spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီစစ်ရှောင်များ ရေရှည်စားနပ်ရိက္ခာတောင့်ခံနိုင်ဖို့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးတွေ ဆောင်ရွက်နေ၊ မျိုးစေ့ထောက်ပံ့မှုများ လိုအပ်မှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်အတွင်းက စစ်ဘေးရှောင်လူထုတွေဟာ စစ်ဘေးရှောင်ကာလကြာရှည်လာတာနဲ့အမျှ ရေရှည်စားနပ်ရိက္ခာတောင့်ခံနိုင်ဖို့အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးတွေ ဆောင်ရွက်နေကြပြီး စိုက်ပျိုးနေသူများက အောင်မြင်မှုရှိနေသလို မျိုးစေ့ထောက်ပံ့မှုတွေကိုလည်း လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

ဒေသအခြေစု အရပ်ဖက်အဖွဲ့တစ်ခုကနေပြီး ဒေါရောက်ခူကျေးရွာမှာ ငွေကျပ် သိန်း ၅၀၀ တန်ဖိုးနဲ့ ညီမျှတဲ့ စပါးမျိုးစေ့တွေ ထောက်ပံ့ပေးခဲ့တာရှိပြီး စိုက်ပျိုးသူတွေရဲ့ ပြန်လည်ပြောပြချက်အရ အောင်မြင်တာကိုတွေ့ရတယ်လို့ Kayan Rescue Committee-KRC အဖွဲ့ရဲ့တာဝန်ခံ ကိုချမ်းအေးက ပြောပါတယ်။

“ဒီပိုက်ဆံ သိန်း၅၀၀ကို ကျနော်တို့ ဆန်ပဲထောက်ပံ့မယ်ဆို တလ စာလောက်ဘဲရမှာပေါ့။ အခုဟာက စိုက်ပျိုးရေးအတွက် သူတို့ထောက်ပံ့တဲ့ အတွက်ကြောင့်မလို့ ဒီအနည်းဆုံးပေါ့နော သူတို့က ၄လ ကနေ ၆လအတွက် ပြန်ရတယ်ဆိုတာပေါ့နော။ သူတို့ပြန်ပြောတာရှိပါတယ် အရမ်းကိုအောင်မြင်တယ်ပေါ့။ ဒီစိုက်ပျိုးရေးအတွက် ပံ့ပိုးတဲ့ အစီအစဉ်က တော်တော်လေး ထိရောက်အောင်မြင်တယ်ဆိုတာတော့ ကျ‌နော်တို့သိရတယ်” လို့ ကိုချမ်းအေးက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်း ၁၆ ခုမှာလည်း ဆောင်းသီးနှံ မျိုးစေ့တွေကို KRC နဲ့ မိတ်ဖက်အဖွဲ့အစည်းကနေ ထောက်ပံ့ပေးခဲ့တာရှိပြီး အထွက်နှုန်း ကောင်းမွန်တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရေးဆောင်ရွက်လိုတဲ့ စစ်ရှောင်တွေ အများစုရှိနေသေးပေမဲ့ စိုက်ပျိုးဖို့ မြေနေရာ အခက်အခဲရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ရှောင်ကာလကြာလာတာနဲ့အမျှ လိုအပ်ချက်ပိုမိုများပြားလာတာကြောင့် တိုက်ပွဲမဖြစ်ပွားတဲ့ဒေသတွေမှာ ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ စိုက်ပျိုးရေးကို ပိုမို လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ လာမယ့်မိုးရာသီကာလမှာ စိုက်ပျိုးနိုင်ဖို့အတွက် သီးနှံမျိုးစေ့ကို ပံ့ပိုးမှုလိုအပ်နေတယ်လို့ သိရပါတယ်။

“ဘယ်အဖွဲ့အစည်းမှ ကျနော်တို့ စိုက်ပျိုးရေးအတွက်ဆို ကူညီပံ့ပိုးတဲ့ ဒီအနေအထားမှာတော့ မရှိသေးဘူး။ ခုန ပြောတဲ့ KRC က ဒီ မျိုးစေ့၊ မျိုးဆန်ပံ့ပိုးတယ်ဆိုတာကတော့ ကျနော်တို့ အဓိက ဒီ ပိုင်းလော့အစီအစဉ်အနေနဲ့ပေါ့‌လေး။ ဒါ စီမံကိန်းမဟုတ်ဘဲနဲ့ ကျနော်တို့ ဒီလိုလေး ဆောင်းရာသီ၊ ဆောင်းတွင်းသီးနှံမျိုး ပံ့ပိုးရင်တော့ အဆင်ပြေနိုင်တဲ့အနေအထား ရှိ၊ မရှိ စမ်းသပ်နိုင်တဲ့ အစီအစဉ်လေးပါဘဲပေါ့နော့။ အဓိကပြောချင်တာက စိုက်ပျိုးရေးကို ပံ့ပိုးထောက်ပံ့ပေးတဲ့ အစီအစဉ်မရှိသေးတာတော့ အမှန်ဘဲ။” လို့ ကိုချမ်းအေးက ဆက်ပြောပါတယ်။

စစ်ရှောင်တွေနေထိုင်ကြတဲ့ နေရာဒေသအပေါ် မူတည်ပြီး စိုက်ပျိုးခွင့်ရတဲ့နေရာတွေမှာ ပံ့ပိုးမှုတွေ ဆောင်ရွက်ပေးသွားမယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး-၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကျနော်တို့ကတော့ အတတ်နိုင်ဆုံး စိုက်ပျိုးနိုင်တဲ့လူ စိုက်ပျိုးနိုင်တဲ့ ဧရိယာမှာ စိုက်ပျိုးနိုင်အောင်တော့ ပံ့ပိုးပေးသွားဖို့။ နောက်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ အရပ်ဖက်အဖွဲ့အစည်းတွေ ဒီလိုမျိုး ကျနော်တို့ ကိုယ်ထူကိုယ်ထ တောင့်တောင့် ကြပ်ကြပ်ပြီးမှ တောင့်ခံနိုင်တဲ့ ကျနော်တို့ စားနပ်ရိက္ခာဆိုင်ရာ စီမံကိန်းတွေကို ပိုဦးစားပေးဖို့က ဆက်တိုက် တောင်းဆိုတာရှိတယ်။ နောက် အရပ်ဖက်အဖွဲ့အစည်းလည်း နိုင်တဲ့ဖက်ကနေ လုပ်ဆောင်နေတာ ရှိတာပေါ့နော်။” လို့ ဦးဗညားက ဆိုပါတယ်။

ဆန်စပါးကိုထုတ်လုပ်စိုက်ပျိုးနိုင်တဲ့ စစ်ရှောင်တွေဟာ ၂၀ ရာခိုင်နှုန်းသာရှိပြီး စစ်ရှောင်အများစုကတော့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသီးနှံတွေကိုသာ အနည်းငယ် စိုက်ပျိုးနေကြတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

စစ်ရှောင်တွေ ရေရှည်မှာ ဆက်လက် ရပ်တည်သွားနိုင်ဖို့ အလှူရှင်တွေရဲ့ ထောက်ပံ့ပေးမှုတွေကိုလည်း လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ ကရင်နီပြည်က စစ်ရှောင်တွေအနေနဲ့လည်း စားနပ်ရိက္ခာအတွက် မိမိတို့ကိုယ်တိုင် စပါးစိုက်ပျိုးထုတ်လုပ်ကြဖို့ လိုအပ်တယ်လို့ IEC က တိုက်တွန်းပြောဆိုထားတာ ရှိပါတယ်။

spot_img
spot_img

Recent posts