spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်က စစ်ကောင်စီတပ်သားတွေကို ရိက္ခာပို့နိုင်ဖို့ စစ်ကောင်စီကြိုးပမ်းမှုမအောင်မြင်သေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီတပ်ဟာ ကရင်နီပြည် ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ စတဲ့မြို့နယ်အတွင်းက တပ်သားတွေဆီကို စစ်ကူနဲ့ ရိက္ခာတွေပို့ဆောင်ဖို့အတွက် လမ်းဖောက်ဖို့ ကြိုးစားနေပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ထားတာကြောင့် မထိုးဖောက်နိုင်သေးဘူးလို့ ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီး ဘုန်းနိုင်က ပြောပါတယ်။

“သူတို့ကတော့ လမ်းဖောက်ဖို့ပေါ့ ရန်သူက။ အောက်ဘက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေက စားနပ်ရိက္ခာနည်းသွားပြီပေါ့။ အဲ့ဒါသူတို့လည်း စစ်ကူပို့ဖို့ နောက်ပြီး ရိက္ခာပို့ဖို့ဘဲ ရှိမှာပေါ့။ ဒါပေမယ့် သူတို့ကတော့ မထိုးဖောက်နိုင်သေးဘူး လောလောဆယ်တော့ ကျနော်တို့ ပိတ်ထားတာ ရှိတယ်လေနော။” လို့ ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောပါတယ်။

ဩဂုတ်လ လဆန်းပိုင်းကစပြီး လက်ရှိအချိန်ထိ ကရင်နီပြည်မှာတော့ နေ့စဉ်နဲ့အမျှ နေရာအနှံ့အပြားမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တို့က နယ်မြေ ပြန်လည်ရရှိဖို့ အပြင်းအထန် ကြိုးစားနေတာပါ။

လက်ရှိမှာတော့ ဒီးမော့ဆို – ဖရူဆိုကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ဒီးမော့ဆို၊ ငွေတောင်ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကောင်စီက အင်အားအလုံးအရင်း နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဩဂုတ်လ ၉ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

မိုးဗြဲမြို့၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ရွာသစ်မြို့နယ်၊ ဘောလခဲမြို့နယ်နဲ့ မယ်စဲ့မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ အသုံးပြုတိုက်ခိုက်နေတာတွေ အမြဲလုပ်ဆောင်လေ့ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်ကို စေလွှတ်ပြီး တိုက်ခိုက်ဖို့ ရှေ့တန်းပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်ရဲ့ အင်အားကြီးတပ်မ တစ်ခုဖြစ်တဲ့ တပ်မ ၆၆ ဟာ အထိနာပြီး လက်ရှိအချိန်ထိ ကရင်နီပြည်ကနေ ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိသေးပါဘူးလို့ ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်ကို တပ်မ ၆၆ လက်ကျန်တပ်သားတွေ၊ တပ်မ ၅၅ လက်အောက်ခံတပ်ရင်း ၂ ရင်း၊ နယ်မြေခံတပ်ရင်း လက်ကျန်တပ်သားတွေနဲ့ စကခ ၂ လက်အောက်ခံ တပ်ရင်း ဆယ်ရင်း က လှုပ်ရှားနေရတယ်လို့ KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီး ဘုန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းအားလုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်ထားနိုင်တာကြောင့် ကရင်နီပြည်တွင်းက လက်ကျန်တပ်သားတွေဟာ စားနပ်ရိက္ခာ မရရှိနိုင်တော့ဘူးလို့ ဗိုလ်မှုးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

ကုန်းလမ်းနဲ့ထောက်ပို့နိုင်တဲ့ လမ်းကြောင်းတွေကို တော်လှန်တပ်ဖွဲ့တွေက ဖြတ်တောက်ထားနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီတပ်ဟာ ကရင်နီကို လေကြောင်းသုံတိုက်ခိုက်မှုကို အလွန်အကျွံ့ အသုံးပြုနေတာဖြစ်ပါတယ်။ ရဟတ်ယာဉ်နဲ့ အင်အားဖြည့်တင်းတာ၊ ရိက္ခာဖြည့်တင်းတာတွေကို လုပ်ဆောင်နိုင်ဖို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး လမ်းကြောင်းရှင်းလင်းတာတွေကို စစ်ကောင်စီတပ်က အစဉ်အသုံးပြုနေရတာပါ။

စစ်ကောင်စီတပ်ဟာ အလွန်အထိနာတာကြောင့် လေကြောင်းကို အသုံးပြုတဲ့အခါ တော်လှန်ရေးတပ်ဖွဲ့တွေကို ပစ်ထားတာမျိုး မဟုတ်တော့ဘဲ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်လေ့ရှိပါတယ်။

“၂၀၂၁ မှာ အကြိမ်ပေါင်း ၈၀နော အဲ့ဒါက အတိအကျ ရတဲ့ဟာတွေနော။ ၂၀၂၂ မှာ ၁၈၀ ကြိမ်။ ၂၀၂၃ မှာက ဇန်နဝါရီလကနေ ဇူလှိုင်လအထိ ၂၈၃ ကြိမ် ဗုံးကြဲတယ် ကျနော်တို့ ကရင်နီပြည်ကိုပေါ့နော။ ဒါက အတိအကျဘဲ။ မမှားဘူး။” လို့ ဗိုလ်မှုးကြီးဘုန်းနိုင်က စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှု အရေအတွက်ကို ပြောပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီတပ်က လွိုင်ကော်မြို့ပေါ်နဲ့ ဘောလခဲမြို့ပေါ် နဲ့ ရွာသစ်မြို့တွင်း သုံးနေရာသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်မြို့များမှာတော့ စစ်ဇုန်တွေဖြစ်နေကာ မြို့ခံများအားလုံးကလည်း ဘေးလွှတ်ရာကို တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

“တိုက်ပွဲတွေက ဖြစ်နေတယ်။ စစ်ရှောင်တဲ့နေရာတွေကနေ ကြားနေရတယ်။ ကျနော့်ရွာက လမ်းမကြီးဘေးနားကလေ။ အခုဆို စစ်တပ်တွေ လာနေတယ်။ ကျနော်တို့ သူများရွာမှာ သွားနေရတယ်။ စားဝတ်နေရေးအတွက် လယ်တွေ ပြန်လုပ်ချင်တယ်။ ကြောက်လည်းကြောက်တယ်။ တိုက်ပွဲက သူတို့ တိုက်ကြတဲ့နေရာမှာဘဲ ဖြစ်တာမဟုတ်ဘဲနဲ့ စစ်တပ်က လျှောက်ပစ်တယ်လေ။ ကျနော်တို့ကို ထိမှာကြောက်တယ်။” လို့ ဖရူဆိုမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကရင်နီပြည်တွင်းနဲ့ ရှမ်း – ကရင်နီနယ်စပ် အတွင်းက စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခုနှစ်သောင်းနဲ့အထက် ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံကနေ သိရှိရပါတယ်။

spot_img
spot_img

Recent posts