spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီတပ်မတော် ( KA) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တနေ့အတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွား

Photo – KnIC

ကန္တာရဝတီတိုင်း(မ်)

ယနေ့ ဇူလှိုင်လ ၁၂ ရက်နေ့တွင် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်းမှာ ကရင်နီတပ်မတော် ( KA)ရဲ့ နည်းဗျူဟာ (၁) လက်အောက်ခံ အမှတ် (၃) တပ်ရင်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်မ (၆၆)၊ ၅၃၀ တပ်တို့ အပြန်အလှန်ပစ်ခတ်မှု ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူ တစ်ဦးဆီကနေ သိရပါတယ်။

“ ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ ၅၃၀ တပ်နဲ့ ပြည်သူ့စစ် ပေါ့နော။ နားကွယ်နဲ့ တီးလုံကြားမှာ ပစ်တယ်။ ဒါကတော့ မနက်တုန်းကပေါ့နော။ မွန်းလွှဲပိုင်း ၁ နာရီ မိနစ် ၄၀ လောက်မှာ တပ်မ ၆၆ က ဝင်လာတော့ ကွန်နားရွာတောင်ဘက်၊ ဝမ်ခိုင်းရွာအနောက်ဘက်မှာ ပစ်ကြတယ်။ ညနေပိုင်း ၄ နာရီ ၄၀ လောက်မှာ ဒေါတဟေးရွာ အရှေ့ဖက်မှာ ပစ်တယ်။ ၆ နာရီ ၁၁ မိနစ်လောက်မှာက ဒေါတဟေးအရှေ့ဖက်မှာပဲ ထပ်ပြန်ပစ်တယ်။ အခုထိ စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ ထုနေတယ်။ ကျနော်တို့ဖက်တော့ ပြန်မပစ်တော့ဘူး။ ဒါပေမယ့် သူတို့ကတော့ ဆက်ပစ်နေတယ်။” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယခု တိုက်ပွဲမှာ ကရင်နီတပ်မတော် (KA) ရဲ့ အမှတ် ၃ တပ်ရင်း လှုပ်ရှားနယ်မြေထဲကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်ရောက်လှုပ်ရှားလာတဲ့အတွက် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“ ကျနော်တို့ကတော့ ကိုယ့်နေရာကို နေတာပဲလေ။ သူတို့ဖက်က ရှေ့ဆက်လာရင်တော့ ဆက်ဖြစ်မှာပဲ။” လို့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ယနေ့တိုက်ပွဲမှာ ကရင်နီတပ်မတော်က ထိခိုက်မှု မရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အတိအကျကိုတော့ မသိရှိရသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

ကရင်နီတပ်မတော်ရဲ့ နယ်မြေထဲကို ဝင်ရောက်လှုပ်ရှားလာတဲ့အပြင် ကျေးရွာအတွင်းရှိ ဒေသခံတွေရဲ့ ကြက်တွေကိုလည်း လိုက်လံပစ်ခတ်ပြီး ဖမ်းစားတယ်လို့ သိရပါတယ်။

ကရင်နီပြည်လူထုတွေကို သတိနဲ့နေကြဖို့နဲ့ အခြေအနေစောင့်ကြည့်ပြီး ရှောင်သင့်ပါက ရှောင်ထားကြဖို့ ကရင်နီတပ်မတော် အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“ ဒေသခံတွေကို ပြောချင်တာက သတိနဲ့နေကြပါပေါ့နော။ အခြေအနေလည်း စောင့်ကြည့်ပြီးတော့ ရှောင်သင့်ရင်လည်း ရှောင်ကြပါ။ အဆင်ပြေသွားမှာပါ။ ကျနော်တို့လည်း ပြည်သူတွေအတွက် ဆုတောင်းပေးပါတယ်။” လို့ သူက ပြောပါတယ်။

ကျေးရွာအနီးမှာ ပစ်ခတ်မှု ဖြစ်ပွားတာကြောင့် လွိုင်လင်လေးမြို့ အရှေ့ဖက်ခြမ်းရှိ ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ပစ်ကြတာ သေချာတယ်။ ကျနော်တို့နဲ့ မနီးမဝေးလေးမှာပဲ။ အကုန်လုံးရှောင်ကြတယ်။ ရွာမှာ မရှိတော့ဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ညနေ ၇ နာရီနောက်ပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှု မရှိတော့ပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှု ဆက်လက်ပြုလုပ်နေတယ်လို့ ကရင်နီတပ်မတော် အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ညနေ ၇ နာရီ ၁၅ မိနစ်မှာ ပြောပါတယ်။

spot_img
spot_img