spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီတပ်မတော်ထံ အလင်းဝင်လာတဲ့ CDMစစ်သားတွေကို အကျိုးခံစားခွင့်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၂၀၂၁ခုနှစ် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီတပ်မတော် (KA)ထံ အလင်းဝင်လာတဲ့ CDM စစ်သားတွေကို ချမှတ်ထားတဲ့ မူပေါ်လစီအတိုင်း အကျိုးခံစားခွင့်ပြုထားတယ်လို့ ကရင်နီတပ်မတော် (KA) ကာကွယ်ရေးဒု-ဝန်ကြီး ခူဒယ်နီယာက ပြောပါတယ်။

“ လက်နက်အပြည့်အစုံနဲ့လာတဲ့ တပ်သားတွေကိုတော့ကျနော်တို့လက်ခံတယ်။ ခုနက သူတို့ရဲ့ဆန္ဒအတိုင်းပဲပေါ့။ တိုက်ပွဲပြန်ဝင်ချင်တယ်ဆိုလည်း သူတို့ကို ခွင့်ပြုတယ်။ မဝင်ချင်ဘူး တစ်ခြားနေရာ အလုပ်လုပ်သွားလုပ်ချင်တယ်ဆိုလည်း ပို့ပေးတယ်။ ဒီနောက်ပိုင်းမှာကတော့ ဒီNUG က ဖွင့်ထားတဲ့ ပြည်သူ့ရင်ခွင်ခုံလှုံရေးအစီစဉ်အောက်မှာက ကျနော်တို့အဲ့ဒီဖက်မှာပို့တာ ပိုများပါတယ်။ ဆိုတော့ အခုစစ်ဆေးရေးက အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာပဲပေါ်လာတာ ဖြစ်တဲ့အတွက် ကျနော်တို့ အဲ့ဒီစစ်ဆေးရေးအတိုင်းပဲ တချို့တော့ပို့လိုက်တယ်ပေါ့။ ” လို့ ခူဒယ်နီယာက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ရက်နေ့က တပ်မ ၆၆ လက်အောက်ခံ ခလရ – ၁၁ တပ်ရင်းမှ တပ်သား သုံးဦး၊ MA 3 သေနတ် ၃ လက် ၊ကျည်ဘောင့် ၁၃ ဘောင့် ၊ကျည်ဆံ ၁၀၀၀ ၊ လက်ပစ်ဗုံး ၃ လုံးနှင့် အတူ ကရင်နီတပ်မတော် ( KA) ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဒီးမော့ဆိုမြို့နယ်တပ်ထဲ CDM ပြုလုပ်ပြီး အလင်းဝင်လာခဲ့ပါတယ်။

သုံးဦးထွက်ဆိုချက်အရ ရှေ့တန်းစစ်မြေပြင်ကို စိတ်ဆန္ဒမပါဘဲ အထက်အမိန့်အရ စေလွှတ်ခံရတာ၊ အထက်အရာရှိမှ ညှင်းပန်းနှိပ်စက်တာ တွေကြောင့် KA ထံ CDM ပြုလုပ်လာခဲ့တာဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ်တပ်မှ တာဝန်ရှိသူပြောကြားချက်အရ သိရပါတယ်။

စက်တင်ဘာလအတွင်း ကရင်နီတပ်မတော်ထံ CDMပြုလုပ်တဲ့ စစ်သားတွေကနေ ယူဆောင်လာတဲ့ လက်နက်ခဲယမ်းများ

“သူတို့ ၃ယောက်ကျနော်တို့လက်ထဲ ပြန်ဝင်လာတဲ့အကြောင်း ပြောမယ်ဆိုရင် ကျနော် သူတို့ကို မေးတယ်။ သူတို့စိတ်ပါဝင်စားတဲ့အပိုင်းမှာ သူတို့ပြောတယ်။ ငါတို့ပြန်လည်နိုးထပြီး
အဖွဲ့အစည်းနဲ့ပြန်လည်ပူးပေါင်းရမယ်။ ပြီးတော့ ပြီးတဲ့ထိ စစ်အာဏာရှင်အဖွဲ့တွေကို ပြန်လည်တော်လှန်ဖို့ သူတို့ရည်ရွယ်ထားတယ်။ သူတို့ ၃ယောက်ဆွေးနွေးတိုင်ပင်ပြီး ကျနော်တို့ဆီကို လာခဲ့တယ်။ ကျနော်တစ်ယောက်အနေနဲ့ သူတို့ကို အရင်မေးတဲ့ချိန်မှာ သူတို့စိတ်ပါဝင်စားတဲ့ဟာကို အခုလိုသူတို့ပြောကြားတာဖြစ်ပါတယ်။”လို့ ဒီးမော့ဆိုမြို့နယ်တပ် (KA) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒေသခံတပ်ရင်းဖြစ်တဲ့ ဖရူဆိုမြို့နယ်အခြေစိုက် ခမရ ၅၃၁ မှ တပ်သားတစ်ဦးလည်း KA ထံ အလင်းဝင်တာရှိတာကြောင့် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သား ၄ဦး ရှိခဲ့ပါတယ်။
၎င်းတို့အားလုံးဟာ ၂၀ ကျော် လူငယ်တွေဖြစ်ကြပြီး လုပ်သက် ၆လ၊ တစ်နှစ်၊ ၂နှစ်ကျော် လုပ်သက်အသီးသီးရှိကြပါတယ်။ စစ်တပ်ထဲ မိမိဆန္ဒအလျောက်ဘဲ မဟုတ်ဘဲ အဓမ္မစေခိုင်းခံရတာတွေရှိသလို အသက်ကြီးပိုင်းတွေ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်လူငယ်တွေကိုလည်း ရှေ့တန်းပို့ဆောင်တာရှိတယ်လို့ CDM စစ်သားတွေက ပြောဆိုကြပါတယ်။

CDMစစ်သားတစ်ဦးက “သင်တန်း ၆လတက်ခဲ့တယ် ဒါပေမယ့် ကျနော်တို့မှာအခွင့်အရေးမရခဲ့ဘူး ဒီအထိ ရောက်လာခဲ့တယ်။ ကျနော်တို့ကို မျက်စိအောက်ကနေ အပျောက်မခံဘူးပေါ့။ ရဲဘော်သေသေ မျက်စိအောက်ကနေတော့ အပျောက်မခံဘူး မနည်းရုန်းကန်ပြီးတော့ ဆင်းလာခဲ့တယ်။ လက်နက်ကို အားကိုးခဲ့တာပေါ့။ ကျနော်တို့သုံးယောက်လုံး လက်နက်ကို အားကိုးပြီးတော့ ဆင်းလာခဲ့တယ်။ သူတို့လိုက်လာရင် ကျနော်တို့က သူသေကိုယ်သေပဲ။ ဒီကောင်တွေနဲ့နေရင်လည်း ကျနော်တို့က သေမှာပဲ။ ရန်သူသတ်ရင်သတ် မသတ်ရင် ဒီကောင်တွေ တိုးခိုင်းတဲ့နေရာမှာ မိုင်းတွေပေါ့ သူတို့မတိုးရဲတော့ ကျနော်တို့ကို ရှေ့ကလွှတ်တော့ အချိန်တန်ရင် ဘားမှမဟုတ်ဘဲ သေသွားမယ်။ အဲ့လိုတော့ အသေမခံနိုင်ဘူး အကျိုးရှိရှိ ဒီကောင်တွေကို ပြန်သတ်ပြီးတော့မှ သေတော့မယ် အဲ့အတွေးနဲ့ ဒီဖက်ကို ဆင်းလာခဲ့တာ။” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီတပ်မတော် (KA)၊ KNDF၊ PDF ထံ ဝင်ရောက်တဲ့ CDMစစ်သား ၁၀၀ဝန်းကျင်ရှိနေပြီး ကရင်နီပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အောက်မှာ စစ်ကောင်စီကို ပြန်လည်ပူးပေါင်းတိုက်ခိုက်တဲ့ စစ်သားက ၄၀% ရှိတယ်လို့ ဆိုပါတယ်။
ကရင်နီတပ်မတော် (KA)ထံ CDMဝင်ရောက်ခဲ့တဲ့ စစ်သား ၇ ဦးရှိခဲ့ပြီး ၎င်းတို့ဆုံးဖြတ်ချက်အတိုင်း လိုက်လျောတာတွေ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အောက်မှာ ပြန်ပို့တာတွေရှိပါတယ်။
စစ်သားအပြင် CDM ရဲတပ်သားတွေကလည်း KA မှာသင်တန်းပြန်တက်တာ၊ ကိုယ်ပိုင်နံပါတ်ယူတာ၊ သစ္စာရေ သောက်ပြုလုပ်တဲ့သူကတော့ ကရင်နီတပ်မတော်သား ဖြစ်သွားကြပြီလို့ ခူဒယ်နီယာက ပြောပါတယ်။

တော်လှန်ရေးကာလနှစ်ပေါင်း ၇၀ကျော်အတွင်း ကရင်နီတပ်မတော်ထဲ အလင်းဝင်လာကြတဲ့ စစ်သားတွေအနေနဲ့ စစ်ကောင်စီကိုပြန်တိုက်တာ၊ ဒုရင်းမူးအဆင့်ထိရောက်ရှိသူတွေ၊ တတိယနိုင်ငံကိုအခြေချတဲ့သူတွေရှိခဲ့ပေမယ့် လူဦးရေ အတိအကျကိုတော့ ပြောဆိုခြင်းမရှိပါဘူး။
၁၉၉၀ဝန်းကျင် တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုလည်း ဥပဒေအရ စစ်ဆေးမေးမြန်းတာ၊ နိုင်ငံတကာစစ်သုံ့ပန်းဥပဒေအရ ကျင့်သုံးတာတွေ ပြုလုပ်ခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ အလင်းဝင်လာတဲ့သူတွေရဲ့ သဘောထားအတိုင်း ခွင့်ပြုပေးတာတွေရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts