spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်က စစ်ရှောင်တွေ လာမယ့်နှစ် စားနပ်ရိက္ခာအတွက် စပါးစိုက်ပျိုးဖို့ IEC တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က စစ်ရှောင်တွေအနေနဲ့ လာမယ့်နှစ် စားနပ်ရိက္ခာအတွက် မိမိတို့ကိုယ်တိုင် စပါးစိုက်ပျိုး ထုတ်လုပ်ဖို့ လိုအပ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ အတွင်းရေးမှုး -၂ ဦးဗညားက တိုက်တွန်းပြောဆိုပါတယ်။

“နောက်နှစ်မှ စပြီးတော့မှ စပါးကိုတော့ စိုက်ဖို့ လိုအပ်လာပြီပေါ့နော်။ ကျနော်တို့နယ်မြေအရ ကျနော်တို့ ပြန်လည်ပြီးတော့မှ သိမ်းပိုက်နိုင်တဲ့ နယ်မြေတွေ ကျယ်ပြန့်လာလေလေ ကျနော်တို့ စားနပ်ရိက္ခာအတွက်က စိုးရိမ်ချက်တွေတော့ ပိုနည်းလေလေပေါ့နော်။ အခုကျတော့ နယ်မြေကို သိမ်းနိုင်တယ်။ အဲ့ဒီနယ်မြေထဲမှာ ကျနော်တို့ စားနပ်ရိက္ခာဖြစ်တဲ့ စပါးကို ဦးစားပေးပြီး စိုက်ဖို့ ကျနော်တို့ စဥ်းစားကြတာရှိတာပေါ့နော်။ လူထုကိုယ်၌လည်း စဥ်းစားနေကြတယ်။ အဲ့တော့ ကျနော်တို့က‌တော့ နယ်မြေစိုးမိုးရေးကို လုပ်နိုင်လေလေ ကျနော်တို့ စားနပ်ရိက္ခာအတွက် ထိန်းချုပ်နိုင်လေလေ ဖြစ်တယ်ပေါ့နော်” လို့ IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် လယ်ယာ စိုက်ပျိုးလုပ်ကိုင်နိုင်တဲ့ နယ်မြေတွေဟာ စစ်မြေပြင်တွေ ဖြစ်ခဲ့ရတာပါ။ စစ်ဘေးရှောင်တွေကတော့ အလှူရှင်တွေက ထောက်ပံ့တဲ့ ရိက္ခာတွေကိုသာ မှီခိုနေကြရတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲလာတာ ၁လကျော်ရှိနေပြီဖြစ်ပြီး မြို့ကိုစွန့်ခွာ တိမ်းရှောင်လာတဲ့ စစ်ရှောင်ဦးရေတွေပိုများလာပါတယ်။ ဒါ့အပြင် ကရင်နီပြည်ကို ဝင်လာမယ့် ကုန်စည်လမ်းကြောင်းတွေကို စစ်ကောင်စီဘက်က ရှမ်းပြည်နယ်အတွင်း ကြားဖြတ် ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာ နဲ့ တခြား အသုံးအဆောင်ပစ္စည်းတွေ ပြတ်လပ်နေတာရှိပါတယ်။

“အရင်ထက် အခုက ပိုဆိုးလာတယ်။ အရင်စစ်ဘေးရှောင်ကလဲ အဆင်မပြေကြဘူး။ အခုထပ်ရောက်လာတဲ့ စစ်ဘေးရှောင်ကလဲ ဘာမှ မပါလာကြဘူး ။ လယ်ပြန်လုပ်မယ်ဆိုရင်လဲ တချိုကတော့အဆင်မပြေကြဘူးထင်တယ်။ လူအနည်းစုလောက်ပဲအဆင်ပြေမယ်ထင်တယ်။ ကျွန်တော်အထင်တော့အလှူရှင်ကလဲရှားပါးလာတယ်။ ကုန်စျေးနှုန်းကလဲ တက် ၊ စက်သုံးဆီလဲစျေးတက်တော့ ဘယ်လိုဖြစ်ဖြစ် စစ်ဘေးရှောင်တွေတော့ ဒီထက်မကပိုခက်ခဲလာမှာပဲ။”လို့ ပြည်ကံ့ကော်စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ကိုပြည့်စုံက ပြောပါတယ်။

စစ်ရှောင်ကာလကြာလာတာနဲ့အမျှ လိုအပ်ချက်ပိုမိုများပြားလာနေတာကြောင့် လက်ရှိ တိုက်ပွဲမဖြစ်ပွားတဲ့ ဒေသတွေမှာ တပိုင်တနိုင် စိုက်ပျိုးရေးကို လုပ်ကိုင်ဖို့ လိုအပ်တယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“အဓိကကတော့ လူထုတွေ တနိုင်တပိုင် စိုက်ပျိုးရေးတွေဖြစ်စေ၊ စီးပွားရေး‌တွေဖြစ်စေ လုပ်မယ်ဆိုရင်တော့ သက်သာလာနိုင်တာပေါ့နော်။” လို့ ဦးဗညားက ဆိုပါတယ်။

ကရင်နီပြည်မှာ လက်ရှိ စစ်ရေးပြင်းထန်နေဆဲအခြေအနေကြောင့် ပြည်နယ်အတွင်း ဝင်လာမယ့် ကုန်စည်လမ်းကြောင်း မရှိတော့သလို ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိကရင်နီပြည်မှာ စစ်ဘေးရှောင်ဦးရေ ၃သိန်းဝန်းကျင်ရှိနေပြီး ဒီးမော့ဆိုမြို့နယ်အတွင်းမှာ အများဆုံးရှိနေပါတယ်။

spot_img
spot_img

Recent posts