spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ဒီးမော့ဆို အနောက်ဘက်ခြမ်းက ရင်တထိတ်ထိတ် ပညာရေး ”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

“ဦးလေး စာသင်ကျောင်းကိုရောက်တာနဲ့ သားတို့အလောင်းပဲတွေ့ရတော့တယ်လေ…….”

ဖေဖော်၀ါရီ ၅ ရက်က ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်း ဒေါဆီးအီ စာသင်ကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အဖြစ်အပျက်ကို ဦးမော်လေးက ပြန်ပြောပြနေတာပါ။

အသက် ၄၃ နှစ်အရွယ် ဦးမော်လေးဟာ ဒေါဆီးအီ စာသင်ကျောင်း လေယာဥ်ဗုံးကြဲ တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားတဲ့ အသက် ၁၂ နှစ်အရွယ် ၅ တန်း ကျောင်းသား မောင်ခရစ္စတိုဖာရဲ့ ဖခင် ဖြစ်ပါတယ်။

ဒေါဆီးအီ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုမှာ ခရစ္စတိုဖာ အပါအဝင် အသက် ၁၂ နှစ် ကနေ ၁၄ နှစ်အတွင်း ကျောင်းသား ၄ ဦးသေဆုံးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်တွေဖြစ်ပြီးနောက်ပိုင်းမှာ ကရင်နီ စစ်ရှောင်စခန်းတချို့က ကျောင်းသားမိဘတွေဟာ သူတို့သားသမီးကို ကျောင်းပြန်ပို့ဖို့ ရင်ထိတ်နေကြပါတယ်။

သူတို့ရဲ့သားသမီးတွေကို ပညာသင်ယူစေချင် စိတ်တခုတည်းနဲ့ အန္တရာယ်ကြားက ကလေးတွေကို စိတ်မချရဘဲ ကျောင်းပို့ရတော့မလိုဖြစ်နေတယ်လို့ မိဘတွေက ပြောပါတယ်။

“စိုးရိမ်ပူပန်မှုတော့ များတာ‌ပေါ့‌နော့။ မပို့ရင်လည်း စာမတတ်မှာ ကြောက်တယ်။ ပို့ပြန်ရင်လည်း လေယာဉ်လာဝဲလိုက်၊ လက်နက်ကြီးထုလိုက်ခါကြတော့ ကိုယ့်ကလေးအတွက် စိုးရိမ်ပူပန်မှု အများကြီး ရှိတယ်ပေါ့နော့” လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတခုက ကျောင်းသားမိခင်တဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းပေါင်း ၁၀၀ ဝန်းကျင်ရှိနေပြီး ကျောင်းသားဦးရေ နှစ်သောင်းကျော်ရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် အခြေခံပညာဆရာများသမဂ္ဂရဲ့ စာရင်းအရ သိရပါတယ်။

ဖေဖော်၀ါရီ ၅ ရက်က ဒေါဆီးအီအလယ်တန်းကျောင်းနဲ့ လွိုင်နန်းဖကျောင်းကို စစ်ကောင်စီကနေပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာ အဆိုပါ စာသင်ကျောင်းတွေကို ပိတ်ထားလိုက်ရပါတယ်။ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမှီသမျှစာရင်းအရ ၂၀၂၄ ခုနှစ် ၂ လအတွင်းမှာ စစ်ကောင်စီတပ်က ကရင်နီပြည်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ နဲ့အထက် လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်ထဲမှာမှ ဖေဖော်၀ါရီလ ၅ ရက်နေ့က ဒေါဆီးအီ အလယ်တန်းကျောင်း တိုက်ခိုက်မှုမှာ ကျောင်းသား ၄ ဦး သေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရသူ ၂၉ ဦး ရှိနေပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဒေါဆီးအီ စာသင်ကျောင်။ (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့လေယာဉ်ပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းက စာသင်ကျောင်း ၁၀ ကျောင်းထက်မနည်း ပျက်စီးသွားခဲ့ရပါတယ်။

၂၀၂၁ခုနှစ် စစ်တပ်က အာဏာမသိမ်းခင်က လွတ်လွတ်လပ်လပ် ပညာသင်ကြားခွင့်ရခဲ့တဲ့ ကရင်နီ ကလေးငယ် အများစုဟာ အာဏာသိမ်းပြီးနောက် စစ်ရှောင်အနေနဲ့ တောကြိုတောင်ကြားမှာ တာလပတ်အမိုးတွေနဲ့ မပြည့်စုံမှုတွေအကြား အများစုက ပညာသင်ကြားနေရပါတယ်။

ပညာရေးကို ခက်ခက်ခဲခဲသင်ယူနေကြရတဲ့အပြင် စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ၊ ကင်းထောက်ဒရုန်းတွေနဲ့ တိုက်လေယာဉ်တွေ မကြာခဏပျံဝဲနေတဲ့အတွက် စစ်ရှောင်တွေဟာ လေယာဉ်သံကို အမြဲနားစွင့်ပြီးသတိနဲ့ နေနေကြရတာပါ။

လေကြောင်းရန်ကို ကာကွယ်ဖို့ စစ်ရှောင်တွေဟာ ကိုယ်နည်းကိုယ်ဟန် ဗုံးခိုကျင်းတူးတာအပြင် တချို့မှာ ညအချိန် တောစပ်ထဲ တိမ်းရှောင်ခိုလှုံကြတာလည်း ရှိပါတယ်။ ဒီလိုအန္တရာယ်ကြားကနေ တချို့မိဘတွေဟာ သူတို့ရဲ့ သားသမီးတွေကို ကျောင်းတွေကိုမပို့ချင်တာ၊ မထားချင်တော့တဲ့အထိဖြစ်တာ ရှိနေပါတယ်။

အထူးသဖြင့် ဒေါဆီးအီ အလယ်တန်းကျောင်းနဲ့ လွိုင်နန်းဖ အထက်တန်းကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ် ဗုံးကြဲခဲ့တဲ့ ဖြစ်စဥ်ဖြစ်ပွားပြီးနောက်ပိုင်းမှာပါ။

“ကျနော်တို့ ကလေးကို ပေးမသွားချင်တော့ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆို ကလေးတွေ အသက်အန္တရာယ်ကို စိုးရိမ်ရတယ်။” လို့ ကျောင်းသားဖခင်တဦးဖြစ်တဲ့ ဦးနီက ပြောပါတယ်။

ဦးနီဟာ ကျောင်းနေအရွယ် သားသမီး ၄ ယောက်ရှိပြီး လက်ရှိ သားသမီးတွေကို စာသင်ကျောင်းကို မလွှတ်တော့ဘဲ ဆရာမအိမ်မှာ အတန်းပြီးဆုံးသည့်အထိ စာသင်ခိုင်းနေတယ်လို့ ဆိုပါတယ်။

လက်ရှိ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ဆရာမအိမ် (ဒါမှမဟုတ်) အဆင်ပြေနိုင်တဲ့ ကျောင်းသားမိဘရဲ့ နေအိမ်တွေမှာ သက်ဆိုင်ရာအတန်းတွေနဲ့ သင်ခန်းစာပြီးဆုံးသည်အထိ အဆင်ပြေသလို သင်ကြားနေရတာပါ။

စာသင်ကျောင်းမှာလို စာသင်ရတာမဟုတ်တဲ့အတွက် မပြည့်စုံမှုတွေများတယ်လို့ အသက် ၁၁ နှစ်အရွယ် ၅ တန်းကျောင်းသူ မေရီက ပြောပါတယ်။

“ဟို စာသင်ကျောင်းမှာသင်တုန်းကလေ ထိုင်ခုံဆိုကောင်းကောင်းလေး ထိုင်ရတယ်ပေါ့။ ဒီမှာသင်ဆိုလေ သစ်တွေ၊ ဝါးတွေဘဲ ထိုင်ရတယ်လေ။ အဲ့ဆို သစ်၊ ဝါးတွေနဲ့ ထိုင်တာ မကောင်းဘူးလေ။ စာအုပ်၊ ဘောပင်၊ ခဲတံတွေ လုံလုံလောက်လောက်မရှိဘူး။” လို့ မေရီက ပြောပါတယ်။

သည်လို တိုက်ပွဲတွေကြားမှာ စာသင်ရတဲ့ဘ၀မို့ ကျောင်းနေအရွယ် ကလေးတွေဟာ ပညာရေးကို ပြတ်တောက်ပြတ်တောက် နဲ့ သင်ကြားနေရသလိုဖြစ်နေတယ်လို့ ဦးနီက ပြောပါတယ်။

“အကြောင်းမျိုးမျိုးကြောင့် စစ်ပွဲဖြစ်လာတဲ့ချိန်ဆို ပြန်နားလိုက် ပြန်တက်လိုက်တော့ ကလေးအတွက် အဟန့်အတားဖြစ်တယ်ပေါ့နော်။ နားလိုက် သင်လိုက်နဲ့ ကလေးက စာနဲ့ကင်းဝေး စာနဲ့ဝေးသွားတယ်ပေါ့။” လို့ ဦးနီက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတွေရဲ့ ပညာရေးကို များစွာထိခိုက်စေတဲ့အပြင်၊ နောက်ဆက်တွဲအနေနဲ့ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကြောင့် စာကို စိတ်ဝင်စားမှု မရှိကြတော့တာများတယ်လို့ ဒေါဆီးအီကျောင်းမှာ စာသင်ပေးခဲ့တဲ့ဆရာမတဦးက ဆိုပါတယ်။

“ကလေးတွေက စိတ်ဝင်စားမှုနည်းသွားတယ်ပေါ့နော်။တခါတလေ လေယာဉ်သံက ကိုယ့်ဆီလာမလား ဆိုပြီး စာကိုစိတ်မဝင်စားကြတော့ဘူး။ ဘယ်အချိန် အန္တရာယ်ပြုလာမလဲဆိုတာကိုပဲ သူတို့က စိတ်ပူနေကြတာပေါ့နော်။ တခါကျတော့ သူတို့စာသင်ချင်တယ်။ ဒါပေမဲ့ အဲဒီအန္တရာယ်ကြားကနေ သူတို့က စိတ်နှစ်ခွဖြစ်ကုန်တာပေါ့” လို့ ဆရာမက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေဟာ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို စာသင်တဲ့နေရာ၊ ဘုရားဝတ်ပြုတဲ့နေရာမဟုတ်ဘဲ လေယာဉ်နဲ့ဗုံးကြဲတဲ့နေရာ၊ မလုံခြုံတဲ့နေရာအဖြစ် မှတ်ယူလာကြတယ်လို့ မိဘတွေက ပြောပါတယ်။

ကျောင်းသူလေး မေရီက သူစာသင်နေတုန်း လေယာဉ်လာဝဲဖူးတဲ့အကြောင်းကို အခုလို ပြန်ပြောပြပါတယ်။

“ လာဖူးတယ်။ ကြောက်တယ် နောက်ပြီးတော့ ပုန်းတယ်လေနော်။ သူငယ်ချင်းတွေကလေ ငိုတယ်လေ အဲ့လိုမျိုး။ ငိုချင်တဲ့စိတ်ပေါ့နော် အဲ့လိုမျိုးဖြစ်တယ်”လို့ ပြောပါတယ်။

“ကလေးတွေက စာသင်ကျောင်းကိုသွားဖို့ကြောက်နေတယ်။ စာသင်ကျောင်းဆိုတာ စာသင်တဲ့နေရာမဟုတ်ဘူး လေယာဉ်ဗုံးကြဲတဲ့နေရာ။ ဒါကြောင့် ကျောင်းတက်ဖို့ ကြောက်နေကြတယ်” လို့ ကရင်နီပြည်နယ်အတွင်းက စစ်ရှောင်ကူညီသူ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။

သုံးနှစ်နီးပါး စစ်ဘေးရှောင်နေကြရတဲ့ ကရင်နီပြည်က ကလေးငယ်တွေဟာ နေ့စဉ်ရက်ဆက် လေယာဉ်သံ ၊ လက်နက်ကြီးသံတွေကြောင့် ပညာရေးအပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုလည်း ခံစားနေကြရတယ်လို့ သူက ပြောပါတယ်။

“ကားသံ စက်သံကြားရင်လည်း လေယာဉ်သံ လက်နက်ကြီးသံပဲထင်ပြီး ပြေးပုန်းနေကြတဲ့ ကလေးရှိတယ်။ တချို့ကလေးတွေဆို ကြောက်လွန်းလို့ ငိုပြီး သေးပေါက်ချတဲ့အထိ စိတ်ဒဏ်ရာရတဲ့ ကလေးရှိတယ်”လို့ သူက ဆိုပါတယ်။

ကလေးတချို့ဟာ ညဘက်အိပ်ဖို့ကြောက်လာပြီး အိပ်မက်မက်ရင်း ထငိုသူတွေ၊ ညဘက်မှာ အသံတခုခုကြားတာနဲ့ ခန္ဓာကိုယ်တုန်လာတဲ့အထိ ကြောက်ကြတာတွေလည်း တွေ့ဖူးတယ်လို့ သူက ဆက်ပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်)ရဲ့ လက်လှမ်းမှီသလောက် ပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၂၀ ဦးသေဆုံးခဲ့ရပြီး အဲဒီထဲမှာ ၁၈ နှစ်အောက် ကလေး ၇ ဦး ပါဝင်နေပါတယ်။

ဒါ့အပြင် ၃ နှစ်တာအတွင်း ကရင်နီမှာ လေကြောင်းအပါအဝင် စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ အခြားသတ်ဖြတ်ခံရမှုတွေမှာ ကလေးငယ် ၄၉ ဦးအထိ ရှိနေပါတယ်။

ကလေးတွေ သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ စစ်ရှောင်စခန်းတွေနဲ့ စာသင်ကျောင်းလို နေရာမျိုးတွေပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း။ (ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်))

ဒေါဆီးအီ စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားခဲ့တဲ့ မောင်ခရစ္စတိုဖာရဲ့ ဖခင် ဦးမောင်လေးကတော့ စာသင်ကျောင်းကိုပစ်မှတ်ထား ဗုံးကြဲလိမ့်မယ်လို့ မထင်ထားခဲ့တဲ့အတွက် သူ့သားရှိတဲ့ ကျောင်းကို လေယာဥ်ဗုံးကြဲတဲ့အချိန်မှာ လယ်ကွင်းကနေ ကြည့်နေမိခဲ့တယ်လို့ ပြန်ပြောပါတယ်။

ကလေးတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ဘေးကင်းလုံခြုံရေးတွေကို ဂျီနီဗာကွန်ဗန်းရှင်းနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ညီလာခံသဘောတူညီချက်အရ အကာအကွယ်ပေးရမယ့် ပြဋ္ဌာန်းချက်တွေ၊ ဥပဒေတွေ ရှိနေပေမယ့်လည်း စစ်ကောင်စီတပ်ဟာ ကလေးတွေရှိတဲ့ စာသင်ကျောင်းတွေလိုနေရာမျိုးကို နောက်ပိုင်းမှာ ပစ်မှတ်ထား တိုက်ခိုက်လာပါတယ်။

ဒီလိုပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် ကလေးတွေရဲ့ ပညာသင်ကြားခွင့်ကို များစွာ ဆုံးရှုံးစေပြီး နိုင်ငံတကာအနေနဲ့ အပြစ်မဲ့ပြည်သူတွေအပါအဝင် ကလေးငယ်တွေကိုကာကွယ်နိုင်ဖို့ စစ်မဲ့ဇုန်ကို သတ်မှတ်ပေးစေချင်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ပညာရေးဌာနမှ ဌာနမှူးကြီး မော်မီးမာက ပြောပါတယ်။

“ ကလေးတွေပညာရေးကတော့ အများကြီးထိခိုက်တယ်ပေါ့နော်။ ရုပ်ပိုင်းဆိုင်ရာမှာပဲ သေဆုံးသွားတာရှိသလို၊ ထိခိုက်ဒဏ်ရာရတာရှိသလို အဓိကတော့ စိတ်ပိုင်းဆိုင်ရာပေ့ါနော်။ ဒီလိုခြေနေပေါ်မှာ ဖြစ်သွားတာရှိတယ် ရုတ်တရက် ဒီလို ပစ်ခတ်မှုတွေ၊ ဗုံးကြဲမှုတွေဖြစ်တဲ့ခါကျတော့ အချိန်တိုအတွင်းမှာ ပြန်လည်ကုသဖို့က မလွယ်ဘူးပေါ့နော်” လို့ မော်မီးမာ ပြောပါတယ်။

ကလေးတွေ ပညာရေးမှာ စိတ်ဝင်စားမှု ဆက်လက်ရှိစေဖို့၊ အာရုံစိုက်နိုင်ဖို့ အချိန်အများကြီး ယူရဦးမှာဖြစ်ပြီး၊ ပြည်သူလူထုနဲ့ ကလေးတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့ စစ်ကောင်စီကို လုံးဝရှုံ့ချတယ်လို့ သူက ဆက်ပြောပါတယ်။

“ခုက စစ်အစိုးရက စကစ က မြေပြင်စစ်ကို အနိုင်မတိုက်နိုင်တောတဲ့အခါမှာ ပြည်သူလူထု ကလေးတွေကိုပါ ပစ်မှတ်ထားလာတဲ့ အနေအထားကို သတိထားလာရတယ်ပေါ့နော်။ ဆိုတော့ ဒီအပေါ်မှာလည်း ကျမတို့အနေနဲ့ ပညာရေးရဲ့ ကလေးတွေရဲ့ အခွင့်အရေး၊ ပညာရေးလွတ်လပ်ခွင့်တွေ ရှုတောင့်ကနေကြည့်မယ်ဆိုလို့ရှိရင်လည်း ဒါက လုံးဝဖြစ်သင့်တဲ့အရာတွေဖြစ်တယ်”

ကရင်နီပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်ထူကိုယ်ထကျောင်းအပါအဝင် ကျောင်းပေါင်း ၄၀၀ ကျော်ရှိပြီး ကျောင်းသားပေါင်း လေးသောင်းဝန်းကျင်ရှိတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ စာရင်းအရ သိရပါတယ်။

လက်ရှိမှာ သားသမီးတွေကို ကျောင်းမလွှတ်သေးဘဲ ဆရာမအိမ်မှာပဲ စာသင်ခိုင်းထားတဲ့ ဦးနီကတော့ သူ့သားသမီးတွေရဲ့ လုံခြုံရေးအတွက် အစီအစဥ်တွေလုပ်ထားတယ်လို့ ဆိုပါတယ်။

“ဖြစ်ခဲ့တဲ့ဟာမျိုး ကျောင်းမှာလာပစ်မှာလား..။ စာသင်တဲ့နေရာကို လာပစ်မှာလား.. ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့လည်း မိဘက အနီးကပ် ပြုစု စောင့်ရှောက်ပေးတယ်ပေါ့နော်။ (လေယာဉ်) လာလို့ဆိုရင်တော့ ကလေးကို ဟိုပြေးဒီပြေး လုပ်ဖို့။ အဲ့လိုမျိုးတော့ စီစဉ်ပေးဖို့ပေါ့ ”

spot_img
spot_img

Recent posts