်တို့လက်ခံရမှာပေါ့နော။”လို့ ဆရာဗညားက ပြောပါတယ်။

ဒေသတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ၂၀၂၁- ၂၀၂၂ခုနှစ်အတွင်း စစ်ရှောင်တွေကို လူထုမှလူထု အချင်းချင်း ပြန်လည်ကူညီပေးတာ နဲ့ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေဆီကနေ ငွေကြေးပံ့ပိုးမှုက အားကောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်ကိုယ်၌က ယခင်ပိုင်ဆိုင်မှုတွေတွေကို ထုခွဲရောင်းချပြီး စားဝတ်နေရေးအတွက် ပြန်လည်အသုံးပြုခဲ့ကြရာကနေ အချိန်ကာလကြာမြှင့်လာတာနဲ့အမျှ အခက်အခဲကြုံလာပြီး နိုင်ငံတကာရောက် အလှူရှင်တွေဆီကနေလည်း ငွေကြေးထောက်ပံ့မှုကလည်း အားနည်းလာတယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူညီတွေ လျော့နည်းလာတာကြောင့် ကရင်နီပြည်တွင်းက စစ်ဘေးရှောင်စခန်းအများစုမှာလည်း ရိက္ခာပြတ်လပ်တာကြုံတွေ့နေရပြီး ဆန်ချေးယူပြီးချက်စားရတာ၊ ယခင်ဆန်ဟောင်းတွေကို ပြန်ချက်စားတာ ပြုလုပ်နေရပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက “ “ကျွန်မတို့စားနပ်ရိက္ခာဘယ်လိုဖြေရှင်းသွားလဲဆိုရင် ရှိတဲ့သူထံခဏလေး ချေးယူစားတာပေါ့။ မျှဝေမျှစားလုပ်ကြတာပေါ့နော်။ ဒါပေမဲ့ရှိတဲ့သူက ခုလောလောဆယ်တော့ ဘယ်လိုရှိလဲဆိုတော့ ဆန်ကနည်းနည်းချဉ်သွားတာတွေ့တယ်။ ဒါပေမဲ့စားနေတယ်။ ဆန်ကိုချွေတာတယ်။ ဘယ်လို‌ချွေတာ လဲဆိုရင် ဆန်ကိုသုံးလေးငါး ကြိမ်ဆေးမှသာ ကျမတို့ကချက်စားရတယ်။ ဒါပေမဲ့အဆင်ပြေပါတယ်။ အဲဒါပြန်စားနေရတယ်။ သူတို့က ချဉ်ချဉ် ခါးခါး ဆန်ဖြစ်ရင်ပြီးပြီပေါ့နော်။ မရှိတဲ့သူက အဲ့လိုပြောခါကျတော့ ကျွန်မတို့မှာ ရှိတဲ့သူကပေးစားတာပေါ့။ မရှိသူကိုပေးစားတာပေါ့။ အဲလိုပဲမျှဝေမျှစား လုပ်နေကြပါတယ်” လို့ ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ လူဦးရေ ၉၀၀ ခန့်ရှိပြီး အလှူရှင် မရောက်လာတာ ( ၃ ) လရှိပြီဖြစ်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝင်ငွေရမဲ့ အလုပ်အကိုင်မရှိတာကြောင့် ဆန်ကိုမဝယ်စားနိုင်ဘဲ ချေးငှားစားသုံးတဲ့နည်းကို ပြုလုပ်နေကြရတာပါ။ ယခင် အလှူရှင်အဖွဲ့တွေက ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်၊ မိုးကာ၊ ရေ လှူဒါန်းတာရှိပေမယ့် လက်ရှိမှာတော့ အလှူရှင်တွေနဲ့ချိတ်ဆက်နေပေမဲ့ မရရှိသေးဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဖရူဆိုအနောက်ခြမ်းက ရွှေတောင်တန်း၊ သဲဖြူတောင်၊ ရီခီးဘူး စတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ
အလူရှင်ထောက်ပံ့မှုမရရှိတာ ၃လ ကျော်နေပြီး စစ်ရှောင်ကော်မတီအသီးသီးကလည်း အလှူရှင်အဖွဲ့တွေနဲ့ ချိတ်ဆက်မှုလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ထောက်ပံမှုမရရှိရင် စားနပ်ရိက္ခာတွေ ပြတ်တောက်သွားမှာကို စစ်ရှောင်အရေး ကူညီလှုပ်ရှားသူတွေက စိုးရိမ်နေကြပါတယ်။

ဖရူဆိုစစ်ရှောင်ကူညီသူတစ်ဦးဖြစ်တဲ့ ကိုပီတာလွှစ်က “ရိက္ခာလို့ ပြောတဲ့နေရာမှာ အဓိက ကတော့ ဆန်ပေါ့၊ ဆန်ရှိမယ်၊ အရင်က လာပေးတဲ့ သူတွေက ဆန်၊ ဆီ၊ ကုလားပဲရှိမယ်။ အရင်ကတော့ အသုံးဆောင်ပစ္စည်းတွေရှိမှာပေါ့၊ စောင်၊ မိုးကာတွေလည်းပါတာပေါ့၊ လောလောဆယ်မှာတော့ အဓိက အရေးကြီးဆုံးကတော့ ဆန်ဖြစ်နေတာပေါ့။” လို့ ပြောပါတယ်။

နိုင်ငံတကာ UN အေဂျင်စီတွေ World Food Program စတဲ့ အဖွဲ့အစည်းတွေကနေ စစ်ဘေးရှောင်အရေးကို ထဲထဲဝင်ဝင်ကူညီဖို့လိုအပ်နေပေမယ့် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုယန္တာရားကနေ သွားနေရတဲ့အတွက် လက်လှမ်းမမှီတဲ့ စစ်ရှောင်ဧရိယာတွေမှာတော့ အခက်အခဲပိုမိုကြုံတွေ့နိုင်တယ်လို့ ဆရာဗညားက သုံးသပ်ပြောဆိုပါတယ်။

“တကယ်လက်တွေ့မှာက ဒီကူညီမှုယန္တရားတွေက အာဆီယံဖြစ်စေ UN အေဂျင်စီဖြစ်စေ စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်ကနေ ပြေးမလွတ်တဲ့ဟာမျိုး စစ်ကောင်စီရဲ့ဘောင်ထဲကနေ ရုန်းမထွက်နိုင်တဲ့ဟာက တကယ်လက်တွေ့စစ်ဘေးရှောင် ၉၀ ရာခိုင်နှုန်း ၉၅ရာခိုင်နှုန်းက ကျနော်တို့ ဒီလူထုတွေ ထိန်းချုပ်တဲ့ဧရိယာထဲမှာရှိတယ် စစ်ကောင်စီထိန်းချုပ်တဲ့ဧရိယာထဲမှာရှိမနေဘူး။ ဒါကြောင့်မလို့ အဲဒီဧရိယာကို လက်လှမ်းမမှီတဲ့အတွက်ကြောင့်မလို့ ပိုပြီးတော့မှ အခက်အခဲတွေ ဒုက္ခတွေ ပိုကြုံနိုင်ချေရှိတယ်ဆိုတာ တွေ့ရတယ်။”လို့ ဆရာဗညားက ဆိုပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ စစ်ကောင်စီက ပြည်နယ်တွင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ဆောင်ခွင့်ကို ကန့်သတ်ထားတာ၊ ဖြန့်ချိတဲ့လမ်းကြောင်းမှာ အစစ်အဆေးများတာက လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးမှာ အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံပြည်သူ နှစ်သိန်းနီးပါးအထိရှိနေပြီး အလှူရှင်အဖွဲ့အစည်းကိုသာ မှီခိုအားထားရတာကြောင့် ရေရှည်မှာ စားနပ်ရိက္ခာတွေ ပြတ်လပ်သွားမှာကို စစ်ရှောင်လူထုတွေက စိုးရိမ်နေကြပါတယ်။

Related Stories